ကိုဗစ်ကူးစက်မှုပြင်းထန်ချိန်မှာ အတင်းကစားခိုင်းလို့ ၉ ယောက်တည်းနဲ့ ဝင်ကန်ပြီး ပွဲရပ်လိုက်ရတဲ့ ပေါ်တူဂီလိဂ် ပွဲစဉ်

ပေါ်တူဂီ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ ဘီလန်းနက်စ် နဲ့ ဘင်ဖီကာ အသင်းတို့ ရဲ့ ပွဲကတော့ ဒုတိယပိုင်း အစမှာတင် ပွဲပျက် သွားခဲ့ရ ပါတယ် ။

ဘင်ဖီကာ အသင်းဟာ ပထမပိုင်းမှာတင် ၇-၀ နဲ့ အနိုင် ရရှိ နေခဲ့တာ ဖြစ်ပြီး လူမစုံတဲ့ ဘီလန်းနက်စ် ဟာ အရန်လူ လုံး၀ မပါဘဲ ကွင်းထဲမှာလည်း ကစားသမား ၉ ဦး တည်းနဲ့သာ ကစားခဲ့ရတာ ဖြစ်ပါတယ် ။

ပေါ်တူဂီ ဘောလုံး ပရိသတ်တွေ ကတော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ပေါ်တူဂီပရီးမီးယားလိဂ် အဖွဲ့ချုပ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆို သွားခဲ့ကြ ပါတယ် ။

ဘီလန်းနက်စ် အသင်းဟာ ကိုဗစ် ကူးစက်မှု ကို ပြင်းပြင်း ထန်ထန် ခံ ထားရပြီး အသင်းသား နဲ့ ဝန်ထမ်း ၁၄ ဦးဟာ ကွာရန်းတင်း ဝင်ရောက် နေခဲ့ရပါတယ် ။

ဒါကြောင့် သူတို့ဟာ ဘင်ဖီကာ ကို ကစားသမား ၉ ယောက်တည်းနဲ့ ရင်ဆိုင် ခဲ့ရပြီး ဂိုးသမား ၂ ယောက် ( ၁ ယောက် ဂိုးဖမ်း ၊ နောက်တယောက် ဝင်ကန် ) နဲ့ ကစားခဲ့ရ ပါတယ် ။

ဒုတိယပိုင်း ပြန်အစ မှာတော့ ကွင်းထဲမှာ ကစားနေတဲ့ ဂိုးသမား ဒဏ်ရာ ရရှိမှုဟာ ဘီလန်းနက်စ် ကို ကစားသမား ၆ ဦး ( အစောပိုင်းမှာ ၂ ယောက်နာပြိး ထွက်ထား ) တည်းသာ ကျန်ရှိ စေတော့တာကြောင့် ကွင်းလယ်ဒိုင် မန်နူရယ် မိုတာ က ပွဲကို ရပ်နား လိုက်ရပါတယ် ။

( အသင်းတသင်း က ကစားသမား ၅ ဦးထက် ပိုပြီး မရှိတော့ရင် / ထုတ်ပယ်ခံရရင် ပွဲရပ်နားပြီး ပြိုင်ဘက်ကို ၃-၀ နဲ့ အနိုင်ပေးရ ပါတယ် )

ကွင်းထဲကို လာကြည့်ကြတဲ့ ပရိသတ်တွေ ကတော့ ပေါ်တူဂီလိဂ် ရဲ့ ပွဲရပ်နား ရွှေ့ဆိုင်း မပေးမှု ကို ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ကြပြီး ကစားနေစဉ် အတွင်းမှာလည်း “ဒီလိဂ် က ကျက်သရေ မရှိဘူး” လို့ အော်ဟစ် ခဲ့ကြ ပါတယ် ။

 

ဘီလန်းနက်စ် အသင်း နည်းပြ ဖိလစ် ကန်ဒီဒို ကလည်း ဒီပွဲ ကို ရွှေ့မပေးတာကြောင့် ယူ-၂၃ က ကစားသမားတွေ ကိုပါ ခေါ်ထည့်ပြီး ကစားခဲ့ရတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီနေ့ နေ့လည်ပိုင်း တုန်းက ဒီပွဲကို ကျွန်တော်တို့ မကစားလိုဘူးလို့ အဖွဲ့ချုပ်ကို အကြောင်းကြားခဲ့ ပါတယ် ။ အသင်းမှာ ဒီပွဲကို ကစားနိုင်လောက်တယ် ဆိုတဲ့ ဘောလုံးသမား က ၈ ယောက်ပဲ ရှိပါတယ် ။

ဒါကြောင့် ကွင်းထဲကို ဝင်ဖို့ က မဖြစ်နိုင်ခဲ့ ပါဘူး ။ ဒီနေ့ ဒီလို ကစားခဲ့ရတာဟာ ကျွန်တော်တို့ အားလုံး အတွက် အရှက်ရ စရာပါပဲ” လို့ ပြောဆိုခဲ့ ပါတယ် ။

ဘင်ဖီကာ အသင်းရဲ့ ဥက္ကဌ ရူအီ ကော်စတာ ကလည်း သူတို့ အနေနဲ့ ပွဲ မရွှေ့ဆိုင်းတဲ့ အတွက် ရှောင်လွှဲ မရတဲ့ပွဲ ကို မကစားချင်ဘဲ ကစားခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

“ဒီအခြေအနေမျိုးနဲ့ ကွင်းထဲကို ဝင်မကစားချင် ပါဘူး ။ ဒါပေမယ့် ဘင်ဖီကာ က မကန်ဘဲ နေလို့ မရအောင် ဖြစ်လာခဲ့ရ ပါတယ် ။

ဒီနေ့ မြင်ခဲ့ရတာ ဖြစ်ခဲ့ရတာတွေ က တကယ့်ကို နောင်တရစရာတွေ ပါပဲ ၊ ပေါ်တူဂီ လိဂ် အတွက်ရော နိုင်ငံ အတွက်ရောပါ” လို့ ပြောဆိုခဲ့ ပါတယ် ။

ဘီလန်းနက်စ် ကစားသမားတွေ ဘက်ကလည်း “ဘောလုံးမှာ ယှဉ်ပြိုင်လိုတဲ့ နှလုံးသား ရှိတယ် ၊ အားကစား ဆန်တဲ့ နှလုံးသား ရှိတယ် ၊ ပြည်သူလူထု ကျန်းမာရေး အတွက် ဥပမာကောင်း တခု ဆန်တဲ့ နှလုံးသား ရှိပါတယ် ။ ဒီနေ့ မှာတော့ ဒီ နှလုံးသားကို ဆုံးရှုံး ခဲ့ရပါတယ်” လို့ ပူးပေါင်း ထုတ်ပြန်မှု တခုကို ပြုလုပ် သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ကလည်း “ဒါက ဘာကြီးလဲ ? ဒီပွဲ ကို မရွှေ့ဆိုင်းတာ နဲ့ ပတ်သက်ပြီး ကျွန်တော် တယောက်ပဲ နားမလည် နိုင်အောင် ဖြစ်နေ ခဲ့တာလား” လို့ ဆိုရှယ် မီဒီယာ ပေါ်မှာ ရေးသား သွားခဲ့ ပါတယ် ။

ဘီလန်းနက်စ် ဟာ ပေါ်တူဂီ ပရီးမီးယားလိဂ် ရဲ့ အဆင့် ၁၆ နေရာမှာ ရှိနေတာ ဖြစ်ပြီး အခု ဖြစ်စဉ် ကြောင့် ဘင်ဖီကာ ကို ၃-၀ နဲ့ ( ဘောလုံး ဥပဒေစည်းမျဉ်း အရ ) အရှုံး ပေးရဖို့ ရှိနေပြီလို့ သိရ ပါတယ် ။

 

SPORTS MYANMAR