ကွင်းလယ်ဒိုင် လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ကိုင်တွယ်ရအခက်ခဲဆုံး ကစားသမားကို ပြောပြလိုက်တဲ့ မိုက်ကယ်အိုလီဗာ

ပရီးမီးယားလိဂ် ဒိုင်လူကြီး ဖြစ်သူ မိုက်ကယ်အိုလီဗာက နယူးကာဆယ် မန်စီးတီး နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း ဖြစ်သူ ခရိတ်ဘယ်လာမီဟာ သူ့ရဲ့ ဒိုင်လူကြီး ဘ၀ သက်တမ်းတစ်လျှောက် ကိုင်တွယ်ရတာ အခက်ခဲဆုံး ကစားသမား ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။ အိုလီဗာဟာ ဖခင်ဖြစ်သူ ဒိုင်လူကြီးဟောင်း ကလစ်ရဲ့ ဦးဆောင် လမ်းပြမှုနဲ့ အတူ ပရော်ဖက်ရှင်နယ် တစ်ဦး ဖြစ်လာခဲ့တာ နှစ်ပေါင်း ၂၀ ပတ်၀န်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ အိုလီဗာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီးတွေထဲက တစ်ဦး ဖြစ်ရုံသာမကဘဲ ဘောလုံးလောကရဲ့ ပွဲကြီးပွဲကောင်းတွေကိုလည်း ကိုင်တွယ်ခွင့် ရထားတဲ့ ဒိုင်တစ်ဦး ဖြစ်ပါတယ်။ The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အိုလီဗာက ဝေးလ်လက်ရွေးစင် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဘယ်လာမီဟာ ဒိုင်လူကြီးတွေ အတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

ကိုင်တွယ်ရ အခက်ခဲဆုံး ကစားသမားကို မေးမြန်းရာမှာ အိုလီဗာက “ခရိတ်ဘယ်လာမီဟာ ကိုင်တွယ်ရတာ အရမ်းကို ခက်ခဲပါတယ်။ ဒိုင်လူကြီးတွေ အတွက် ကိုင်တွယ်ရ ခက်ခဲတဲ့ အသင်းတစ်ချို့ ရှိပါတယ်။ ရာသီအစ တာထွက် မကောင်းခဲ့တဲ့ အသင်းတွေ…ဒါကတော့ level တိုင်းမှာ အတူတူ ပါပဲ။ ပြီးတော့ ရှုံးပွဲ ကြုံလေ့ မရှိတဲ့ အသင်းတွေ ဖြစ်ပြီး သူတို့အတွက် စိတ်ပျက်လက်ပျက် ဖြစ်မှု အခြေအနေဟာ ပိုမို မြင့်မားလေ့ ရှိပါတယ်။

ဒါပေမယ့် ကစားသမား တစ်ဦးကို ညွှန်ပြရမယ် ဆိုရင်တော့ ဒါဟာ ဘယ်လာမီပဲ ဖြစ်မှာပါ။ ကျွန်တော် သူ့ကို ၂ နှစ် ၃ နှစ်လောက် ကြည့်ခဲ့ပါတယ်။ ကျွန်တော်ဟာ နယူးကာဆယ် ပရိတ်သတ်ပါ။ ကိုယ့်အနေနဲ့ ဒီလို ကစားသမားမျိုးကို အသင်းမှာ ရှိစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ winner တစ်ဦး ဖြစ်လို့ပါ။ ဒါပေမယ့်လည်း သူဟာ ဒိုင်လူကြီးတွေ အတွက်တော့ အိမ်မက်ဆိုး တစ်ခုပါပဲ။ အကယ်၍ ကိုယ်က သူ့ကို အမဲလို့ ပြောလိုက်ရင် သူက အဖြူလို့ ပြန်ပြောမယ့်သူပါ။” လို့ ဆိုလိုက်ပါတယ်။

ဘယ်လာမီဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်က ဒိုင်လူကြီးတွေကို ပြသနာတွေ များစွာ ပေးကာ ကွင်းထဲမှာ အလုပ်ရှုပ်စေခဲ့တဲ့သူ အဖြစ် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ ဘယ်လာမီနဲ့ ပက်သက်ပြီး ဒီလို ပြောတဲ့ ဒိုင်လူကြီးဟာ အိုလီဗာ တစ်ဦးတည်း မဟုတ်ဘဲ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ PL ဒိုင်လူကြီးဟောင်း မက်ကလန်တန်ဘတ်ကလည်း ဝေးလ်ကြယ်ပွင့်ဟောင်းဟာ သူ့အတွက် အိမ်မက်ဆိုး ကစားသမား ဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

ကလန်တန်ဘတ်က “သူဟာ ကိုယ်အမှား လုပ်ထားတာတောင်မှ အမှန်လို့ ထင်တဲ့သူပါ။ သူ မန်စီးတီးမှာ ကစားခဲ့စဉ်တုန်းက ကျွန်တော် တစ်ကြိမ် အမှားလုပ်ခဲ့တာကို သူ့ဘက်က ပြောလို့ကို မပြီးတော့ပါဘူး။ မသိရင် သူက ဒိုင်လူကြီး ကျနေတာပါပဲ။ ကစားသမားတွေနဲ့ အပြိုင် ငြင်းခုန်နေရတာဟာ ကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲအတွင်းမှာ သူတို့ဟာ ဆုံးဖြတ်ချက် တစ်ချို့ကို မကျေမနပ် ဖြစ်တက်မျိုး ရှိတက်တာကို ကျွန်တော် သိလို့ပါ။ ဒါ့ကြောင့် တစ်ခါတစ်ရံ သူတို့ကို နောက်ပြောင်ရတက်ပြီး တစ်ချို့အချိန်တွေမှာတော့ ဒီလိုမျိုး လုပ်လို့ မရပါဘူး။ ကျွန်တော်ဟာ ကစားသမားတိုင်းကို ဒီလိုပဲ ဆက်ဆံပါတယ်။

ပွဲတစ်ပွဲမှာ ပထမပိုင်းအပြီး ခရိတ်ဘယ်လာမီဟာ ကျွန်တော့်ကို ခွေးနဲ့နှိုင်းကာ ဆဲခဲ့ပါတယ်။ ကျွန်တော် ဒီအတွက် သူ့ကို သတိပေးခဲ့ပါတယ်။ အဲဒီနောက် မန်စီးတီး အသင်းထံ ‘မင်းတို့ ဒီလို ကစားသမားကို တစ်ပတ်လုံး ဘယ်လိုများ အဆင်ပြေအောင် ဆက်ဆံနေသလဲ?’ လို့ မေးခဲ့ပါတယ်။ မီဒီယာတွေထံကနေ ရတဲ့ report တွေကလည်း ဆိုးပါတယ်။ ဘာလို့လဲဆိုတော့ ကွင်းထဲမှာ ပြောခဲ့တဲ့ အရာ မှန်သမျှကို ကွင်းထဲမှာပဲ ထားထားခဲ့သင့်လို့ပါ။” လို့ ဆိုခဲ့ပါတယ်။

SM