ချဲလ်ဆီး ဟာ ခံစစ်ပိတ် ကစားတယ် ဆိုတဲ့ ပိုချက်တီနိုရဲ့ မှတ်ချက် အပေါ် တုန့်ပြန်လာတဲ့ တူချယ်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ လက်ရှိ ဥရောပ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ အုပ်စုတွင်း ဗိုလ်နေရာလုဖက် ဖြစ်တဲ့ ယူဗင်တပ် အသင်းကို သက်တောင့်သက်သာ ၄ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ ပထမ အကျော့ တူရင် က ရှုံးကြွေးကို အပြည့်အဝ ပြန်ပြီး ပေးဆပ်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ အကယ်ဒမီထွက် ကြယ်ပွင့် ကစားသမားတွေ ခြေစွမ်းပြသမှုနဲ့ အတူ အနိုင်ရခဲ့တာ ဖြစ်ပြီး ၊ နောက်ခံလူ ထရက်ဗာ ချာလိုဘာ ၊ ရိစ်ဂျိမ်းစ် နဲ့ တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့ ဂိုးတွေ အသီးသီး ရရှိခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ သောမတ်စ် တူချယ် လက်ထက်မှာ ၃ယောက်တန်း ခံစစ် ကစားပုံကို ပွဲအများစု မှာ အသုံးပြုတာကြောင့် ၊ ဂိုးသမားနဲ့ ကွင်းလယ် ခံစစ် ကစားသမား ၂ဦး အပါအဝင် ၊ နောက်ခံလူ ၈ဦးနဲ့ ခံစစ်ပိတ် ကစားတတ်တဲ့ အသင်းလို အချို့တွေက ဝေဖန်ကြပါတယ် ။

ဒီအထဲမှာ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပိုချက်တီနို က ၎င်းတို့ဟာ တိုက်စစ် ဖွင့်ကစားတဲ့ အသင်း ဖြစ်တာကြောင့် ခံစစ်က ဂိုးတွေ ပြန်ပေးရတာမျိုး ၊ ကြုံရနိုင်တဲ့ အကြောင်းနဲ့ ချဲလ်ဆီးလို ခံစစ်ပိတ် မကစားတဲ့ အတွက် ပေးဂိုးတွေ များနေတာ ဖြစ်ကြောင်း မီဒီယာတွေကို တုန့်ပြန်ခဲ့ဖူးပါတယ် ။

သို့ပေမယ့် ပိုချက်တီနိုရဲ့ အဆို ဟာ ချဲလ်ဆီး အသင်းရဲ့ ဒီရာသီ မှတ်တမ်းတွေနဲ့ ပြောင်းပြန် ဖြစ်ပါတယ် ။ ချဲလ်ဆီး ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် တိုက်စစ် အကောင်းဆုံး အသင်း ဖြစ်သလို ၊ ချန်ပီယံလိဂ်မှာလည်း ၁၀ဂိုး အထိ သွင်းယူထားပြီး ဖြစ်ပါတယ် ။

မနေ့က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပီအက်စ်ဂျီ နည်းပြဟောင်း တဦး ဖြစ်တဲ့ ၊ လက်ရှိ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပိုချက်တီနိုရဲ့ အဆိုကို တုန့်ပြန်တဲ့ အနေနဲ့ ” လူတွေ ဘာပြောပြော ကျွန်တော် ကတော့ အရေးတယူ နားထောင်နေတာမျိုး မရှိပါဘူး ။ ကျွန်တော် ဟာ ကိုယ့်ရဲ့ နည်းပြ အဖွဲ့နဲ့ အသင်းသားတွေ အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ”

” ဒီကို ရောက်တဲ့ ပထမဆုံး နေ့ကနေ စပြီး ၊ ကျွန်တော်တို့ဟာ ခံစစ် ကစားပုံ ကျစ်လျစ်မှု ကို အသားပေးတဲ့ ချဉ်းကပ်မှု ကို ရဲရဲဝံ့ဝံ့ အသုံးပြုခဲ့တာပါ ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဘောလုံး ပိုင်ဆိုင်မှုကို ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပြီး ၊ ခံစစ်ကနေ အခွင့်အရေးတွေ ဖန်တီးဖို့ ၊ ပြိုင်ဖက်ကို ပိုမို အန္တရာယ် ပြုနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီမှာတော့ ကျွန်တော်တို့ဟာ ဒီ အခြေခံကို ပြန်ပြီး ဖန်တီးနိုင်ဖို့ အရင် ကြိုးစားရပါတယ် ။ ဒီ စုဖွဲ့မှု ဟာ တိုက်စစ် အသားပေး ပုံစံနဲ့ အနည်းငယ် စိမ်းကားနေပြီး ၊ တချို့သော အခိုက်အတန့်တွေမှာတော့ အရာရာ က ပိုမို လွယ်ကူတတ်ပြီး ၊ ကိုယ့်အတွက် အရှိန် အတိုင်းအတာ တခုကို တည်ဆောက်သလို ဖြစ်စေပါတယ် ။ ”

” ဒါနဲ့ ပတ်သက်ပြီးလည်း အသင်းသားတွေကို ကျွန်တော်တို့ ချီးကျူးရပါမယ် ။ ကျွန်တော်တို့ဟာ ကိုယ့်အပေါ် လူတွေ ဝေဖန်နေတဲ့ အကြောင်းကို လုံးဝ စိုးရိမ်မှု မရှိပါဘူး ။ ကျွန်တော်တို့ဟာ ပွဲရဲ့ အခန်းကဏ္ဍ အားလုံးမှာ တောင့်တင်းမှု ရှိနေချင်ပါတယ် ။ ဒါဟာ ရှုပ်ထွေးတဲ့ ဂိမ်းတခုပါ ။ ”

” တချို့သော အခိုက်အတန့်တွေမှာ ခင်ဗျား ဟာ ခံစစ် အသားပေး ခုခံဖို့ လိုရင် ၊ ခုခံရမှာ ဖြစ်ပြီး ၊ တချို့ အခိုက်အတန့်တွေမှာတော့ ခင်ဗျား ဟာ နေရာလွတ် ပိုရှာပြီး ၊ ပြိုင်ဖက် အပေါ် တိုက်စစ် ပိုဆင်နိုင်စွမ်း ရှိပါတယ် ။ ဒါဟာ အရမ်း ရှုပ်ထွေးတယ် ဆိုပေမယ့် ကျွန်တော်တို့ အားလုံး ဒါကို အတူတကွ လုပ်ဆောင်ထားနိုင်ကြပါတယ် ။ ”

” ဒါဟာ အသင်းလိုက် ကြိုးစား အားထုတ်မှုလို့ ခေါ်ပြီး ၊ အသင်းရဲ့ ပြောင်မြောက်မှု ရှိလှတဲ့ ဝိသေသ လက္ခဏာ တခုပါပဲ ။ ဒီလို ခံယူချက် ပြင်းပြတဲ့ ၊ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ၊ အောင်မြင်မှုတွေကို ဆာလောင်တဲ့ ဒီ အစုအဖွဲ့ကို ကိုင်တွယ်ခွင့် ရတာ ကျွန်တော့အတွက် ဝမ်းသာစရာပါ ။ ဒါပေမယ့် အခုလို ဂိုးပြတ် နိုင်ပွဲတွေ အတွက် ကျွန်တော်တို့ အနေနဲ့ မာန်တက်နေစရာ မလိုပဲ ၊ ဒီပုံစံ အတိုင်း ရှေ့ဆက်သွားလိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR