ချဲလ်ဆီး ပွဲအတွက် ဘာကို မျှော်လင့်ထားသလဲနဲ့ လူကာကူ အပေါ် မှတ်ချက်တွေ ပေးလိုက်တဲ့ မိုက်ကယ် ကာရစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 13 အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းထဲမှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ကာရစ်အတွက် အစမ်းသပ်ခံရမဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

ကာရစ်ဟာ ယူနိုက်တက် အသင်းကို ယာယီ နည်းပြ အဖြစ်နဲ့ ကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ပွဲစဉ်မှာတော့ ဗီလာ ရီးယဲ အသင်းကို 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိစေခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ရောက်စေနိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ ယာယီ နည်းပြ အဖြစ် လက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂရစ် ကို ခေါ်ယူဖို့ ကြိုတင် သဘော တူညီမှု ရရှိခဲ့ပြီလို့ သတင်းကြီး နေခဲ့ပေမဲ့ သူဟာ အလုပ်ပါမစ် မရသေးတဲ့အတွက် ချဲလ်ဆီး နဲ့ ပွဲစဉ်ကို ကာရစ် ကပဲ ဆက်လက် ကိုင်တွယ် သွားဖို့ ရှိနေပါတယ် ။

အဆိုပါ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် ယာယီ နည်းပြ မိုက်ကယ် ကာရစ် က ပြိုင်ဖက် ချဲလ်ဆီး အသင်းကို ချီးကျူးခဲ့လိုက်ပြီး ရလဒ်ကောင်း ရရှိဖို့ လိုအပ်ကြောင်း ၊ လုပ်နိုင်တယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” သူတို့ ရှေ့ဆက်နေတဲ့ ပုံစံကောင်းတွေ အပေါ် တကယ်ပဲ အထင်ကြီးမိပါတယ် ။ အရမ်းကို ပြင်းထန်တယ် ၊ စုဖွဲ့မှု ကောင်းလွန်းတယ် ၊ ခံစစ်နဲ့ တိုက်စစ်လည်း ကောင်းလှသလို ကွင်းလယ်နဲ့ ချိတ်ဆက် ကစားပုံကလည်း တကယ့်ကို ကောင်းလှပါတယ် ”

” သူတို့ရဲ့ ခံစစ်မှူး သုံးယောက်ဟာ ကစားကွက်ကို တည်ဆောက်ပြီး ကွင်းလယ်နဲ့ ချိတ်ဆက် ၊ တောင်ပံ တွေကို ဖြန့်ပို့ရင်း နောက်ခံ အစွန်လူတွေနဲ့ ပြိုင်ဖက်ကို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ အသင်းမျိုးပါ ။ ကျွန်တော်တို့ ရလဒ် တစ်ခုကို ရယူဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ် ”

” ဒါက ကျွန်တော်တို့ကို ယုံကြည်မှုတွေ ပေးနိုင်မယ့် ပွဲစဉ်မျိုးပါ ။ အနိုင် ရရှိသွားဖို့ တကယ်ပဲ လိုအပ်လှပါတယ် ။ အထူးသဖြင့် ကစားသမား အရင်လို ခံစားချက်တွေ ပြန်ကောင်းဖို့ ၊ ဆုံးရှုံးခဲ့တဲ့ ယုံကြည်မှုတွေ ပြန်လည် ရရှိနိုင်ဖို့ ဒါဟာ တကယ်ပဲ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်လှပါတယ် ”

” ဒါက ကျွန်တော်တို့ အတွက် နောက်ထပ် ထူးကဲတဲ့ ပွဲစဉ် တစ်ပွဲပါ ။ ကျွန်တော်တို့ ပျော်ရွှင် ခံစားရမဲ့ ပွဲစဉ်မျိုးပါပဲ ။ ဒါဟာ ကျွန်တော်တို့ အစမ်းသပ်ခံရမဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲ ပါပဲ ” လို့ ကာရစ် က ပွဲစဉ် အပေါ် မှတ်ချက်ပေး စကားတွေ ပြောခဲ့လိုက် ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရိုမီလူ လူကာကူကို ပြိုင်ဖက် အဖြစ် ပြန်လည် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ် ။ လူကာကူဟာ ဒဏ်ရာ ရရှိခဲ့ပေမဲ့ အသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်ခဲ့ပြီလို့ သိရပါတယ် ။ အဲ့တာနဲ့ ပတ်သက်လို့ …

” သူ အသင်းက ထွက်ခွာသွားခဲ့တာ အရမ်းကို ကြာခဲ့ပြီလို့တောင် ခံစားနေခဲ့ရပါတယ် ။ လူကာကူဟာ အီတလီကို ပြောင်းခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်မှုနဲ့ အတူ ချဲလ်ဆီးကို ရောက်လာခဲ့ပါတယ် ။ ရွမ် ကို အခုလို ပြန်လည် တွေ့ရမယ်ဆိုတာက တကယ်ပဲ ကောင်းလှပါတယ် ”

” သူဟာ ကြောက်စရာကောင်းတဲ့ ဘောလုံးသမား တစ်ဦး ဖြစ်ပြီး နေရာစုံကနေ ဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ အကယ်လို့ သူသာ ပါဝင်လာခဲ့မယ်ဆိုရင် သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တကယ်ပဲ သတိထားကြရပါလိမ့်မယ် ” လို့ ကာရစ် က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar