ချဲလ်ဆီး နဲ့ ပွဲက ကစားပုံကို ကျေနပ်ခဲ့ပေမယ့် ပင်နယ်တီ ပေးခံခဲ့ရတာကို မကျေနပ်ကြောင်း ပြောလာတဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာ ယူနိုက်တက် အသင်းကို ယာယီ ကိုင်တွယ် နေတဲ့ နည်းပြ မိုက်ကယ် ကာရစ် ဟာ မနေ့ညက စတမ်းဖိုဒ့် ဘရစ်မှာ ကစားခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ ကစားပုံ အပေါ် နှစ်သက် သဘောကျမှုတွေ ရှိခဲ့ ပေမယ့် ချဲလ်ဆီး ရဲ့ ချေပဂိုး ဖြစ်လာမယ့် ပင်နယ်တီ ဆုံးဖြတ်ချက် အပေါ် ကိုတော့ စိတ်ပျက် မိတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ချဲလ်ဆီး နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပြီး ဒါဟာ ကာရစ် ကိုင်တွယ် နေတဲ့ ကာလ အတွင်းမှာ ( လီဗာပူး ၊ မန်စီးတီး တို့နဲ့ ပွဲတွေထက် စာရင် ) သိသိ သာသာ တိုးတက် လာခဲ့တာလို့ ပြောနိုင်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ ချဲလ်ဆီး ရဲ့ တရစပ် တိုက်စစ်ဆင်မှု ကို မိနစ် ၉၀ လုံး ပိတ်ဆို့ ခုခံ ကစားခဲ့ပြီး တန်ပြန်တိုက်စစ် နဲ့ ထိုးနှက်ဖို့ ပြင်ဆင် ခဲ့သလို ချဲလ်ဆီး နောက်တန်းလူတွေ ဘောလုံး ကိုင်ထားချိန် မှာလည်း ဖိအားဝင်အောင် Pressing လုပ် ကစားသွားခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် အဖွင့်ဂိုးကိုတော့ တန်ပြန် တိုက်စစ်က တဆင့် ( ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ရဲ့ ဘောလုံးထိန်း မသေသပ်မှုကို အခွင့်ကောင်းယူကာ ဂျေဒန် ဆန်ချို က ဆွဲပြေး ကန်သွင်းယူခဲ့ တာပဲ ဖြစ်ပါတယ် ။

ဆန်ချို အတွက်တော့ တပတ် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံးဂိုးကို သွင်းနိုင် ခဲ့သလို ၂ ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့တာလည်း ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ထောင့်ကန်ဘော ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အာရွန်ဝမ် ဘစ်ဆာကာ ရှင်းထုတ်ရာမှာ ချဲလ်ဆီး ခံစစ်မှူး သီယာဂို ဆေးလ်ဗား ရဲ့ ခြေထောက်ကိုပါ ကန်မိသွားခဲ့ တာကြောင့် ကွင်းလယ်ဒိုင် အန်ဒရီ မာရီနာ က ပင်နယ်တီ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ် ခဲ့ပါတယ် ။

ဒီပင်နယ်တီ ကို ဂျော်ဂျင်ဟို က ဝင်အောင် ကန်သွင်းပြီး ချဲလ်ဆီး အတွက် ချေပဂိုးကို ယူရ ပေးသွားခဲ့ပါတယ် ။

 

“တကယ် စိတ်ပျက် စရာပါပဲ ။ ပွဲကို ကျွန်တော်တို့က ဦးဆောင် ထားနိုင်တဲ့ အနေအထားမှာ အခုလို လွှင့်ပစ် ခံရတာ အရမ်းကို စိတ်ပျက် စရာ ကောင်းခဲ့ ပါတယ် ။

ဒါကို ပင်နယ်တီ လို့ ကျွန်တော် ကတော့ မထင်မိ ပါဘူး ။ လန်ဒန် ကို အနိုင် ကစားမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လာခဲ့တာပါ ၊ ဒါကြောင့် အခုလို ပုံစံမျိုးနဲ့ သရေ ကျသွားတာကို စိတ်ပျက်မိ ပါတယ် ။

တကယ်ပါ ၊ ကျွန်တော် မလိမ်ပါဘူး”

“ဒီ ပင်နယ်တီ ကိစ္စ က လွဲရင်တော့ ကျန်တဲ့ အပိုင်းတွေကို ကျွန်တော် ကျေနပ် မိပါတယ် ။

ဒီပွဲမှာ ကျွန်တော်တို့ ဖိခံ ထားရပေမယ့် သက်တောင့် သက်သာ ရှိနေတယ် လို့လည်း ခံစား မိပါတယ် ။

ပွဲ မကစားခင် ကတည်းက ဂိုးကန်သွင်းမှုတွေ အများကြီး ရင်ဆိုင် ရနိုင်တယ်လို့ တွက်ထားပြီးသားပါ ၊ ဒေ့ဗ် ( ဒီဂီယာ ) ကလည်း ကာကွယ်မှုတွေ လုပ် နိုင်မယ်လို့ ယုံကြည် ထားပြီးသားပါ”

“ဒီရက်သတ္တပတ် အတွင်းမှာ အသင်းသားတွေ စုစု စည်းစည်း ဖြစ်လာတာကို မြင်ရတာ ကျွန်တော် ဝမ်းသာမိ ပါတယ် ။ အခုလို ပြန်ရောက်လာဖို့ အတွက် ခက်ခဲတဲ့ အနေအထားတွေ ကနေ ရုန်းထွက် နိုင်အောင် ကြိုးစား ခဲ့ရတာပါ ။

အခုပွဲ မှာလည်း ကျွန်တော်တို့ ကောင်းကောင်း ခုခံ ကစားနိုင်ခဲ့ ပါတယ် ။ သရေ ကျခဲ့လို့ ကောင်လေးတွေ ကို အပြစ်တင်စရာ လုံး၀ မရှိပါဘူး” လို့ ကာရစ် က ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြားရက်မှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ပိတ်ရက် မှာတော့ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

 

SPORTS MYANMAR