ချန်ပီယံလိဂ် ၊ ယူရို ဖလားတွေကို ဆွတ်ခူးခဲ့ပြီးနောက် ၊ သူ့ရဲ့ ရည်မှန်းချက် အသစ်ကို ဖွင့်ဟလာတဲ့ ဂျော်ဂျင်ဟို

၂၀၂၁ ခုနှစ် ဟာ ချဲလ်ဆီး အသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို အတွက် အကြီးကျယ်ဆုံးနှစ်လို့ အသေအချာ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။ ဥရောပ အဆင့်မှာ အမြင့်မားဆုံး ဖလားတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုဖလားတို့ကို ဂျော်ဂျင်ဟို ဟာ တနှစ်တည်းမှာ တပြိုင်နက် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ယင်း အသက် ၂၉နှစ် အရွယ် ကွင်းလယ်လူ ဟာ တဦးချင်း ဆုတံဆိပ်မှာလည်း ၂၀၂၁ ခုနှစ် အတွက် ဥရောပ အကောင်းဆုံး ကစားသမားဆု ကို ခြွင်းချက်မရှိ ရရှိခဲ့သလို ၊ ၂၀၂၁ ခုနှစ် အတွက် Ballon D’Or ဆု အတွက်လည်း ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ပါဝင် ရွေးချယ်ခံထားရပါတယ် ။

တချိန်တည်းမှာပဲ ဂျော်ဂျင်ဟို ဟာ Ballon D’Or အတွက် ရေပန်းအစားဆုံး ကစားသမား ၃ဦး စာရင်းမှာ လီယွန်နယ် မက်ဆီ ၊ ရောဘတ် လီဝမ်ဒေါစကီးတို့နဲ့ အတူ ပါဝင်နေပါတယ် ။ ဒီ အောင်မြင်မှုတွေဟာ လွန်ခဲ့တဲ့ ၃နှစ်ကမှ ပရီးမီးယားလိဂ်သို့ အခြေချထားတဲ့ ဂျော်ဂျင်ဟို အတွက် အတိုင်းထက် အလွန် ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီမှာလည်း ဂျော်ဂျင်ဟိုရဲ့ ချဲလ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို တကျော့ပြန် ဆွတ်ခူးနိုင်ဖို့ အထူး ရေပန်းစားနေသလို ၊ ဖလားရနိုင်တဲ့ ပြိုင်ပွဲ ၄ခုစလုံးမှာ ဆက်ရှိနေပါသေးတယ် ။ ဒီအတွက်ကြောင့် အောင်မြင်တဲ့ ရာသီ တခု ထပ်မံ ဖန်တီးခွင့် ၄င်းဆီမှာ အပြည့်အဝ ရှိနေပါတယ် ။

သို့ပေမယ့် ဂျော်ဂျင်ဟို ကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာ အီတလီ လက်ရွေးစင် အသင်းနဲ့ ချန်ပီယံ ဖြစ်နိုင်ဖို့ အရေးက ၄င်းရဲ့ နောက်ထပ် အိပ်မက် အသစ် ဖြစ်ကြောင်းနဲ့ ဘရာဇီးနွယ်ဖွား ဖြစ်ပေမယ့် အီတလီကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းကိုလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

GloboEsporte သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဂျော်ဂျင်ဟို က ” ဘရာဇီး ဘောလုံး အဖွဲ့ချုပ် က ကျွန်တော့ကို ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမယ့် အဆုံးမှာ ကျွန်တော် အီတလီ ကို ရွေးချယ်ခဲ့ပါတယ် ။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ဟာ ကိုယ့်ကို နွေးနွေးထွေးထွေး လက်ခံထားတဲ့ အီတလီကို ကျေးဇူးကန်းရာ ကျပါလိမ့်မယ် ။ ”

” နောက်ထပ် အောင်မြင်မှု အနေနဲ့ ကမ္ဘာ့ဖလားသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆို မဆိုးလောက်ပါဘူး ။ ချန်ပီယံလိဂ်နဲ့ ယူရို ဖလားတွေဟာလည်း အထင်သေးလို့ မရတဲ့ အောင်မြင်မှုတွေပါ ။ ဒါပေမယ့် ကမ္ဘာ့ဖလား ဟာ အခြား အောင်မြင်မှုတွေထက် မြင့်မားပါတယ် ။ ”

” ကာတာ ကမ္ဘာ့ဖလား မှာ ကျွန်တော်တို့ အသင်း က ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်မှာ မဟုတ်ပေမယ့် ၊ ယူရို ချန်ပီယံ ဖြစ်ထားတာကြောင့် လူတွေရဲ့ အာရုံစိုက်မှုကိုတော့ ခံရဦးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ အတွက် အီတလီ ဟာ အနည်းဆုံးတော့ ယနေ့ညမှာ ဆွစ်ဇာလန် ကို အနိုင်ကစားရမှာ ဖြစ်ပါတယ် ။

တဖက်မှာ ဂျော်ဂျင်ဟို က Ballon D’Or ဆု ဟာ ဂိုးသွင်းများတဲ့ တိုက်စစ် ကစားသမားတွေ အတွက်ချည်း မဖြစ်သင့်ကြောင်းကို ” ကျွန်တော် ဒီနှစ်မှာ Ballon D’Or ဆု ရဖို့ ထိုက်တန်တယ် ဆိုတာကို ကိုယ်တိုင် ပြောနေလို့ မထူးပါဘူး ။ ဒါပေမယ့် Ballon D’Or ဆု ဟာ သွင်းဂိုး အရေအတွက်နဲ့ မဆိုင်ပဲ ၊ အခြားသော နေရာ က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ် ပြုကြောင်း ပြသဖို့ လိုပါမယ် ။ ”

” ကျွန်တော် ကိုယ်တိုင်ကတော့ ဒီဆုနဲ့ ပတ်သက်ပြီး အများကြီး မမျှော်မှန်းထားပါဘူး ။ ဒါပေမယ့် ဒီဆု အကြောင်း တချက်လေးတောင် မစဉ်းစားဘူး ဆိုရင်တော့ အပိုတွေ ပြောရာကျပါလိမ့်မယ် ။ ရခဲ့ရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့် မရခဲ့ရင်လည်း ကျွန်တော့ အနေနဲ့ စောဒက တက်နေစရာ မရှိပါဘူး ။ ”

” ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို နှိမ့်ချနေဆဲ ဖြစ်သလို ၊ တခုခု အပေါ် ဆက်လက် အာရုံစိုက်နေဆဲ ဖြစ်ပါတယ် ။ နောက်ပြီး ကျွန်တော် ဟာ UEFA က ချီးမြှင့်ထားတဲ့ ဥရောပ အကောင်းဆုံး ကစားသမားဆုကိုလည်း ရထားပြီးပြီးလေ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR