ချဲလ်ဆီး ကြယ်ပွင့် တဦးကြောင့် သူ့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ခန့်မှန်းချက်ကို ပြောင်းလဲလိုက်တဲ့ ပေါလ်စခိုးလ်

၂၀၂၁ – ၂၀၂၂ ပရီးမီးယားလိဂ် ဘောလုံး ရာသီ စတင်လာတာ ပွဲစဉ် ၁၃ အထိ ပြီးစီးသွားခဲ့ပြီ ဖြစ်ရာ ၊ လက်ရှိ အမှတ်ပေးဇယား ကို ချဲလ်ဆီး အသင်း က ဆက်လက် ဦးဆောင်ထားပေမယ့် ၊ ဒုတိယ နေရာ က လက်ရှိ ချန်ပီယံ မန်စီးတီး ၊ တတိယ နေရာ လီဗာပူးတို့နဲ့ ၁မှတ် ၊ ၂မှတ်စီသာ ကွာဟတဲ့ အနေအထားကို ရောက်လာပါတယ် ။

အထူးသဖြင့် Super Sunday မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ ချဲလ်ဆီးတို့ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီးနောက် ၊ ရမှတ် ကွာဟမှု က အခုလို ပိုမို ကျဉ်းမြောင်းသွားခဲ့တာ ဖြစ်ပါတယ် ။ ဒီတော့ ဒီဇင်ဘာမှာ ပွဲတွေ ဆက်တိုက် ကစားရမှာ ဖြစ်လို့ ၊ ချန်ပီယံလုပွဲ က ပိုမို စိတ်ဝင်စားစရာ ကောင်းနေပါပြီ ။

၂၀၂၂ ခုနှစ်သို့ မကူးပြောင်းမီ ၊ ပရီးမီးယားလိဂ် ချန်ပီယံလောင်း အချင်းချင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲတွေ မကျန်တော့ပေမယ့် ၊ ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ အဆုံးအဖြတ် ပေးလောက်မယ့် ပွဲအရေအတွက် ကတော့ အနည်းနဲ့ အများ ရှိလို့ နေပါတယ် ။

အထူးသဖြင့် Boxing day နဲ့ ခရစ္စမတ် ကာလမှာ ဘယ်အသင်းမဆို ၊ ချန်ပီယံလောင်းတွေကို ဒုက္ခပေးနိုင်စွမ်း ရှိတာကြောင့် ၊ တသင်း ခြေချော်တာနဲ့ တသင်း က အခွင့်ကောင်း ယူဖို့ အသင့်ရှိနေပါတယ် ။ ဒီတော့ ထိုကာလမှာ ဂိုးပြတ် မပြတ်ထက် ၊ နိုင်ပွဲ မဖြစ်မနေ ရဖို့ကိုသာ ချန်ပီယံလောင်း အသင်းတွေ ပိုမို အာရုံစိုက်ဖို့ လိုမှာ ဖြစ်ပါတယ် ။

ဒီရာသီ စတင်လာတဲ့ ကာလ တလျှောက်မှာ ဇယားထိပ် က ချဲလ်ဆီး ကို ချန်ပီယံလောင်းစာရင်း ကနေ မျက်ကွယ်ပြုထားခဲ့တဲ့ မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် က ပြီးခဲ့တဲ့ ချဲလ်ဆီး – မန်ယူနိုက်တက် ပွဲအပြီးမှာ သူ့ရဲ့ ချန်ပီယံဆု အတွက် ခန့်မှန်းချက် ကို ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူကြောင့် အခုလိုပဲ အပြောင်းအလဲ လုပ်သွားခဲ့ပါတယ် ။

Premier League Production နဲ့ တွေ့ဆုံခဲ့ရာမှာ ပေါလ်စခိုးလ် က ” လူကာကူ ဟာ သောမတ်စ် တူချယ် အတွက် ကြီးမားတဲ့ ကွာခြားချက် တခု ဖြစ်စေမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အတွက်ဆိုရင် ၊ သူ့ကို ကြံ့ခိုင်မှု ပြည့်နေအောင် ထားဖို့ လိုပါမယ် ။ ”

” အကယ်၍ သူသာ လက်ကျန် ဘောလုံးရာသီ တလျှောက် ပရီးမီးယားလိဂ် ပွဲအားလုံးနီးပါးကို ကစားပေးနိုင်မယ် ဆိုရင် ၊ ချဲလ်ဆီးမှာ ချန်ပီယံ ဖြစ်နိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေး ရှိပါလိမ့်မယ် ။ ကျွန်တော် ဟာ ဒီရာသီ အစတုန်း က ချဲလ်ဆီး ကို ချန်ပီယံဖြစ်မယ့် အသင်း တသင်း အဖြစ် အကြိုက်မတွေ့ခဲ့မိပါဘူး ။ ”

” အခုတော့ ကျွန်တော့ အတွေးတွေက သိပ်မသေချာတော့ပါဘူး ။ သူတို့ နည်းပြကို ကြည့်ပါ ။ သူ စကားပြောတဲ့ပုံ ၊ အသင်းကို လမ်းညွှန် ထိန်းကျောင်းပေးတဲ့ပုံကို လေ့လာကြည့်ပါ ။ သူတို့ဟာ သေသေချာချာ ပြင်ဆင် လေ့ကျင့်ထားပြီး ၊ လမ်းမှန် ရောက်နေတဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ ”

” ယုံကြည်မှုလည်း ပြည့်ဝနေပြီး ၊ သူတို့ ဘာလုပ်ချင်နေသလဲ ဆိုတာ လူတိုင်းလည်း သိမြင်ကြမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး ဟာ မနက်ဖြန်ညမှာ တန်းတက် ဝက်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။

SPORTS MYANMAR