ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ဖြစ်လာဖို့ အလွန်ခဲယဉ်းသွားပြီဖြစ်တဲ့ အိပ်မက် တခုအကြောင်းကို ပြောပြလာတဲ့ ပါစကယ် ဖာရီ

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ သူ ဘောလုံး ကစားခြင်းကနေ အနားယူချိန် မှာ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ထက် ရွှေဘောလုံး အရေအတွက် ပိုများလိုတဲ့ စိတ်ဆန္ဒ ရှိကြောင်း ပါစကယ် ဖာရီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရွှေဘောလုံး ဆုကို ကမကထလုပ် ချီးမြှင့်တဲ့ L’Equipe ( France Football ) ရဲ့ အယ်ဒီတာချုပ် ဖြစ်သူ ပါစကယ် ဖာရီ က ရိုနယ်ဒို ဟာ မက်ဆီ ထက် ရွှေဘောလုံး ပိုများလိုတဲ့ အိပ်မက် ကို သူ့ကို ပြောပြ ခဲ့ဖူးတယ် လို့ ဆုပေးပွဲ နီးကပ်လာချိန်မှာ ထုတ်ဖော် ပြောဆို သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

၂၀၂၁ ခုနှစ် ရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်နိုင်မယ့် ရွှေဘောလုံး ( Ballon D’or ) ဆုကို လာမယ့် တနင်္လာနေ့မှာ ပေးအပ် ချီးမြှင့် တော့မှာ ဖြစ်ပါတယ် ။

ဒီနှစ် အတွက်ဆုကို မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့က ရေပန်း အစားဆုံး ဖြစ်နေပြီး ၃ ယောက်စလုံးမှာ ပရိသတ် ကိုယ်စီ ရှိနေ ကြပါတယ် ။

 

တကယ်လို့ မက်ဆီ သာ ဒီနှစ် ရွှေဘောလုံးဆုကို ရသွားခဲ့မယ် ဆိုရင်တော့ ရိုနယ်ဒို အနေနဲ့ သူ့ရဲ့ စိတ်ကူး အိပ်မက် ကို စွန့်လွှတ် ရဖို့ သေချာ သလောက် ဖြစ်သွား နိုင်ပါတယ် ။

လက်ရှိ အချိန်မှာ မက်ဆီ က ရိုနယ်ဒို ထက် ရွှေဘောလုံး ၁ ဆု အသာ ရရှိ ထားပြီး တနင်္လာနေ့မှာ ထပ်မံ အောင်ပွဲ ခံနိုင် ခဲ့ပါက ရွှေဘောလုံး ၇ ဆု နဲ့ ရိုနယ်ဒို ထက် ၂ ဆု အသာ ရရှိ သွားတော့မှာ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ အသက် ၃၆ နှစ် ရှိပေမယ့် ကလပ် နဲ့ နိုင်ငံ အသင်းတွေမှာ ဂိုးတွေ မှန်မှန် သွင်းယူပေး နေပါတယ် ။ ဒါပေမယ့် အဓိက ဆုဖလား အောင်မြင်မှုတွေ နဲ့ ဝေးကွာလာတဲ့ အပြင် အသက်အရွယ် ကလည်း ရိုနယ်ဒို အတွက် နောက်ထပ် ရွှေဘောလုံးဆုတွေကို မျှော်လင့်ဖို့ ခက်ခဲ လာစေခဲ့ ပါတယ် ။

ပါစကယ် ဖာရီ ကတော့ ရိုနယ်ဒို ဟာ ဒီအကြောင်းကို သူ့ကို ပြောပြခဲ့ဖူးတယ်လို့ ဆိုခဲ့ပြီး မက်ဆီ သာ ဒီနှစ် ထပ်ရခဲ့မယ် ဆိုရင် ရိုနယ်ဒို အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးလို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

“ရိုနယ်ဒို မှာ ရည်ရွယ်ချက် တခုပဲ ရှိပါတယ် ၊ မက်ဆီ ထက် ရွှေဘောလုံး ပိုများပြီး အနားယူသွားချင် တာပါ ။

ဒါကို ဘာလို့ သိနေတာလဲ ဆိုတာ ကျွန်တော့ကို သူ ပြောပြ ဖူးလို့ ပါပဲ ။

ဒါပေမယ့် ဒီနှစ်သာ မက်ဆီ ရသွားခဲ့ရင် ရိုနယ်ဒို အနေနဲ့ ဒီရည်ရွယ်ချက် ကို ပြည့်မြောက်ဖို့ မဖြစ်နိုင်လောက် တော့ဘူးလို့ ထင်ပါတယ်”

“သူတို့ ၂ ယောက်က ငွေ အတွက် ကစားနေတာ မဟုတ်ပါဘူး ၊ ဆုဖလားတွေ အတွက် ကစားနေကြတာပါ ။

အောင်မြင်မှု တခုပြီး တခု ရယူပြီး သမိုင်းမှာ မှတ်တမ်းတွေ ရေးထိုး နိုင်ဖို့ ပါ ။

မယုံရင် မက်ဆီ နဲ့ ရိုနယ်ဒို တို့ရဲ့ အချက်အလက်တွေ ကို ပြန်ကြည့်လိုက်ပါ ။ စက်တင်ဘာ ၊ အောက်တိုဘာ လတွေ မှာ သူတို့ အရမ်း ကစားပြီး ဂိုးတွေ အများကြီး သွင်းခဲ့ ကြပါတယ် ။

ဘာလို့လည်း ဆိုတော့ အဲ့ဒိလတွေက ရွှေဘောလုံး အတွက် မဲပေးတဲ့ လတွေ မလို့ပါပဲ ။ ဒါက တိုက်ဆိုင်မှု မဟုတ်ပါဘူး” လို့ ပါစကယ် ဖာရီ က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ မနှစ်က ဘောလုံး ရာသီတုန်းက ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ရှုံးထွက် ဖလား ကို ရခဲ့သလို ပြည်တွင်းလိဂ် ရဲ့ ဂိုးသွင်း ဘုရင်လည်း ဖြစ်ခဲ့ ပါတယ် ။

မက်ဆီ ရဲ့ ကလပ် အသင်း အောင်မြင်မှုဟာ ရွှေဘောလုံးဆု ကို ရယူဖို့ လုံလောက်မှု မရှိဘူးလို့ သုံးသပ် ခံထားရ ပေမယ့် နွေရာသီ တုန်းက ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက မှာ အာဂျင်တီးနား နဲ့ အတူ ဗိုလ်စွဲပြီး အကောင်းဆုံးဆုတွေကို သိမ်းကြုံး ရယူ နိုင်ခဲ့ အပြိးမှာတော့ မက်ဆီ ဟာ ရေပန်းစားမှု နံပါတ် ၁ နေရာကို ရောက်ရှိလို့ လာခဲ့ ပါတယ် ။

ဘိုင်ယန် မြုးနစ် တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီး ကတော့ မက်ဆီ နဲ့ အကောင်းဆုံး ယှဉ်ပြိုင် နိုင်မယ့်သူ ဖြစ်ပြီး မနှစ်က ဆု ကို ( ရဖို့ ထိုက်တန်လျက်နဲ့ ဆုပေးပွဲ ဖျက်သိမ်းလိုက်တာကြောင့် ) လွဲခဲ့တာ ၊ တရာသီလုံး ခြေစွမ်း တောက်လျောက် ပြသနေတာ ၊ ဒီရာသီမှာလည်း ဆက်တိုက် ဂိုးတွေ သွင်းနေတာတွေကြောင့် ဒီနှစ်ဆု ကို လီဝန်ဒေါ့စကီး နဲ့ ထိုက်တန်တယ်လို့ လက်ခံ ထားသူတွေ အများအပြား ရှိလာခဲ့ ပါတယ် ။

ရွှေဘောလုံးဆု ကို မက်ဆီ တကယ်ပဲ ရသွားမလား ၊ ရိုနယ်ဒို ကရော နောက်ထပ် ဘယ်နှကြိမ် ထပ်ပြီး ရနိုင်ဦးမှာလဲ ? မဖြစ်နိုင်တာတွေကို လုပ်ပြတတ်တဲ့ ရိုနယ်ဒို တယောက် ဒီတခု ကိုရော ထပ်ပြီး လုပ်ပြ နိုင်ဦးမှာလား . . . .

 

အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ ၊ သိရဖို့ကတော့ စောင့်ကြရဦးမှာပါပဲ

 

SPORTS MYANMAR