ချဲလ်ဆီး ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ဆိုလာတဲ့ ယူဗီစတား

ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၅ မှာ အုပ်စုတွင်း အနီးကပ် ပြိုင်ဖက် ဖြစ်တဲ့ ယူဗင်တပ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၄ – ၀ ရလဒ်နဲ့ ဂိုးပြတ်ခြေပြတ် သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး ဟာ အိမ်ရှင် ယူဗင်တပ် ကို ဂိုးသွင်းခွင့် အသာ ၊ ဖန်တီးမှု အသာနဲ့ ဖိအားပေးနိုင်ခဲ့သလို ၊ ခံစစ်ကလည်း အပိုင် ကန်သွင်းခွင့် အနည်းငယ်သာ ခွင့်ပြုခဲ့ရပါတယ် ။ ဒီအတွက်ကြောင့် အင်္ဂလန်မှာ ယူဗင်တပ်တို့ ကြပ်တည်းခဲ့ရပြီး ၊ လက်ရှိ ဥရောပ ချန်ပီယံ ကို ဒူးထောက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ် ။

ဒီရာသီ ချန်ပီယံလိဂ် မှာ ပေးဂိုး ၁ဂိုးသာ ရှိထားတဲ့ ချဲလ်ဆီး အသင်းရဲ့ ခံစစ် ဟာ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး ဖြစ်သလို ၊ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဟာလည်း Clean Sheet ၅ကြိမ်နဲ့ အများဆုံး စွမ်းဆောင်ထားပါတယ် ။ တိုက်စစ်ကလည်း ၁၀ ဂိုး အထိ ရရှိထားကာ ၊ အုပ်စု အတွင်း အမြင့်ဆုံး အဖြစ် ရပ်တည်နေပါတယ် ။

အလားတူ ပရီးမီးယားလိဂ် မှာလည်း ချဲလ်ဆီး အသင်း ဟာ အမှတ်ပေးဇယား ကို ဆက်လက် ဦးဆောင်လျက် ရှိပြီး ၊ ဒုတိယ တိုက်စစ် အကောင်းဆုံး အသင်း ၊ ခံစစ် အကောင်းဆုံး အသင်း ၊ Clean Sheet အများဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ် ။

ယူဗင်တပ် အသင်းရဲ့ ပိုလန် လက်ရွေးစင် ဂိုးသမား ရှက်ဇနီ ကတော ၄င်းတို့ကို ဂိုးပြတ် ချေမှုန်းခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်သလို ၊ အနာဂတ်မှာ ၄င်းတို့ အနေနဲ့ ထိုအဆင့်အတန်း ကို အမှီလိုက်နိုင်ဖို့ လိုကြောင်းလည်း အသင်းဖော်တွေကို အခုလိုပဲ တိုက်တွန်းခဲ့ပါတယ် ။

Polsat Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ရှက်ဇနီ က ” ဟုတ်ပါတယ် ။ ချဲလ်ဆီး ဟာ ကျွန်တော်တို့ထက် အဆများစွာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ဖက်မှာ အရည်အသွေး များစွာ ပျောက်ဆုံးနေခဲ့ပါတယ် ။ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် ၊ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်းကို ရင်ဆိုင်ခဲ့ရတယ် ဆိုတာ လက်ခံရပါမယ် ။ ”

” လောလောဆယ်မှာတော့ သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ခင်ဗျား ဟာ သူတို့ကို ဒီလို စွမ်းဆောင်ရည် အတွက် ဂုဏ်ပြု ချီးကျူးရမှာ ဖြစ်သလို ၊ အနာဂတ် ကာလ တခုမှာ သူတို့ရဲ့ အဆင့်အတန်း ကို လိုက်မှီနိုင်ဖို့ ကြိုးစားရပါမယ် ။ ”

” ဒီပွဲကို ချဲလ်ဆီး ဟာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာပါ ။ သွင်းဂိုး ရလဒ် က ဒီ ၂သင်း အကြား က ကွာခြားချက် ကို ဖော်ညွှန်းနေသလိုပါပဲ ။ ဒီပွဲမှာ အဆင့်အတန်း မြင့်မားတဲ့ အသင်းနဲ့ အလယ်အလတ် အဆင့်သာ ရှိတဲ့ အသင်း ပြိုင်ဆိုင်တာကို မြင်ခဲ့ရတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အလားတူ အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း ဂက်ဘီ အဘွန်လဟော ကလည်း ရှက်ဇနီရဲ့ အမြင်ကို ထောက်ခံတဲ့ အနေနဲ့ ” ချဲလ်ဆီး ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ယူဗင်တပ် အသင်းကို ကြည့်ပါ ။ သူတို့ဟာ ယူရို တလျှောက် ခြေစွမ်းပြခဲ့တဲ့ ဖက်ဒရီကို ချီယေဆာ ကို ပိုင်ဆိုင်ထားပေမယ့် ၊ သူဟာ ချဲလ်ဆီးနဲ့ ပွဲမှာ တုပ်တုပ်တောင်မလှုပ်နိုင်ခဲ့ပါဘူး ။ ”

” ရူဒီဂါ ဟာ ကျွန်တော့ အတွက်တော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူး ဖြစ်ပါတယ် ။ သူ့ရဲ့ ကစားပုံ ဟာ စနစ်ကျမှု ရှိပါတယ် ။ ပြိုင်ဖက် အသင်း က တိုက်စစ် ပြန်စတင်တဲ့ အချိန် ကြည့်လိုက်ရင်တောင် သူတို့ရဲ့ ခံစစ်မှာ ခုခံမယ့် ကစားသမား ၃ဦး အထိ ကျန်ပါသေးတယ် ။ ”

” ကျွန်တော်သာ ဆိုရင် အခုအချိန်မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး ။ ကျွန်တော့ အတွက်တော့ သူတို့ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်သလို ၊ ရူဒီဂါနဲ့ ရိစ်ဂျိမ်းစ် ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှူးနဲ့ ညာနောက်ခံလူတွေ ဖြစ်ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR