‘ ကျွန်တော်တို့ဆို သူ့ကို ကြည့်ရင်း ၊ အော်ဟစ်နေခဲ့တာပါ ‘ – မန်ယူနိုက်တက်နဲ့ ပွဲက ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ စွမ်းဆောင်ရည် အပေါ် စိတ်ပျက်ခဲ့ကြတဲ့ အလန်ရှီးယားနဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာ နည်းပြ အပြောင်းအလဲ လုပ်ထားပြီး ၊ တည်ငြိမ်မှု ရဖို့ ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ၊ ချန်ပီယံ ပြေးလမ်းကြောင်းမှာ အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ် ။

ထိုပွဲမှာ အဖွင့်ဂိုး ကို ဧည့်သည် ယူနိုက်တက်ဖက်က ဒုတိယပိုင်း အစ ၁၀မိနစ် အတွင်း ရရှိခဲ့ပြီး ၊ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ အမှားကို ယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒင် ဆန်ချို က အခွင့်ကောင်းယူကာ ၊ အသင်းသစ် အတွက် ပထမဆုံး ပရီးမီးယား သွင်းဂိုး ကို ရယူသွားခဲ့ပါတယ် ။

ချဲလ်ဆီး အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ ဂျော်ဂျင်ဟို က သူ့ရဲ့ အမှားကို ပြန်လည် ဖာထေးတဲ့ အနေနဲ့ ၊ ရလာတဲ့ ပင်နယ်တီ အခွင့်အရေးကို အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီး အသင်း ဟာ open play တွေကနေ ဂိုးရဖို့ အခွင့်အရေး အချို့ ဖန်တီးနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် အခုထိ ဖြေရှင်းမရသေးတဲ့ အဆုံးသတ် ပြဿနာ က ချဲလ်ဆီးကို ထပ်မံ ဒုက္ခပေးခဲ့ပြန်ပါတယ် ။ အထူးသဖြင့် ဒဏ်ရာကြောင့် တလကျော်ကြာ အနားယူခဲ့ရပြီးနောက် ၊ ထိုပွဲမှာ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ အပိုင် အခွင့်အရေး ၂ကြိမ် ရခဲ့ပြီး ၊ တက်တက်စင် လွဲအောင် အဆုံးသတ်ခဲ့ပါတယ် ။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က သူနဲ့ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်တို့ဟာ စတူဒီယို အတွင်း တီမို ဗာနာရဲ့ အဆုံးသတ်ပုံတွေ အပေါ် အားမလို အားမရ ဖြစ်ခဲ့တာကြောင့် ၊ ပွဲကြည့်နေရင်း အော်ဟစ်ခဲ့ရတဲ့ အကြောင်းကို အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

BBC Match of the day အစီအစဉ်မှာ အလန်ရှီးယား က ” ဒီနေ့ဟာ တီမို ဗာနာရဲ့ နေ့ မဟုတ်ခဲ့ပြန်ပါဘူး ။ သူ့ကို ကြည့်ရတာ ချဲလ်ဆီးမှာ ကစားတာ မလုံလောက်သေးသလိုပါပဲ ။ လစ်ပ်ဇစ်က သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် ၊ သူဟာ တကယ့် နံပါတ် ၉ တိုက်စစ်မှူး ပုံစံ ဂိုးမျိုး သွင်းယူနိုင်ခဲ့တာကို တွေ့ရမှာပါ ။ ”

” ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာတော့ ဒီလို ပုံစံမျိုး မကစားရပါဘူး ။ အကြောင်းအရင်း ကတော့ သူဟာ နေရာစုံကနေ ဂိုးတွေ သွင်းယူနိုင်ဖို့ လေ့ကျင့်နေရတာကြောင့် ဖြစ်နိုင်ပါတယ် ။ ဒါက သူ့ကို နေရာ တသမတ်တည်းကနေ ဂိုးသွင်းနိုင်ဖို့ ခက်ခဲစေတဲ့ပုံ ပေါ်ပါတယ် ။ နောက်ပြီး သူ့အနေနဲ့ အထောင် တိုက်စစ် နေရာကို ဂိုးသွင်းရမယ့် အချိန်မှာ ရောက်ဖို့ လိုပါတယ် ။ ”

” ဒီနေရာမှာ ရိစ်ဂျိမ်းစ်နဲ့ အတူ သေသေချာချာ လေ့ကျင့်ရင် ၊ သူက ခင်ဗျားကို ဂိုးရနိုင်ဖို့ ကောင်းကောင်း ပံ့ပိုးပေးမှာပါ ။ ဒီလိုသာ ကစားနိုင်မယ် ဆိုရင် ဂိုးရှေ့မှာ စောင့်ရင်း ၊ သူ့အနေနဲ့ ရလာတဲ့ အခွင့်အရေးတွေကို အတိုင်းသား ပိတ်သွင်းရုံပါပဲ ။ ဇီယက်ချ်နဲ့ ဆိုရင်လည်း ဒီလို ပုံစံမျိုး နားလည်မှု ရှိရှိ ချိတ်ဆက် ကစားလို့ ရပါတယ် ။ ”

” ကျွန်တော်နဲ့ ရိုက်တီ ( အီယန်ရိုက် ) တို့ဟာ သူ့ကို ကြည့်ရင်း ၊ အားမရလို့ ဒီကနေ တချိန်လုံး လှမ်းအော်နေခဲ့ကြတာပါ ။ သူဟာ မလိုအပ်ပဲ အရာရာ ကို ပိုမို ခက်ခဲအောင် လုပ်နေသလိုပါပဲ ။ တယောက်ယောက် က သူ့ရဲ့ တဦးချင်း အရည်အသွေး ပိုမို တိုးတက်လာဖို့ကို အနီးကပ် လေ့ကျင့်ပေးဖို့ လိုနေပါပြီ ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ဂိုးပေါက်ရှေ့ က လှုပ်ရှားမှုတွေက လိုအပ်ချက် များစွာ ရှိနေလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR