ခြင်္သေ့ပြာတို့ အတွက် ၂မှတ် ဆုံးရှုံးခဲ့တာထက် ပိုနစ်နာစရာကောင်းခဲ့တဲ့ ချဲလ်ဆီး ၁ – ၁ ဘန်လေပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း ဟာ တန်းဆင်းဇုန်မှာ နိုင်ပွဲ တပွဲသာ ရှိသေးတဲ့ ဘန်လေ အသင်းကို တပွဲလုံးနီးပါး တဖက်သတ် ခြယ်လှယ် ကစားခဲ့ပေမယ့် ၊ ပွဲပြီးခါနီး သတိပေါ့လျော့မှုကြောင့် ချေပဂိုး ပေးခဲ့ရကာ ၊ အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရပါတယ် ။ ထိုပွဲအပြီး ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 6 )

ပေးခဲ့ရတဲ့ ချေပဂိုး ဟာ လွတ်လွတ်ကျွတ်ကျွတ် အနေအထား ရှိခဲ့တာကြောင့် ၊ မန်ဒီလည်း ဘာမှမတတ်နိုင်ခဲ့သလို ၊ အခြား ပွဲချိန်တွေမှာ ဧည့်သည်ဖက်က ဘာထိုးဖောက်မှုမှ မည်မည်ရရ မရှိခဲ့လို့ ၊ ၄င်းအတွက် ထူးထူးခြားခြား ကာကွယ် တားဆီးခဲ့ရတာမျိုး မလုပ်ခဲ့ရပါဘူး ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 7 )

ချေပဂိုး ပြန်မပေးရခင် အထိ ခံစစ်ကြောင်း က ကျစ်လျစ်မှု ရှိခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ၊ open play ကနေ ဒီရာသီ ပထမဆုံး ပေးဂိုး ခွင့်ပြုလိုက်ရတာ က ခံစစ်မှာ ပေါ့လျော့မှု နည်းနည်းပါးပါး ရှိနေသေးတယ် ဆိုတာကို ပေါ်လွင်စေခဲ့ပါတယ် ။

ဘန်လေဖက်က လူစားလဲမှုတွေ မလုပ်ခင်က တိုက်စစ် အတွဲ ဖြစ်တဲ့ ခရစ်ဝုဒ် – မက်စ်ကော်နေး အတွဲကို ချဲလ်ဆီး ခံစစ်က ကောင်းကောင်း ထိန်းနိုင်ခဲ့ပေမယ့် ၊ လူစားဝင်လာတဲ့ ဂျေးရိုဒရီဂွက်ဇ်နဲ့ ဗစ်ဒရာတို့ အတွဲရဲ့ လှုပ်ရှားမှုကိုတော့ ၄င်းတို့ အငိုက်မိခဲ့ရပါတယ် ။

ခရစ်တန်ဆန်ဆိုရင် ဘန်လေရဲ့ ချေပဂိုးကို ဖန်တီးခဲ့တဲ့ ဂျေးရိုဒရီဂွက်ဇ်ကို လိုက်လံ marking ကပ်ဖို့ မေ့နေခဲ့သလို ၊ ရူဒီဂါဟာလည်း ချေပဂိုးသွင်းရှင် ဗစ်ဒရာကို အချိန်မှီ ပိတ်ဆို့နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လူကျွံ ထောင်ချောက် တည်တဲ့ နေရာမှာလည်း timing မကိုက်ခဲ့တာကြောင့် ၊ ပေါ့ပေါ့ပျက်ပျက် ပေးခဲ့ရတဲ့ ဂိုးတဂိုးလို့ ဆိုရမှာ ဖြစ်ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 9 ) ၊ ဂျော်ဂျင်ဟို ( Rating – 8 ) ၊ အန်ဂိုလို ကန်တေ ၊ ဘန်ချေဝဲလ် ( Rating – 7 )

တပွဲထက် တပွဲ ပိုကောင်းလာတဲ့ ရိစ်ဂျိမ်းစ် ဟာ မနေ့ည က ပွဲမှာရော ၊ လက်ရှိ ချဲလ်ဆီး အသင်းမှာပါ အကောင်းဆုံး ကစားသမား ဖြစ်နေတယ်လို့ ဆိုရင် မှားနိုင်မယ် မထင်ပါဘူး ။ ကိုင်ဟာဗက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးမှာ ၄င်းရဲ့ ဖန်တီးမှု က အံ့မခန်း သေသပ် လှပခဲ့ပြီး ၊ ကိုယ်တိုင်လည်း ဂိုးပေါက် ခြိမ်းခြောက်မှု အချို့ လုပ်နိုင်ခဲ့ပါတယ် ။

အိုဒွိုင်းနဲ့ ဘာကလေ တို့သာ အဆုံးသတ် သေချာခဲ့ရင် ၊ ရိစ်ဂျိမ်းစ် ဟာ မနေ့ည က ပွဲမှာ ဟက်ထရစ် ဂိုးဖန်တီးမှုတောင် ရနိုင်ခြေ ရှိခဲ့ပါတယ် ။ တဖက် ဘယ် wing-back နေရာက ဘန်ချေဝဲလ် ကတော့ သာမန် စွမ်းဆောင်ရည်လောက်သာ ပြသနိုင်ခဲ့ပေမယ့် ၊ အမှားအယွင်း ကင်းခဲ့တာကို တွေ့ရပါတယ် ။

ကွင်းလယ် အတွဲမှာတော့ ရူဘင် လော့ဖ်တပ်စ်ချိခ်ကို အရန်ခုံ ပြန်ပို့ပြီး ၊ အန်ဂိုလို ကန်တေကို ပွဲပြန်ထုတ်ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက် က အနည်းငယ် အံ့သြစရာကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ဂိုးများများ မပေးရဖို့ သရေလောက် ခံကန်ဖို့သာ ရည်ရွယ်ထားတဲ့ ဘန်လေနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာ တိုက်စစ် အတွက် ရနိုင်သလောက် ပံ့ပိုးမှုတွေ ချဲလ်ဆီး အသင်း လိုအပ်ခဲ့ပါတယ် ။

 

ဒီနေရာမှာ ကန်တေ ဟာ လော့ဖ်တပ်စ်ချိခ်လောက် ပံ့ပိုးမှုတွေ မလုပ်ပေးနိုင်ခဲ့ပါဘူး ။ သို့ပေမယ့် ဘောလုံး ဆုံးရှုံးတဲ့ အချိန်မှာတော့ ၄င်းဟာ ထုံးစံအတိုင်း လုပ်အား ၊ ကစားအားနဲ့ တိကျတဲ့ ဖြတ်တောက်မှုတွေ ပြသနိုင်ခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ကတော့ ကန်တေထက် ကစားကွက် တည်တဲ့ နေရာမှာ အားထားခဲ့ရပြီး ၊ ဘန်လေ ကွင်းလယ်ကို တဦးတည်းနဲ့ သက်တောင့်သက်သာ ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ် ။

တိုက်စစ် – ရော့စ် ဘာကလေ ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ကိုင်ဟာဗက်ဇ် ( Rating – 7 )

နယူးကာဆယ် ကို ၃ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲထက် ချဲလ်ဆီး ဟာ မနေ့ည က ပွဲမှာ သိသိသာသာ ပြိုင်ဖက်ကို လွှမ်းမိုး ခြယ်လှယ်နိုင်ခဲ့သလို ၊ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၅ကြိမ် အထိ ရှိခဲ့ပေမယ့် ၊ တိုက်စစ် က အဆုံးသတ် မသေချာမှု ဟာ နိုင်ပွဲရဖို့ လုံလောက်ခြင်း မရှိခဲ့ပါဘူး ။

ပထမပိုင်းမှာ ခေါင်းတိုက်ဂိုးကနေ တဆင့် ပွဲကို ဦးဆောင်နိုင်အောင် ကူညီပေးခဲ့တဲ့ ဟာဗက်ဇ် က အစ ၊ ဂိုးသွင်းခွင့်တွေ တကြိမ်ပြီး တကြိမ် ဖြုန်းတီးခဲ့တဲ့ ဘာကလေ အထိ အသင်းလိုက် ကစားပုံတော့ ကောင်းခဲ့ပါတယ် ။ ဘန်လေ က ချေပဂိုး မရခင် အချိန်မှာ ချဲလ်ဆီးတို့ မနေ့ည က ပွဲမှာ ၄ဂိုးပြတ်လောက် နိုင်ဖို့ ကောင်းခဲ့တဲ့ အထိ ပွဲအခြေအနေ က ပြတ်သားခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ရူဘင် လော့ဖ်တပ်စ်ချိခ် ( Rating – 6 ) ၊ ခရစ်တီယန် ပူလီဆစ် ၊ မေဆင်မောင့် ( N/A )

SPORTS MYANMAR