ခြင်္သေ့ပြာတို့ ဥရောပ ဂိုး ၅၀၀ ပြည့်မြောက်ခဲ့တဲ့ မယ်လ်မို ၀ – ၁ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

 

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ မှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ အုပ်စု H ရဲ့ အလွယ်ဆုံး အသင်း ဖြစ်တဲ့ ဆွီဒင် အမှတ်ပေး ချန်ပီယံ မယ်လ်မို အသင်း ကို ဒုတိယပိုင်းမှာ ရခဲ့တဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ ၊ ၁၆သင်း အဆင့်သို့ တက်ရောက်ဖို့ နီးစပ်မှု ရှိလာပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

အိမ်ရှင် အသင်းရဲ့ ဂိုးပေါက် တည့်မတ်မှု တကြိမ်မှ မရှိခဲ့ခြင်းကြောင့် ၊ မန်ဒီ အတွက် အလုပ် နည်းခဲ့ရတဲ့ ပွဲတပွဲသာ ထပ်ဖြစ်ခဲ့ပြီး ၊ ထုံးစံ အတိုင်း Clean Sheet တခါ ထပ်ရသွားခဲ့တာ ဖြစ်ပါတယ် ။

နောက်တန်း – သီယာဂို ဆေးလ်ဗား ( Rating – 7 ) ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

အိမ်ရှင် ပရိသတ်တွေကြောင့် စိတ်ဓာတ်ပိုင်း အရ အတိုင်းအတာ တခု အထိ လုပ်ပြချင်ခဲ့တဲ့ မယ်လ်မို အသင်းရဲ့ တန်ပြန် တိုက်စစ် ထိုးဖောက်မှု အချို့ကို ထိန်းချုပ်ခဲ့ရတာက လွဲရင် ၊ ဒီပွဲဟာ နယူးကာဆယ်နဲ့ ပွဲနဲ့ ဘာမှ ခြားနားမှု မရှိခဲ့ပါဘူး ။

ခရစ်တန်ဆန် ဆိုရင် ပထမ အကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တုန်းကလိုပဲ ၊ ခံစစ်မှာ အချိန်ကုန်ရတာ နည်းခဲ့လို့ ၊ ပွဲချိန် အချို့မှာ တိုက်စစ် အထိ တက်ကစားခဲ့ပြီး ၊ ကိုယ်တိုင်လည်း ဂိုးပေါက် ကန်သွင်းမှု ၂ကြိမ်လောက် လုပ်နိုင်ခဲ့ပြီး ၊ ခံစစ် စွမ်းဆောင်ရည်မှာလည်း အမှားအယွင်း လုံးဝ ကင်းခဲ့ပါတယ် ။

အလားတူ ရူဒီဂါ ကတော့ overlap တက်ပြီး ၊ ပြန်ဆင်းဖို့ နှေးကွေးနေခဲ့တဲ့ မားကို့စ် အလွန်ဆိုကြောင့် ခရစ်တန်ဆန်လောက် တိုက်စစ်ကို တက်ကစားခြင်း မရှိပေမယ့် ၊ မယ်လ်မို တိုက်စစ် ကစားသမားတွေ အတွက် ကျော်ဖြတ်ဖို့ မဖြစ်နိုင်သလောက် ရှိခဲ့တဲ့ ခံစစ် တံတိုင်းသဖွယ် ရပ်တည်ခဲ့ပါတယ် ။

အိမ်ရှင် အသင်းရဲ့ အဝေးဘော ပေးပို့မှုတွေကို အခက်အခဲ မရှိ တားဆီးပြနိုင်ခဲ့တဲ့ သီယာဂို ဆေးလ်ဗား ဟာ ဒီပွဲမှာလည်း သူ့ရဲ့ ပုံမှန် ကစားပုံကို ထပ်မံ ပြသသွားခဲ့ပြီး ၊ နယူးကာဆယ်နဲ့ ပွဲကလို အလုပ် အများကြီး လုပ်စရာ မလိုခဲ့ပါဘူး ။

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ ဂျော်ဂျင်ဟို ( Rating – 7 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 8 ) ၊ မားကို့စ် အလွန်ဆို ( Rating – 6 )

နောက်ဆုံး ၂ပွဲဆက် မပါဝင်ထားလို့ ၊ ကလပ် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာရဲ့ ပထမပိုင်း က ကစားပုံ ဟာ အနည်းငယ် လေးလံမှု ရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာတော့ နည်းစနစ် အပြောင်းအလဲ တချို့ လုပ်ခဲ့တဲ့ နည်းပြ သောမတ်စ် တူချယ်ကြောင့် ညာခြမ်း တိုက်စစ်မှာ ပိုပြီး ပံ့ပိုးမှု လုပ်နိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ ၄င်းဟာ ပထမဆုံး ဂိုးပေါက် တည့်အောင် ကန်သွင်းနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ။

ဘယ် wing-back မှာတော့ မားကို့စ် အလွန်ဆို ဟာ သာမန် စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပြီး ၊ ပွဲချိန် အချို့မှာ အိမ်ရှင်ရဲ့ press ကစားပုံအောက် က လွတ်မြောက်နိုင်ဖို့ ရုန်းကန်ခဲ့ရသလို ၊ ပင်နယ်တီ ဧရိယာထဲမှာ လိုအပ်ရင် အဆုံးသတ် ဂိုးသွင်းပေးဖို့ အသင့်ရှိခဲ့ပေမယ့် ၊ ဖန်တီးမှုအား အရမ်း နည်းခဲ့ပါတယ် ။

ကွင်းလယ် အတွဲမှာတော့ ဘောလုံး ကိုင်ကစားပုံ ကောင်းခဲ့တဲ့ ဂျော်ဂျင်ဟိုနဲ့ လော့ဖ်တပ်စ်ချိခ် တို့ကြောင့် ချဲလ်ဆီးတို့ ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော် ရခဲ့သလို ၊ ဘောလုံး ဖြန့်ဝေမှုတွေ မကြာခဏ လုပ်နိုင်ခဲ့တာကြောင့် ဂိုးပေါက် ကန်သွင်း ခြိမ်းခြောက်မှု ၂၂ကြိမ် အထိ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ ထုံးစံ အတိုင်း ပွဲထိန်းချုပ်နိုင်မှု စွမ်းရည်ကို ပြသသွားခဲ့ပြီး ၊ လော့ဖ်တပ်စ်ချိခ် ကတော့ တပွဲထက် တပွဲ ပိုတိုးတက်လာတဲ့ ကစားအားကို ပြသသွားခဲ့ကာ ၊ တဦးချင်း အလိမ်အခေါက် ၊ ထိုးဖောက်မှု အတိုင်းအတာ အရ ဒီရာသီ ဒီပွဲဟာ ၄င်းရဲ့ အကောင်းဆုံးပွဲ ဖြစ်ခဲ့ပါတယ် ။

တိုက်စစ် – ဟာကင် ဇီယက်ခ်ျ ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 8 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 )

ခြေစွမ်းမပြနိုင်တာ ကြာပြီ ဖြစ်တဲ့ ဇီယက်ခ်ျ အတွက်တော့ ဒီပွဲမှာ ရသွားတဲ့ ဂိုးကြောင့် ခါတိုင်းထက် ပိုပြီး ယုံကြည်မှု မြင့်မားလာဖို့ သေချာနေပါပြီ ။ ထုံးစံအတိုင်း ကြိုးစားမှုနဲ့ လုပ်အား ရှိခဲ့ပေမယ့် ၊ ဇီယက်ခ်ျ မှာ တခုခုနဲ့ အံဝင်ဖို့ လိုအပ်နေဆဲ ဖြစ်ပေမယ့် ၊ ဂိုးသွင်းနိုင်ဖို့ ၄င်းရဲ့ နေရာပုံတွေကတော့ တိုးတက်မှုတွေ ရှိနေပါတယ် ။

ပထမပိုင်း အလွန်ဆိုနဲ့ တွဲကစားခဲ့ရတဲ့ အိုဒွိုင်း ဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ၊ ဒုတိယပိုင်း ညာတောင်ပံ ရောက်မှ တိုက်စစ်မှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရခဲ့ပါတယ် ။ တလုံးတည်းသော အနိုင်ဂိုး အတွက် ဖန်တီး ပေးနိုင်ခဲ့သလို ၊ link-up play တွေ အရမ်း အားကောင်းလာတာကို တွေ့ရပါတယ် ။

အနိုင်ဂိုး အတွက် အိုဒွိုင်းနဲ့ one-two pass လုပ်ပေးနိုင်ခဲ့တဲ့ ဟာဗက်ဇ် သာ အဆုံးသတ် မညံ့ခဲ့ရင် ဒီပွဲမှာ ချဲလ်ဆီးတို့ တဂိုးထက် ပိုပြတ်တဲ့ နိုင်ပွဲ ရခဲ့မှာ သေချာပါတယ် ။ သို့ပေမယ့်လည်း နောက်ဆုံး ၅ပွဲဆက် False 9 နေရာမှာ အခက်အခဲ မရှိ ကစားပေးနိုင်ခဲ့ခြင်း အတွက်တော့ ယင်း ဂျာမန် ကြယ်ပွင့်ကို ချီးကျူးရမှာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမားများ – ရော့စ် ဘာကလေ ၊ ခရစ်တီယန် ပူလီဆစ် ( Rating – 6 )

SPORTS MYANMAR