“ကျွန်တော် ဂရုကို မစိုက်တာဗျာ ” ကွန်တီ စပါး နည်းပြ ဖြစ်လာတဲ့ အပေါ် ပြတ်ပြတ်သားသား တုန့်ပြန်လိုက်တဲ့ အူဘာမီယန်း

အာဆင်နယ် အသင်း ခေါင်းဆောင် အူဘာမီယန်း က မြို့ခံ ပြိုင်ဘက် စပါး အသင်း ကွန်တီ ကို နည်းပြ အဖြစ် ခန့်လိုက်တဲ့ အပေါ် စိုးရိမ်စိတ် လုံးဝ မရှိကြောင်း နဲ့ ဂရုလည်း စိုက်နေမှာ မဟုတ်ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ စပါး အသင်းဟာ ခါးသီးလှတဲ့ မြို့ ခံ ပြိုင် ဘက် တွေ ဖြစ်ကြပြီး ထိပ်တိုက် တွေ့ဆုံတိုင်း ပရိသတ် တွေကြားမှာကော ၊ ကစားသမားတွေကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ အသင်းတွေလည်း ဖြစ်ပါတယ် ။

ဒီရာသီအစမှာ အာဆင်နယ် နဲ့ စပါး အသင်းဟာ ခြားနားတဲ့ ရလဒ်တွေ ထွက်ပေါ် ခဲ့ကြပြီး စပါး ကအမှတ်ပေး ဇယား ထိပ်ဆုံး ၊ အာဆင်နယ် က အောက်ဆုံး အထိ ရောက်နေ ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူပြီး အဆင့် ၅ နေရာ အထိ ပြန်လည် တက်လှမ်း နိုင်ခဲ့ပါတယ် ။

စပါး အသင်းကတော့ ရလဒ်တွေ ဆိုးရွားလာတာကြောင့် နည်းပြ နူနို ဆန်တိုစ့် ကို ထုတ်ပယ်ပြီး ကွန်တီကို နည်းပြအဖြစ် ခန့်အပ် ခဲ့ပါတယ် ။ ကွန်တီ ဟာ ဂျူဗင်တပ်စ် ၊ ချဲလ်ဆီး ၊ အင်တာမီလန် အသင်းတို့နဲ့ အတူ အမှတ်ပေး ဖလားတွေ ရယူခဲ့ဖူးသူ ဖြစ်တာကြောင့် သူ့လက်အောက်မှာ စပါး အသင်း အခြေအနေပြန်ကောင်းလာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ် ။

နာမည်ကြီး နည်းပြ တစ်ဦး ဖြစ်တဲ့ ကွန်တီ တစ်ယောက် မြို့ခံပြိုင်ဘက် စပါးကို ရောက်လာပေမယ့် သူကတော့ လုံးဝ ဂရုစိုက်နေမှာ မဟုတ်ကြောင်း အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း က Sky Sports နဲ့ အင်တာဗျူးမှာ ရယ်မောပြီး ဖြေကြား သွားခဲ့ပါတယ် ။

” ကျွန်တော် လုံးဝဂရုမစိုက်ပါဘူး ၊ ကျွန်တော် အရိုးသားဆုံး ပြောတာပါ ၊ သူတို့ကို ဂရုကို မစိုက်တာဗျာ ။ သူတို့က ကျွန်တော့်အတွက် ပြဿနာ မဟုတ်ပါဘူး ။ ”

ကွန်တီ နည်းပြ ဖြစ်လာတာဟာ အာဆင်နယ် အသင်း အတွက် စိုးရိမ်စရာ ဖြစ်သလား ဆိုတဲ့ မေးခွန်းကို အူဘာ က ” လုံးဝ မစိုးရိမ်မိပါဘူး ၊ ရာနှုန်းပြည့်ပါပဲ ၊ သေချာပါတယ် ။ ” လို့ ရယ်မောပြီး ထပ်မံ ဖြေကြား သွားခဲ့ပါတယ် ။

စပါး အတွက် ကစားမလား ၊ ဒါမှမဟုတ် ကစားသမားဘဝ က အနားယူမလား ဆိုတဲ့ မေးခွန်းကိုလည်း အူဘာ က ” ဒီမေးခွန်းက မေးစရာကို လိုမယ် မထင်ပါဘူး ၊ ခင်ဗျားလည်း အဖြေသိပြီးသားပါ ၊ အနားပဲ ယူလိုက်ပါမယ် ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော် စပါးကို ရောက်ဖို့ နီးစပ် ခဲ့ပါတယ် ၊ ဒါပေမယ့် သူတို့ ဘာတွေ လုပ်မှန်းကို မသိပါဘူး ၊ ဒါကြောင့် သူတို့ဆီ ပြောင်းမယ့်အစား အနားပဲ ယူလိုက်ပါမယ် ။ ”

” ကျွန်တော် အမှတ်မမှားဘူး ဆိုရင်ပေါ့ ၊ စိန့်အက်တီယန် မှာလား ဒေါ့မွန် ကစားသမား ဘဝ အစမှာလား ပဲ ၊ ကျွန်တော် သေချာတော့ မမှတ်မိပါဘူး ၊ ကျွန်တော် စပါး လေ့ကျင့်ရေးကွင်း နဲ့ ဘောလုံးကွင်းအထိ လာရောက် ခဲ့ဖူးပါတယ် ၊ ဒါပေမယ့် သူတို့ဘက်က ကျနော့် ဘာအဖြေမှ မပေးသလို ပြန်ဆက်သွယ်တာမျိုးလည်း မရှိပါဘူး ။ သူတို့ဘက်က အဲ့လိုဆိုတော့ ကျွန်တော့်ဘက်ကလည်း ‘ ရတယ်လေ ၊ ကိစ္စ မရှိဘူး ‘ ဆိုပြီး ပြန်လာခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM