ချန်ပီယံဖြစ်မယ့်အသင်း ၊ top 4 နဲ့ တန်းဆင်းရမယ့် အသင်းတွေကို ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်

ခရစ်ဆက်တန်ဟာ ဒီရာသီရဲ့ final Premier League table ကို ခန့်မှန်းသွားခဲ့ကာ ချဲလ်ဆီးဟာ အမှတ်ပေးဖလားကို ဆွတ်ခူးပြီး နယူးကာဆယ် ကတော့ ချန်ပီယံရှစ်ကို တန်းဆင်းသွားရလိမ့်မယ်လို့ မှတ်ချက်ပေး လိုက်ပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ ပွဲစဉ် ၁၃ အပြီးမှာ ဥရောပ ချန်ပီယံ ချဲလ်ဆီး ၊ လက်ရှိ အမှတ်ပေးချန်ပီယံ မန်စီးတီး နဲ့ မကြာသေးမီက အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူးတို့ကြားမှာ ရမှတ် တစ်မှတ်သာ ကွာဟနေပါတယ်။

ဝက်ဟမ်းဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဒီရာသီအစမှာ တာထွက်ဆိုးရွားခဲ့တဲ့ အာဆင်နယ်ဟာ နောက်ပိုင်းမှာ ပုံစံကောာင်း ပြသနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက် ၊ တော့တင်ဟမ် တို့ကို ကျော်ကာ အဆင့် ၅ နေရာထိ တက်လာခဲ့ပါတယ်။ လက်စတာဟာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပေမယ့် The Foxes တို့နဲ့ အဆင့် ၁၇ နေရာက လိဒ်တို့ကြား ရမှတ် ၆ မှတ်သာ ကွာဟနေပါတယ်။

တန်းဆင်းဇုန်ထဲမှာတော့ ဘန်လေ နော့ရစ်ချ် နဲ့ နယူးကာဆယ် တို့ ရပ်တည်နေကြပါတယ်။ ဆက်တန်က ယခုနဲ့ ရာသီကုန်ကြားမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ဆိုလိုက်ပေမယ့် ချဲလ်ဆီးဟာ အမှတ်ပေးဖလားကို ဗိုလ်စွဲပြီး နယူးကာဆယ် ကတော့ ဘရန့်ဖို့ဒ် ၊ လိဒ် တို့နဲ့ အတူ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Title race နဲ့ ပက်သက်ပြီး ဆက်တန်က “ဒီရာသီ မစခင်တုန်းက ကျွန်တော်ဟာ မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ခြွင်းချက်တော့ ရှိနေပါတယ်။ အဲဒီအချိန်တုန်းက မန်စီးတီးဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အတွက် အခြေအနေကောင်းနေခဲ့လို့ ဖြစ်ပါတယ်။

အခု ရာသီတစ်ခုရဲ့ ၃ ပုံ ၁ ပုံကို ရောက်လာချိန်မှာတော့ ကျွန်တော် ချဲလ်ဆီး ဘက်ကို အလေးပေးမိပါတယ်။ သူတို့ဟာ ရိုမီလူလူကာကူ ကို ခေါ်ယူနိုင်ခဲ့လို့ပါ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ် ဆိုရင် ချဲလ်ဆီး စီးတီး နဲ့ လီဗာပူး တို့ထဲကပဲ ချန်ပီယံ ဖြစ်လာမှာပါ။ ဒီ ၃ သင်းဟာ အခြား အသင်းတွေနဲ့ မတူညီတဲ့ level မှာ ရှိနေကြပြီး ဒီထဲက တစ်သင်းသင်း title race ထဲက စောစောစီးစီး ထွက်သွားရမယ် ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာပါ။ ကြားနေပရိတ်သတ် အနေနဲ့ ကတော့ နောက်ဆုံး အချိန်ထိ title race ကို ရင်ခုန်စွာနဲ့ ကြည့်ချင်ပါတယ်။

တိုက်စစ်မှုးစစ်စစ် မရှိတာတောင် စီးတီးဟာ ထပ်ပြီး ချန်ပီယံ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပါတယ်။ စက်တင်ဘာလက ချဲလ်ဆီးနဲ့ ပွဲမှာ သူတို့ဟာ ပွဲကို လုံး၀ ထိန်းချုပ် ကစားသွားခဲ့ပါတယ်။ ဒါပေပမယ့် သောမတ်တူချယ် အနေနဲ့ နောက်ထပ် စပယ်ရှယ် ရာသီ တစ်ခုကို ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ လာမည့် မေလမှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မှာပါ။” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ယူနိုက်တက် နဲ့ အာဆင်နယ်တို့နဲ့ ပက်သက်ပြီး “လက်ရှိမှာ ရလဒ်တွေ ဆိုးနေပေမယ့် ယူနိုက်တက်တို့ အဆင့် ၄ ရလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အာဆင်နယ်တို့ ဥရောပပွဲ မကစားရခြင်းဟာ ကြီးမားတဲ့ အားသာချက်ဖြစ်ပြီး သူတို့အတွက် အကြောင်းပြချက် ပေးစရာ မရှိပါဘူး။ ဒါပေမယ့် ရန်းနစ်ဟာ စူပါမန်နေဂျာ ဖြစ်ပြီး game နဲ့ အမြင်ကြွယ်ကာ gegenpressing ရဲ့ godfather ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ယူနိုက်တက်တို့ အာဆင်နယ်နဲ့ ဝက်ဟမ်းကို ကျော်ကာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရသွားမယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

တန်းဆင်းရမယ့် အသင်းတွေနဲ့ ပက်သက်ပြီး ဆက်တန်က “နော့ရစ်တိုက်စစ်မှုးဟောင်းဟာ သူ့ကလပ်ဟောင်းကို တန်းမဆင်းရဘူးလို့ ခန့်မှန်းအတွက် အားလုံး အံ့အားသင့်နေကြမှာပါ။ ဒါပေမယ့် ဒင်းစမစ်ကို ခေါ်ယူလိုက်ခြင်းကြောင့် သူတို့မှာ အခွင့်အရေး ရှိနေပါတယ်။ သူဟာ ထူးချွန်တဲ့ နည်းပြဖြစ်ပြီး အခုချိန်မှာ အသင်းသားတွေထံကနေ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ယူပြထားပါတယ်။ ဒါ့ကြောင့် သူတို့ တန်းဆင်းဇုန်ကနေ ကပ်လွတ်သွားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ချန်ပီယံရှစ်ကို ဆင်းသွားရမယ့် ၃ သင်းကတော့ လိဒ် နယူးကာဆယ် နဲ့ ဘရန့်ဖို့ဒ် တို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပရီးမီးယားလိဂ် ဇယားထိပ်ကနေ အောက်ဆုံးနေရာ အထိ တကယ့်ကို open ဖြစ်နေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။” လို့ ခန့်မှန်းခဲ့ပါတယ်။

ခရစ်ဆက်တန်ရဲ့ final Premier League table – ၁။ ချဲလ်ဆီး ၂။ မန်စီးတီး ၃။ လီဗာပူး ၄။ မန်ယူနိုက်တက် ၅။ အာဆင်နယ် ၆။ ဝက်ဟမ်း ၇။ စပါး ၈။ လက်စတာ ၉။ ဗီလာ ၁၀။ ဝုဖ် ၁၁။ ဘရိုက်တန် ၁၂။ ပဲလေ့စ် ၁၃။ ဆောက်သမ်တန် ၁၄။ ဝက်ဖို့ဒ် ၁၅။ အဲဗာတန် ၁၆။ ဘန်လေ ၁၇။ နော့ရစ် ၁၈။ လိဒ် ၁၉။ ဘရန့်ဖို့ဒ် ၂၀။ နယူးကာဆယ်

SM