ကာဟေးလ်နဲ့ ခိုက်မိရာမှာ ၊ ဦးခေါင်း ဒဏ်ရာ ရခဲ့စဉ် ၊ ကွန်တီရဲ့ နွေးထွေးတဲ့ လုပ်ရပ် တခု အကြောင်း ပြန်ပြောင်း ပြောပြလာတဲ့ ရိုင်ယန် မေဆင်

တော့တင်ဟမ် အသင်း ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ပတ်ခန့်ကမှ နည်းပြသစ် ရာထူးကို ချဲလ်ဆီး ၊ အင်တာမီလန်နဲ့ ယူဗင်တပ် နည်းပြဟောင်း အန်တိုနီယို ကွန်တီကို တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ် ။ ကွန်တီ ဟာ ထိုမတိုင်ခင် က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ၊ အဆုံးမှာ တော့တင်ဟမ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ် ။

ဒီရာသီ မစတင်ခင် က နူနို ဆန်တို ကို နည်းပြ အဖြစ် မခန့်အပ်ခင် ၊ တော့တင်ဟမ် ဟာ ကွန်တီ ကို ချဉ်းကပ်မှုတွေ လုပ်ခဲ့ပေမယ့် ၊ ၄င်းဖက်မှ တောင်းဆိုမှုတွေနဲ့ ကမ်းလှမ်းမှု က ကိုက်ညီခဲ့ခြင်း မရှိတာကြောင့် ၊ ရာထူး အတွက် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပါတယ် ။

အခုအခါမှာ ညှိုနှိုင်းမှု ပြန်ရပြီး ၊ တော့တင်ဟမ် နည်းပြသစ် ဖြစ်လာတဲ့ ကွန်တီ ဟာ ယူရိုပါ ကွန်းဖရန့် အုပ်စုပွဲ တပွဲနဲ့ ပရီးမီးယားလိဂ် တပွဲ ကိုင်တွယ်ထားပြီး ဖြစ်ပါတယ် ။ လက်ရှိ နည်းပြ အဖွဲ့ထဲမှာလည်း ကွန်တီ ဟာ ၄င်းနဲ့ နဂိုကတည်းက လက်တွဲထားတဲ့ အဖွဲ့ဝင် အချို့ကို ပြန်ခေါ်ထားသလို ၊ ယာယီ နည်းပြဟောင်း ရိုင်ယန် မေဆင်ကိုလည်း အဖွဲ့ဝင် တဦး အဖြစ် ဆက်လက် ခန့်ထားတာကို တွေ့ရပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ကာရာဘောင် ဖလား ဗိုလ်လုပွဲ မတိုင်မီ ၊ တော့တင်ဟမ်ဖက်မှ ဟိုဆေး မော်ရင်ဟို ကို နည်းပြ ရာထူးမှ ဖယ်ရှားအပြီး ၊ ရိုင်ယန် မေဆင် ဟာ ကလပ်ကို ရာသီကုန်အထိ ယာယီ ကိုင်တွယ်ဖို့ တာဝန်ပေးခံခဲ့ရပါတယ် ။ ၄င်းဟာ ရာသီသိမ်း နောက်ဆုံးပွဲမှာ လက်စတာ ကို ၂ – ၄ နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့လို့ ၊ ယူရိုပါ ကွန်းဖရန့်လိဂ် ဝင်ခွင့် ကို ရရှိခဲ့ပါတယ် ။

၄င်းဟာ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီ ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ချဲလ်ဆီး – ဟူးလ်စီးတီး ပွဲမှာ ချဲလ်ဆီး နောက်ခံလူဟောင်း ဂယ်ရီ ကာဟေးလ်နဲ့ ခိုက်မိခဲ့ရာက တဆင့် ၊ ကစားသမား ဘဝ အဆုံးသတ်စေခဲ့တဲ့ ဦးခေါင်း ဒဏ်ရာမျိုး ရခဲ့ပါတယ် ။ ထိုစဉ်က ချဲလ်ဆီး အသင်းကို အန်တိုနီယို ကွန်တီ က တာဝန်ယူ ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ် ။

ရိုင်ယန် မေဆင် ဟာ ထိုဒဏ်ရာ ရရပြီးချင်း ၊ ဆေးရုံသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ် ။ ကွန်တီ ဟာ ထိုပွဲအပြီး နောက်တရက်မှာ ရိုင်ယန် မေဆင်နဲ့ သူ့ရဲ့ မိသားစုဝင်တွေကို လာရောက် ကြည့်ရှုခဲ့ပြီး ၊ ဒဏ်ရာ အခြေအနေ မေးမြန်းမှုတွေ လုပ်ခဲ့ကာ ၊ လူကြီးသူကောင်း ဆန်တဲ့ အပြုအမူမျိုး ပြသခဲ့ပါတယ် ။

ယင်းအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရိုင်ယန် မေဆင် က တော့တင်ဟမ် အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ” အရိုးသားဆုံး ပြောရရင် ၊ အဲဒီတုန်းက အဖြစ်အပျက် ဟာ ထူးဆန်းတဲ့ ခံစားမှုမျိုး ပေးစေတယ်ပဲ ဆိုရပါမယ် ။ ကျွန်တော် ဟာ ကွန်တီ ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီး အသင်းကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ ။ ”

” ပွဲအပြီး နောက်နေ့မှာ သူ ဆေးရုံကို ရောက်လာခဲ့ပြီး ၊ ကျွန်တော်နဲ့ မိသားစုဝင်တွေကို တွေ့ဆုံ စကားပြောခဲ့ပါတယ် ။ ဦးခေါင်း ဒဏ်ရာကြောင့် ကျွန်တော်လည်း အဲဒီ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းကြီး မမှတ်မိတော့ပါဘူး ။ ဒါပေမယ့် လူနာ ကုတင်ဘေးမှာ သူ ကျွန်တော်နဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံ တပုံတော့ ရှိပါတယ် ။ ”

” ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ လူကြီးသူကောင်း ဆန်တဲ့ ပုဂ္ဂိုလ် တဦးဆိုတာ သိနိုင်မှာ ဖြစ်ပါတယ် ။ နောက်ပြီး ကျွန်တော့ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမား ဘဝ တပွဲတည်းသော ပွဲကစားခွင့် ဟာလည်း သူ ကိုင်တွယ်ခဲ့တဲ့ အီတလီ အသင်းကို ၂၀၁၅ ခုနှစ်မှာ ရင်ဆိုင်ခဲ့ရတုန်းက ဖြစ်ပါတယ် ။ ”

” အခုအခါမှာ သူနဲ့ ကျွန်တော် တသင်းတည်းမှာ အတူ ရှိနေပြီး ၊ တော့တင်ဟမ် အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ သမိုင်း မှတ်တမ်းကောင်းတွေ စိုက်ထူနိုင်ဖို့ မျှော်လင့်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ကွန်တီကလည်း ရိုင်ယန် မေဆင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ချပြခဲ့ပါတယ် ။

ကွန်တီ က ” ဒါက အရမ်း ထူးဆန်တဲ့ အခြေအနေ တရပ် ဖြစ်ခဲ့ပါတယ် ။ ရိုင်ယန်ရဲ့ ဒဏ်ရာ က အရမ်း ပြင်းထန်ခဲ့တာကြောင့် ၊ ကျွန်တော် သူနဲ့ မိသားစုဝင်တွေကို ဆေးရုံမှာ သွားတွေ့ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ သူ တော့တင်ဟမ် ယာယီ နည်းပြ အဖြစ် ၂လတာ တာဝန်ယူခဲ့တုန်း က သူ့အကြောင်း ကျွန်တော် စောင့်ကြည့်ခဲ့ပါသေးတယ် ။ ”

” အခု တော့တင်ဟမ်ကို ကျွန်တော် ရောက်လာတဲ့အခါမှာတော့ ၊ သူဟာ စိတ်ရင်းကောင်းတဲ့ ပုဂ္ဂိုလ် တယောက် ဆိုတာ တွေ့ရှိလိုက်သလို ၊ ပြီးခဲ့တဲ့ ၂လတာ ကာလ ဟာ သူ့အတွက် အရမ်းကောင်းတဲ့ အတွေ့အကြုံ ပမာဏ တရပ် ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR