ကွန်တီ ဆီရောက်မလာခဲ့တဲ့ ခေါ်သံတခု နဲ့ မန်ချက်စတာ ယူနိုက်တက် ရာထူးဆက်မြဲနေဦးမယ့် ဆိုးရှား

 

ပြီးခဲ့တဲ့ စနေနေ့ ညနေခင်း ပွဲကစားလို့ ပြီးချိန်မှာ အိုလေ ဂန်နာ ဆိုးရှား ဟာ ကွင်းဘေးမှာ ရပ်ပြီး မီဒီယာ အင်တာဗျူး ဖြေကြားနေခဲ့ ပါတယ် ။

အင်တာဗျူး အပြီးမှာတော့ ဆိုးရှား ဟာ ကွင်းဘေးမှာ သူ့ကိုစောင့်ပြီး အမှတ်တရ ဓါတ်ပုံ ရိုက်ဖို့ ပြင်ဆင် နေတဲ့ တော့တင်ဟမ် ဟော့စပါး ( ဟုတ်ပါတယ် ၊ စပါး ပါ ) ပရိသတ်တွေကို သွားရောက် နှုတ်ဆက်ကာ ဓါတ်ပုံ ရိုက်ခဲ့ ကြပါတယ် ။

ဒီပွဲဟာ ဆိုးရှား အတွက် ဖိအားတွေကို အတန်အသင့် ဖြေလျော့ ပေးလိုက်တဲ့ ပွဲ ဖြစ်ပေမယ့် ပွဲသိမ်း ခရာမှုတ်ချိန်မှာ ပိုမို ပျော်ရွှင် ခဲ့တာက စပါး ပရိသတ်တွေ ဖြစ်နေခဲ့တာပါပဲ ။

စပါး နည်းပြ နူနို ဆန်းတိုစ့် နဲ့ ယူနိုက်တက် နည်းပြ ဆိုးရှား တို့ဟာ ဖိအားတွေအောက် အတူတူ ကျရောက် နေခဲ့တာ ဖြစ်ပြီး စနေနေ့ညနေခင်း က တော့တင်ဟမ် ဟော့စပါး ကွင်းထဲက ပွဲဟာ သူတို့ ၂ ယောက် အတွက် အဖြေတခုကို ထုတ်ပေး သွားခဲ့ ပါတယ် ။

တနင်္လာနေ့ နံနက် မှာတော့ နူနို ဆန်းတိုစ့် ရဲ့ တော့တင်ဟမ် ဟော့စပါး နည်းပြ ဘ၀ ဟာ ဆုံးခန်းတိုင် သွားခဲ့ပြီး အိုလေ ဂန်နာ ဆိုးရှား ကတော့ ညနေခင်းမှာ ချန်ပီယံလိဂ် ကစားဖို့ အတွက် အီတလီ ကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ထွက်ခွာ သွားခဲ့ ပါတယ် ။

နူနို ဆန်းတိုစ့် ကို ထုတ်ပယ်လိုက်တဲ့ စပါး ဟာ လစ်လပ် နေရာအတွက် ခပ်သွက်သွက် လှုပ်ရှားခဲ့ပါတယ် ။

သူတို့ဆီကို ရောက်လာဖို့ သဘောတူခဲ့သူ ကတော့ အန်တိုနီယို ကွန်တီပါ ။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်းက ကွန်တီ က သူဟာ အိုးထရက်ဖိုဒ့် ရဲ့ နံပါတ် ၁ နေရာကို ကျေကျေနပ်နပ် ရယူဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်လို့ The Athletic သတင်းဌာနက ကွန်တီ နဲ့ ရင်းနှီးသူတွေ ဆီက ကြားသိရတဲ့ သတင်းကို ပြန်လည် ဖော်ပြခဲ့ ပါတယ် ။

ဒါပေမယ့် ကွန်တီ စောင့်နေတဲ့ ဖုန်းဟာ မြည်မလာခဲ့ပါဘူး ။

Athletic ကတော့ စနေနေ့က ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ရှုံးနိမ့် ခဲ့မယ် ဆိုရင်တောင် ဘုတ်အဖွဲ့ဟာ ဆိုးရှား ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ဦးမှာ မဟုတ်သေးဘူးလို့ ဖော်ပြခဲ့ ပါတယ် ။

ယူနိုက်တက် ဘုတ်အဖွဲ့က ကွန်တီ ဟာ ဆိုးရှား ထက် သာလွန်တဲ့ အရည်အသွေး ရှိသူ ဖြစ်တာကို လက်ခံ ပေမယ့် အီတလီသားရဲ့ တဇွတ်ထိုး ဆန်တဲ့ အပြုအမူတွေဟာ အသင်းမှာ ကာလရှည်ကြာစွာ လုပ်ကိုင် နိုင်ဖို့ အလားအလာ နည်းပါး တာကြောင့် ( သတင်းကြီးနေလင့် ကစား ) ကွန်တီ ကို ဆက်သွယ်ဖို့ ဒွိဟ ဖြစ်နေခဲ့တယ် လို့ သိရ ပါတယ် ။

ဒါကြောင့် ကွန်တီ စောင့် နေတဲ့ ဖုန်းဟာ ဘယ်တော့မှ မြည်မလာခဲ့တာပါပဲ ။ စနေနေ့ည အပြီးမှာတော့ ကွန်တီ ဆီကို ဒန်နီရယ် လီဗိုင်း ဆီက ဖုန်းဝင်လာခဲ့ပြီးနောက် မှာတော့ အီတလီသားဟာ တချိန်က ချဲလ်ဆီး နဲ့ အောင်မြင် ခဲ့တဲ့ လန်ဒန် ကို နောက်တခေါက် ပြန်လာဖို့ စိတ်ပိုင်းဖြတ် သွားခဲ့ ပါတယ် ။

ဒါဆိုရင် ယူနိုက်တက် ဘုတ်အဖွဲ့က ဆိုးရှား ကို မထုတ်ပယ်တော့ဘူးလား . . . ဒီလိုလည်း မဟုတ်ပြန် ပါဘူး ။

Athletic ရဲ့ ဖော်ပြမှု အရ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ကွန်တီ ထက် မော်ရီစီယို ပိုချက်တီနို ကို ပိုမို သဘောကျနေပြီး စပါး နည်းပြဟောင်းဟာ ရာသီ အကုန်မှာ PSG ကနေ ထွက်ခွာဖွယ် ရှိတယ်လို့ တွက်ချက် ထားကြပါတယ် ။

ဘုတ်အဖွဲ့ဟာ ဆိုးရှား ကို အခွင့်အရေး ဆက်ပေးထားဦးမှာ ဖြစ်ပြီး ဇန်နဝါရီ မှာ ထပ်မံ ဖြည့်ဆည်းပေး သွားဖို့ အထိ စဉ်းစားထားတယ်လို့ ကြားသိရ ပါတယ် ။

လက်ကျန် နေ့ရက်တွေမှာ ဆိုးရှား ရဲ့ အနာဂါတ် ကို ဘုတ်အဖွဲ့က တိုင်ပင် ဆွေးနွေး နေကြမှာ ဖြစ်ပေမယ့် လတ်တလော မှာတော့ နော်ဝေသားဟာ အိုးထရက်ဖိုဒ့် ရဲ့ နံပါတ် ၁ အဖြစ် ဆက်လက် ရှိနေဦးမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR