ချဲလ်ဆီးမှ အထုတ်ခံခဲ့ရတာဟာ လမ်းပတ်နဲ့ ၄င်းအတွက် ပြင်းထန်လွန်းခဲ့ကြောင်း ဖွင့်ဟရင်း ၊ တူချယ်နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု လုပ်လာတဲ့ ဂျိုဒီ မောရစ်

ချဲလ်ဆီး အသင်း ဟာ Transfer ban ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ပေးခဲ့တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီ တဝက် အပြီးမှာ ထွေထွေထူးထူး အခွင့်အရေး မပေးခဲ့ပဲ ၊ အသင်းရဲ့ ရပ်တည်မှုကို ကြည့်ကာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ် ။

အထူးသဖြင့် ပရီးမီးယားလိဂ် အဆင့် ၈ နေရာကို ရောက်ခဲ့ပြီး ၊ ဇန်နဝါရီ ကုန်ခါနီး အထိ ရှုံးပွဲ အမြောက်အမြား ကြုံတွေ့ခဲ့ခြင်း က လမ်းပတ် ကို နည်းပြ ထိုင်ခုံကနေ သွေဖယ်စေခဲ့ပါတယ် ။ ၄င်းရဲ့ နေရာမှာတော့ ယခင် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ် က အစားထိုးဝင်ရောက်ခဲ့ပါတယ် ။

 

လမ်းပတ် ဟာ Transfer ban ဘောလုံး ရာသီမှာ ချဲလ်ဆီး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် တနေရာနဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့တာကြောင့် ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အခွင့်ထူး တရပ် အနေနဲ့ ကစားသမားသစ် ၇ဦး အတွက် ပေါင်သန်း ၂၀၀ ကျော် သုံးစွဲခွင့် ပေးခဲ့ပါတယ် ။

ဒီဇင်ဘာလ အလယ်လောက် မတိုင်မီ အထိ ချဲလ်ဆီး အသင်းရဲ့ ရလဒ်ပိုင်း ဟာ အတော်လေး အားရစရာ ကောင်းခဲ့ပေမယ့် ၊ ထိုနောက်ပိုင်း ဝက်စ်ဟမ်းကို အနိုင်ရခဲ့တာက လွဲရင် ၊ ရာသီဝက် ပြီးဆုံးသည့် အထိ နိုင်ပွဲ ပျောက်ခဲ့တာကြောင့် ၊ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲအပြီး လမ်းပတ် ဟာ နည်းပြ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ် ။

လမ်းပတ် လက်ထက် လက်ထောက် နည်းပြ တဦး အဖြစ် တာဝန်ယူခဲ့တဲ့ ဂျိုဒီ မောရစ် က ဝီဂန် ကွင်းလယ်လူဟောင်း ဂျင်မီ ဘူးလက်ဒ်ရဲ့ Podcast အစီအစဉ်မှာ လမ်းပတ်နဲ့ ၄င်းဟာ ချဲလ်ဆီး နည်းပြ အဖွဲ့ကနေ မညှာမတာ ဖယ်ရှားခံခဲ့ရတယ်လို့ ယူဆမိတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဂျိုဒီ မောရစ် က ” ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အချို့ အသင်းတွေရဲ့ ဖြတ်သန်းမှုမှာ ရလဒ် ဆိုးရွားတဲ့ ကာလ တရပ် ဆိုတာမျိုး ကြုံခဲ့ကြပါတယ် ။ ဒါဟာ အသင်းကြီးတွေ အတွက်တော့ မူမမှန်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ရာထူးက အထုတ်မခံရခင် ၊ နောက်ဆုံး ၆ပတ် အတွင်း သာမန် စွမ်းဆောင်ရည်အောက်ပဲ ပြသနိုင်ခဲ့ပါတယ် ။ ”

” အာဆင်နယ် ၊ အဲဗာတန် အသင်းတွေကို အဝေးကွင်း ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ အသင်းရဲ့ စွမ်းဆောင်ရည် က အတော်ကို ဆိုးရွားလွန်းခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သိပ်မကြာခင် ကာလ အတွင်း ဒီရလဒ်ဆိုးတွေကနေ ပြန်လှည့်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ခဲ့ပါတယ် ။ ”

 

” ချဲလ်ဆီးမှာက ရာထူးကနေ အထုတ်ခံရတယ် ဆိုတာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ် ။ ဒါက ပြင်းထန်လွန်းတယ်လို့ မထင်ဘူးလားလို့ မေးရင် ၊ ကျွန်တော် ‘ Yes ‘ လို့ ဖြေရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး ဟာ လမ်းပတ် နေရာကို ဆက်ခံခဲ့တဲ့ တူချယ် လက်အောက်မှာ နဂို ပစ်မှတ် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိခဲ့သလို ၊ အပိုဆု အနေနဲ့ ချန်ပီယံလိဂ် ဖလားကိုပါ ကလပ် သမိုင်း တလျှောက် ဒုတိယ အကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဂျိုဒီ မောရစ် က အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ နေရာမှာ သူသာ ဆိုရင်လည်း တူချယ်ကို နည်းပြသစ် အနေနဲ့ အလိုရှိမိမှာ ဖြစ်ကြောင်း ဝန်ခံတဲ့ အနေနဲ့ ” တချိန်တည်းမှာပဲ ခင်ဗျားတို့ လက်ရှိ အသင်းရဲ့ အခြေအနေ ကို ကြည့်တဲ့အခါ ၊ ဒီကြားထဲ ကျွန်တော် ဟာ ချဲလ်ဆီး က ကျွန်တော့ မိတ်ဆွေတွေနဲ့ စကားပြောခဲ့တာကို အမှတ်ရမိပါသေးတယ် ။ ကျွန်တော်ဆိုလည်း နည်းပြသစ် ရှာဖွေဖြစ်ရင် တူချယ်ကို ခေါ်ယူ ခန့်အပ်ဖြစ်မှာပါပဲ ။ ”

” ပြီးခဲ့တဲ့ ရာသီမှာ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလား ရအောင် စွမ်းဆောင်နိုင်ခဲ့တာကို ကြည့်ရင် ၊ သူဟာ ထိပ်တန်း အရည်အသွေးရှိတဲ့ နည်းပြ တယောက် ဆိုတာ သိမြင်နိုင်မှာပါ ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁၈လ က Transfer ban ရာသီကို ဖြစ်ဖြစ်မြောက်မြောက် ကျော်ဖြတ်ပေးတာကို ထောက်ထားပေးခဲ့မယ် ဆိုရင် ကျွန်တော်တို့အတွက် အရာရာကို ပြောင်းပြန် ပြန်လှည့်နိုင်ဖို့ အခွင့်အရေး တခုခု ပြန်ပေးခဲ့သင့်တယ်လို့တော့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR