ခြင်္သေ့ပြာတို့နဲ့ အတွေ့မှာ အိုးလေဒီတို့ သမိုင်း တလျှောက် အုပ်စုတွင်း ဂိုးအပြတ်ဆုံး ရှုံးပွဲ ကြုံခဲ့ရတဲ့ ချဲလ်ဆီး ၄ – ၀ ယူဗင်တပ် ပွဲမှ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ဗိုလ်လုဖက် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ ယူဗင်တပ်တို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရာ ၊ အိမ်ရှင်တို့ ပွဲကို စိုးမိုး ခြယ်လှယ် ကစားခဲ့ပြီး ၊ ၄ဂိုးပြတ် အနိုင်ရလဒ်နဲ့ အတူ ပထမ အကျော့ တူရင် က ရှုံးကြွေးကို အပြည့် ပြန်ဆပ်နိုင်ခဲ့ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ ကစားသမား ဘဝ တလျှောက် ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ခွင့်နဲ့ သွင်းဂိုး ရရှိဖို့ ထိုက်တန်ခဲ့တဲ့ ထရက်ဗာ ချာလိုဘာ

ဒီနှစ် ဘောလုံး ရာသီမှာမှ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ စင်တင်ပေးမှုကြောင့် ၊ အရောင် တောက်လာတဲ့ ချဲလ်ဆီး အကယ်ဒမီထွက် လူငယ် နောက်ခံလူ ထရက်ဗာ ချာလိုဘာ ဟာ ပရီးမီးယားလိဂ် မှာ ပွဲအတော်အသင့် ကစားခွင့် ရရှိထားပြီး ဖြစ်ကာ ၊ မနေ့ည က ပွဲမှုလည်း ၎င်းဟာ တူချယ်ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိခဲ့ပြန်ပါတယ် ။

ဒါဟာ ၎င်းအတွက် ပထမဆုံး ချန်ပီယံလိဂ် ပွဲထွက်ခွင့်လည်း ဖြစ်သလို ၊ ယူဗင်တပ်ဖက်ကို volley ကန်သွင်းကာ ၊ ပထမဆုံး ချန်ပီယံလိဂ်ဂိုး ရအောင် စွမ်းဆောင်နိုင်ခဲ့တာကိုလည်း ၊ ထရက်ဗာ ချာလိုဘာ တယောက် ကစားသမား ဘဝ တလျှောက် မေ့လို့ ရတော့မှာ မဟုတ်ပါဘူး ။

ချဲလ်ဆီးဖက်က ကြည့်ရင်တော့ ချာလိုဘာ ဟာ နောက်ထပ် ပေါင်သန်း ၄၀ ၊ ၅၀ ထပ်သုံးစရာ မလိုပဲ ၊ အသင့် ခေါ်ယူထားတဲ့ နောက်ခံလူ တဦး အနေနဲ့ နှစ်များစွာ ဆက်လက် ရပ်တည်ပေးနေတော့မှာ ဖြစ်ပြီး ၊ ၄နှစ်ခွဲ စာချုပ် က ၎င်းရဲ့ ချဲလ်ဆီး အပေါ် သစ္စာ စောင့်သိမှုကို ဖော်ညွှန်းနေပါတယ် ။

၂ ။ တိုက်စစ်မှူးနဲ့ ဖန်တီးရှင်တွေရဲ့ တာဝန်ကို ပူးတွဲ ယူပေးနေတဲ့ ခံစစ်

ဒီနှစ် ရာသီ သွင်းဂိုး ပါဝင် ပတ်သက်မှုနှုန်း အကြိမ် ၂၀ ဝန်းကျင် ရှိထားတဲ့ ချဲလ်ဆီး ခံစစ် ဟာ တိုက်စစ်ထက် ပိုပြီး အားထားရတဲ့ အင်ဂျင် တလုံး အဖြစ် ရပ်တည်နေပါတယ် ။ မနေ့ည က ပွဲမှာလည်း နောက်ခံလူတွေရဲ့ အရေးပါမှု ကို ထပ်မံ မြင်တွေ့ခဲ့ရပြီး ၊ အဖွင့် ၂ဂိုးမှာ နောက်ခံလူတွေ တိုက်ရိုက် သွင်းဂိုး ပါဝင် ပတ်သက်ခဲ့ပါတယ် ။

ဒါ့အပြင် ဂိုးအသီးသီး ရခဲ့တဲ့ ထရက်ဗာ ချာလိုဘာ နဲ့ ရိစ်ဂျိမ်းစ်တို့ရဲ့ အဆုံးသတ် ကန်သွင်းချက်တွေဟာလည်း ကြောက်ခမန်းလိလိ တိကျ သေသပ်မှု ရှိခဲ့ပြီး ၊ ကမ္ဘာ့ အဆင့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်မျိုးကိုလည်း ပြသနိုင်ခဲ့ကြပါတယ် ။

 

၃ ။ ခံစစ် တာဝန် အပေါ်မှာလည်း တစိုးတစိမှ လစ်ဟင်းမှု မရှိခြင်း

ယူဗီဖက်ကို ချာလိုဘာရဲ့ volley ဂိုးကနေ စပြီး ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ၊ ဒုတိယ ဦးဆောင်ဂိုး ရဖို့ တိုက်စစ်ဆင်ရင်း ၊ ပထမပိုင်း ပြီးခါနီး ၁၀ မိနစ် ဝန်းကျင် ၊ တန်ပြန် တိုက်စစ်က တဆင့် အယ်လ်ဗာရို မိုရာတာ ရဲ့ ဂိုးသမားကို ကျော်ထည့်တဲ့ အဆုံးသတ်မှုကို ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား က ဂိုးစည်းပေါ်ကနေ ရွပ်ရွပ်ချွံချွံ ရှင်းထုတ်ပစ်နိုင်ခဲ့ပါတယ် ။

ပွဲချိန် အများစုမှုလည်း ချဲလ်ဆီး ခံစစ် ဟာ တိုက်စစ်ကို ဘယ်လောက်ပဲ ပံ့ပိုးပေးတယ်ပဲ ပြောပြော ၊ ခံစစ် အမှားနည်းဖို့ ကို အဓိက အာရုံထားတယ် ဆိုတာ ငြင်းစရာ မရှိနိုင်ပါဘူး ။ ဒါကြောင့် ဧည့်သည် ယူဗင်တပ်ကို ၎င်းတို့ အနေနဲ့ တပွဲလုံး တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

၄ ။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ပွဲဆက် ပွဲထွက်ခွင့် ရထားတဲ့ အိုဒွိုင်း

အကယ်ဒမီထွက် အသင်းဖော် တဦး ဖြစ်တဲ့ မေဆင်မောင့် ဒဏ်ရာနဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ပြဿနာတွေကြောင့် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ သောမတ်စ် တူချယ်ရဲ့ ဘယ်လက်ရုံး တာဝန်ကို ပြောင်းလွှဲ လက်ခံယူထားရတယ် ဆိုတာ နောက်ဆုံး ၇ပွဲဆက် ပွဲထွက်ခွင့် ရထားတာကို ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ် ။

မနေ့ည က ပွဲမှာလည်း အိုဒွိုင်း ဟာ ရူဘင် လော့ဖ်တပ်စ်ချိခ်ရဲ့ ပင်နယ်တီ ဧရိယာ အတွင်း အနီးကပ် ဖန်တီးပေးမှုကို အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့ကာ ၊ ပွဲထွက်ခွင့်နဲ့ ဘာကြောင့် ထိုက်တန်တယ် ဆိုတာကို ထပ်မံ ပြသနိုင်ခဲ့ပြန်ပါတယ် ။

၅ ။ ၄ဂိုးပြတ် နိုင်ပွဲ အကြား က ရင်မောစရာ

အုပ်စုတွင်း အနီးကပ် ပြိုင်ဖက်ကို ပြတ်ပြတ်သားသား နိုင်ခဲ့ခြင်း ဟာ ချဲလ်ဆီးနဲ့ သက်ဆိုင်သူတိုင်း အတွက် ဝမ်းသာ ကျေနပ်စရာ ဖြစ်ပေမယ့် ၊ ဒဏ်ရာ ပြဿနာ အသစ် ၂ခု ထပ်တိုးမယ့် အလားအလာကို ရင်ဆိုင်ရလိုက်တာကြောင့် ၊ တဖက်က ကြည့်ပြန်ရင်လည်း ဆုံးရှုံး နစ်နာမှု အချို့ ရှိနေပါတယ် ။

အထူးသဖြင့် အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ဟာ ပြင်းထန်မှု အတော်အသင့် ရှိတဲ့ ဒူးဒဏ်ရာကို ရခဲ့ပြီး ၊ အပြင်ပန်း ကြည့်ပုံ အရတော့ ၎င်းကို လာမယ့် Super Sunday မန်ယူနိုက်တက်နဲ့ ပွဲအတွက် လက်လွှတ်ရဖွယ် ရှိနေပါတယ် ။

ဒါ့အပြင် လတ်တလောမှာမှ ကြံ့ခိုင်မှု ပြန်ပြည့်ထားတဲ့ ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ ဟာ ပထမပိုင်း အတွင်း ဒဏ်ရာ အသေးစား တခု ရခဲ့ပုံ ပေါ်ပြီး ၊ တူချယ် ကလည်း ဒါကို အရဲထပ်မစွန့်ချင်တဲ့ အတွက် ပထမပိုင်း ပြီးခါနီးမှာ ၎င်းကို လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ် ။

SPORTS MYANMAR