ချဲလ်ဆီး လူငယ် ကြယ်ပွင့် ၂ဦး ဟာ အင်္ဂလန် ယူ ၂၁ အသင်း အတွက် ပြန်ကစားပေးဖို့ မလိုကြောင်း ထောက်ခံလိုက်တဲ့ အီယန်ရိုက်

အင်္ဂလန် လက်ရွေးစင် အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံး အဆင့် ခြေစစ်ပွဲမှာ အုပ်စုတွင်း အားအနည်းဆုံး ပြိုင်ဖက် ဆန်မာရီနို အသင်းကို အဝေးကွင်းမှာ ၁၀ဂိုး အထိ သွင်းယူကာ ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ် ။

ထိုပွဲမှာ အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ အယ်လ်ဘေးနီးယား ကို ၅ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှ ပွဲထွက်စာရင်းရဲ့ နေရာ တော်တော်များများ ကို အပြောင်းအလဲ လုပ်ကာ ၊ ပွဲထုတ် ချဉ်းကပ်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း ၄င်းဟာ တမြန်နေ့ကမှ လက်ရွေးစင် အသင်းကို ဆင့်ခေါ်ထားတဲ့ ၊ ခရစ်စတယ် ပဲလေ့စ် အသင်းကို တရာသီ အငှားထွက်နေတဲ့ ၊ ချဲလ်ဆီး အကယ်ဒမီထွက် လူငယ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ကော်နာ ဂေါ်လဂါ ကို လူစားဝင်ခွင့် ကနေ တဆင့် ပထမဆုံး အင်္ဂလန် လက်ရွေးစင် ပွဲကစားခွင့်ကို ပေးခဲ့ပါတယ် ။

ဒီမတိုင်ခင် က အင်္ဂလန် ယူ ၂၁ အသင်းမှာပဲ တောက်လျှောက် ကစားလာခဲ့ရတဲ့ ဂေါ်လဂါ ဟာ လတ်တလော ပရီးမီးယားလိဂ်မှာ ပဲလေ့စ် အသင်းနဲ့ အတူ ပြသထားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ၊ အခုလို ထိုက်တန်တဲ့ လက်ရွေးစင် အဆင့် ဆင့်ခေါ်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ ဒီရာသီ ပဲလေ့စ် အတွက် ၄ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးထားတဲ့ ဂေါ်လဂါ ဟာ အင်္ဂလန် ယူ ၂၁ အသင်းကို ပြန်သွားပြီး ကစားရဖို့ မလိုအောင် အထိ အရည်အသွေး ကောင်းမွန်နေကြောင်း သုံးသပ် ချီးမွမ်းခဲ့ပါတယ် ။

ITV Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အီယန်ရိုက် က ” ယူ ၂၁ ပွဲတွေမှာ ကော်နာ ဂေါ်လဂါ ကစားတာ ကျွန်တော် ကြည့်ဖူးခဲ့ပြီး ၊ အဲဒီမှာ သူဟာ တခြား ကစားသမား အများစုထက် အဆင့် များစွာ သာလွန်နေတာကို တွေ့ခဲ့ရပါတယ် ။ ဒီနေ့မှာ သူ လက်ရွေးစင် အသင်း အတွက် ပထမဆုံး အကြိမ် ကစားခွင့် ရခဲ့တာကို မြင်ရတဲ့ အတွက် ဝမ်းသာမိပါတယ် ။ ”

” အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ အားလုံး မြင်ခဲ့တဲ့ အတွက် ဒီနေ့ပွဲ ဟာ သူ့အတွက် ကြီးမားတဲ့ စမ်းသပ်မှု တခု မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် သူ လုပ်ခဲ့တဲ့ အရာတိုင်းက မှန်နေခဲ့ပါတယ် ။ သူဟာ အရသာ ခံဖို့ သက်သက်ပဲ လူစားဝင်လာခဲ့တာ မဟုတ်ပါဘူး ။ သူဟာ အဲလို ကစားသမားမျိုး ဖြစ်ပါတယ် ။ ”

” ဒီလို လူငယ် ကစားသမားမျိုးကို ယူ ၂၁ မှာ ကစားတာထက် ၊ နိုင်ငံတကာ စင်မြင့်ထက်မှာ ကစားတာ ခင်ဗျားတို့ ပိုပြီး မြင်တွေ့ချင်ကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီး အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ တခေါက် နိုင်ငံပွဲ ကာလမှာ အင်္ဂလန် ယူ ၂၁ အသင်းမှာ ပြန်လည် ကစားခွင့်ကို လက်မခံပဲ ငြင်းဆန်ခဲ့ဖူးပါတယ် ။

ဒီအတွက်ကြောင့် အိုဒွိုင်း အပေါ် ဝေဖန်ကြသူ တချို့လည်း ရှိခဲ့ပေမယ့် ၊ အီယန်ရိုက် ကတော့ အိုဒွိုင်းရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထောက်ခံတဲ့ အနေနဲ့ ” ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဂေါ်လဂါရဲ့ အခြေအနေကို ဥပမာပေးပြီး အတူတူ ထပ်မံ ထောက်ပြချင်ပါတယ် ။ ”

” သူဟာ ထိုးဖောက် ဝင်ရောက်ရ ခက်တဲ့ ချဲလ်ဆီး စီနီယာ အသင်းမှာ နေရာ ရနေပါတယ် ။ ဒီမတိုင်ခင် က သူဟာ ကစားသမား ဘဝကိုပါ ဖျက်ဆီးနိုင်တဲ့ အဆင့် ရှိတဲ့ ဒဏ်ရာမျိုးနဲ့ ကြုံခဲ့ရပါသေးတယ် ။ ဒီတော့ ခင်ဗျားဟာ ဘာလို့ ယူ ၂၁ အသင်းဆီ ပြန်သွားပြီး ကစားပေးရမှာလဲ ။ ”

” အဲဒီမှာ ကစားတာ က လက်ရွေးစင် အသင်းကို တန်းမရောက်ပါဘူး ။ ကလပ် အဆင့်မှာ သက်ဆိုင်ရာ ကလပ်တွေနဲ့ အတူ ခြေစွမ်းပြနိုင်တာကမှ လက်ရွေးစင် အသင်းကို ရောက်စေတာပါ ။ ကော်နာနဲ့ ကော်လမ်တို့ လုပ်ပြနေလိုမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR