ကွန်တီ ကို နည်းပြသစ် ခန့်အပ်နိုင်ခဲ့တာဟာ ကောင်းမွန်တဲ့ လုပ်ရပ် တခုလို့ ချီးကျူးလိုက်တဲ့ ဂျေမီ ရက်နပ်

စပါး အသင်းဟာ နည်းပြ နူနို ကို နည်းပြ ခန့်အပ်ပြီးနောက် 5 လ အကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ကာ သူ့ရဲ့ နေရာကို အီတလီသားကြီး ကွန်တီ နဲ့ အစားထိုးလိုက်ပြီ ဖြစ်ပါတယ်။

ကွန်တီ ဟာ လန်ဒန် ကလပ်နဲ့ ကနဦး 18 လ စာချုပ်သက်တမ်း ချုပ်ဆိုခဲ့သလို ၊ နောက်ထပ် သက်တမ်းတိုးခွင့် အချက်အလက်မျိုးပါ ထည့်သွင်းသွားခဲ့ ပါတယ်။

စပါးဟာ လွန်ခဲ့တဲ့ 3 နှစ်တာ ကာလ အတွင်း နည်းပြ 4 ယောက် အထိ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်လို့ ဥက္ကဌ လီဗေး အနေနဲ့ နည်ပြရွေးချယ်ရာမှာ အမှားတွေ ဆက်လုပ်လို့ မရဘူးလို့ ကစားသမားဟောင်း ဖြစ်သူ ရက်နပ် က သတိပေးသွားခဲ့ပြီး ၊ ကွန်တီ ကို ခန့်အပ်နိုင်ခဲ့တဲ့ အပေါ် ထောက်ခံချက် အပြည့် ပေးသွားခဲ့ ပါတယ်။

“ ကွန်တီ နည်းပြသစ် ဖြစ်လာတဲ့သတင်းဟာ စပါး ပရိသတ် အများစုကို ပျော်ရွှင်စေမယ် ဆိုတာ ကျနော် ပြောရဲပါတယ်။ သူဟာ ပထမတန်းစား မန်နေဂျာမျိုး ဖြစ်ပြီး ၊ ရောက်တဲ့ အသင်းတိုင်းမှာလဲ အလုပ်ကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာပါ။ ဒါကြောင့် ကွင်းထဲက အနေအထားတွေ ကောင်းကောင်း သုံးသပ်နိုင်တဲ့သူလို့ ပြောလို့ရပါတယ်။

စပါး အတွက်တော့ ကောင်းမွန်တဲ့ ခန့်အပ်မှု တခုပါပဲ။

ကျနော် နားမလည်တာ တခုက လွန်ခဲ့တဲ့ 4 လ လောက် ကတည်းက စပါးဟာ သူ့ကို ခေါ်ယူဖို့ မနိုင်ခဲ့ဘူးလား။ ဘာကြောင့် အခုမှ ဒီကိစ္စတွေ ဖြစ်လာတာလဲ။ အဲဒီတုန်းက ကလပ် အသင်းဟာ ကွန်တီ လိုချင်တဲ့ အပြောင်းရွှေ့ အသုံးစာရိတ်မျိုးတွေကို ထုတ်ပေးဖို့ ဆန္ဒမရှိတဲ့ အတွက် မျက်ကွယ်ပြုခဲ့တာ ထင်ပါတယ်။

ကွန်တီလို နည်းပြမျိုး လိုချင်တယ် ဆိုရင်တော့ သူတို့ ဖြစ်ချင်တဲ့ အတိုင်း လုပ်ပေးရမှာပါ။ အီတလီသားကြီး ဟာ သူ့ရဲ့ နည်းစနစ်တွေ အတိုင်း အံ့ဝင်အောင် ကစားပြနိုင်မယ့် ကစားသမားတွေပဲ လိုချင်မှာပဲလေ။ ဒီလုပ်ငန်းစဉ်တွေ အပေါ် သွားပြီး နှောက်ယှက်ပေးလို့ မရပါဘူး။

သူဟာ ဂျူဗင်တပ်မှာတုန်းက လက်ရှိ အားကစား ဒါရိုတ်တာ ပါရာတီချီ နဲ့ လက်တွဲပြီး အလုပ် လုပ်ခဲ့ဖူးပါတယ်။ အခု စပါးမှာလဲ သူတို့နဲ့ လက်တွဲညီညီ နဲ့ ပြန်ပြီး အလုပ်လုပ်ကြရင်း လမ်းကြောင်းမှန် တခုပေါ်ရောက်အောင် တည့်မတ်ပြရတော့မှာပါ။

စပါး ရဲ့ ပုံစံက ခေတ်မှီ လေ့ကျင့်စင်တာတွေ ၊ ပရိသတ်တွေ အများကြီး ဝင်ဆံ့တဲ့ အိမ်ကွင်းကြီး ကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ကွင်းထဲက ရလာဒ်တွေက အဲဒီ ပုံရိပ်တွေကို ကိုယ်စားပြုနိုင်ခြင်း မရှိပါဘူး။ ဘုတ်အဖွဲ့တွေ အကြားမှာ အမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်” လို့ သုံးသပ်ပြသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဥက္ကဌ လီဗေး အနေနဲ့ နည်းပြတွေ အပေါ် စိတ်ရှည်သီးခံပြီး စောင့်ကြည့်သင့်တဲ့ အကြောင်အရာတွေကို ထောက်ပြသွားသလို ၊ အမြဲတမ်း နည်းပြ အပြောင်းအလဲ လုပ်ပစ်နေလို့လဲ အဆင်မပြေနိုင်သေးတဲ့အကြောင်း အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ ပိုချက်တီနို ကိုယ်တိုင် လက်ရှိ ကစားသမား စာရင်းကို ပြန်လည် တည့်မတ်ပေးနိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသလို ၊ မော်ရင်ဟို နဲ့ နူနို တို့လဲ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကစားသမား စာရင်းက တော်တော်လေး ကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် တခုခုတော့ လွဲနေသလိုပါပဲ။

ဥပမာ ဟယ်ရီကိန်း ရဲ့ အခြေအနေ ဆိုရင် ကိုင်တွယ်ရတာ အရမ်း ရှုပ်ထွေးပါတယ်။ အသင်းပြောင်းချင်နေတဲ့ ကစားသမား တယောက်ကို ဆက်ထိန်းထားပြီး ကစားခိုင်းတဲ့ အနေအထားမှာ နည်းပြ တယောက် အတွက် ကိုင်တွယ်ရတာ မလွယ်ပါဘူး။

ဒါကြောင့် အသင်းမှာ လွဲနေတဲ့ အချက်တွေက အများကြီး ရှိပါတယ်။ ဘုတ်အဖွဲ့အဝင်တွေ အနေနဲ့ နည်းပြတွေ ထုတ်လိုက် ခန့်လိုက် လုပ်နေလို့ မရပါဘူး။ အခု ကွန်တီ ဆိုရင် ထိပ်တန်း မန်နေဂျာ တယောက်ပါ။ လမ်းကြောင်းမှန် တည့်မတ်နိုင်ဖို့ ဆိုတာ နေ့ချင်း ညချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို အသင်းက တာဝန်ရှိသူတွေ အနေနဲ့ အတူူတူ လက်တွဲပြီး ပူးပေါင်း လုပ်ဆောင်ရမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM