ကာရစ် ဆုံးဖြတ်ချက် ပြတ်သားခဲ့တဲ့ ဗီလာ ရီးယဲ 0 – 2 ယူနိုက်တက် ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ..

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် စပိန်မြေမှာ ဗီလာ ရီးယဲ အသင်းကို သွားရောက် ရင်ဆိုင်ခဲ့ပြီး အဝေးကွင်းမှာ 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ သုံးပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးနေမှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ဆိုးလ်ရှား မရှိတဲ့နောက် ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ် က ပထမဆုံး အကြိမ် ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး အဖိုးတန် နိုင်ပွဲနဲ့ အတူ အုပ်စု ပွဲစဉ် 5 အပြီးမှာပဲ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိ စေခဲ့တာပဲ ဖြစ်ပါတယ် ။

တကယ်တော့ ဒီပွဲက ယူနိုက်တက် အတွက် အနိုင် ရရှိရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မဲ့ ပွဲစဉ်မျိုး ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ သရေ ရလဒ်သာ ထွက်ဦးမယ် ဆိုရင်လည်း ယန်းဘွိုင်းစ် ကို အိမ်ကွင်းမှာ အနိုင် ကစားပြီး နောက်တစ်ဆင့် တက်နိုင်ခွင့် ရှိသေးတဲ့ အတွက် ကာရစ် က အဓိက ကစားသမား နှစ်ဦးကို အနားပေးခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ခံစစ်ရော တိုက်စစ်ပါ အတော်အသင့် ကောင်းမွန်အောင် ကစားနိုင်စွမ်းရှိကြတဲ့ တော်မီနေး ၊ ဖရက်ဒ် နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့ကို ကွင်းလယ်မှာ ထားပြီး ဂိုး မပေးရရေး အတွက် ကာရစ် က ဦးတည် ကစားခဲ့တာကို မြင်ခဲ့ရပါတယ် ။

ဒီအတွက် ယူနိုက်တက် ကစားသမားတွေ တာဝန်ကျေခဲ့ကြသလို ဒီဂီယာကလည်း ကမ္ဘာ့အဆင့် ဂိုးသမား တစ်ဦး ဖြစ်ကြောင်း နောက်တစ်ကြိမ် သက်သေပြနိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် မိနစ် 60 အကျော်မှာ တိုက်စစ် အားသန်တဲ့ ရပ်ရှ်ဖို့ ၊ ဘရူနို တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။

သူတို့ ဝင်လာမှပဲ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားပုံဟာ ပိုမို အသက်ဝင်လာခဲ့ပြီး ပြိုင်ဖက် အသင်းကို မကြာခန ဖိအားပေး ကစားနိုင်ခဲ့ကြပါတယ် ။ ထို့အတူ ပြိုင်ဖက် ကစားသမားတွေ အမှားကျူးလွန်ဖို့ လမ်းစဖွင့်ပေးခဲ့ချိန် ဖရက်ဒ် က ဖိအားပေးခဲ့ပြီး ရော်နယ်ဒို မှ ပါးနပ်စွာ ဂိုးသွင်းယူခဲ့ခြင်းက ဦးဆောင်ဂိုးကို ရရှိသွားစေခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 90 မိနစ်မှာ ဘရူနို ရဲ့ ပေးပို့မှုကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျေဒန် ဆန်ချို ကလည်း ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူ ပြသွားနိုင်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ လိုချင်နေတဲ့ Clean Sheet နဲ့ နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါပြီ ။

ဒီပွဲမှာ ယခင်က ပွဲထွက်ခွင့် နည်းပါးခဲ့ကြတဲ့ မာရှယ် ၊ ဗန်ဒီ ဘိခ် ၊ ဆန်ချို တို့လို ကစားသမားတွေ ပွဲကစားချိန်မိနစ်တွေ ပိုင်ဆိုင်ခဲ့ကြသလို အဖိုးတန် နိုင်ပွဲနဲ့ အတူ နောက်တစ်ဆင့် တက်ရောက် နိုင်ခဲ့ခြင်းက ယူနိုက်တက် ပရိသတ်တွေ အတွက် အတိုင်းထက် အလွန် ပျော်စရာကောင်းတဲ့ နိုင်ပွဲ ဖြစ်သွားစေခဲ့ပါတယ် ။

ဒီလို ပွဲစဉ်မျိုးမှာ ယူနိုက်တက် အသင်းအတွက် ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ ဆိုတဲ့ rating တွေကို ဖော်ပြပေးလိုက် ပါတယ် ။

ဒီဂီယာ (8)

တကယ့်ကို ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု 2 ကြိမ် လုပ်ပြရင်း ကမ္ဘာ့အဆင့် ဂိုးသမား ဖြစ်ကြောင်း ထပ်ဆင့် သက်သေပြသွားနိုင်ခဲ့ ပါတယ် ။

ဘစ်ဆာကာ (4)

ယူနိုက်တက်ဆီ စရောက်ကတည်းက ခံစစ်ပိုင်းမှာ ဆက်တိုက် ကောင်းပြနိုင်ခဲ့တဲ့ ကစားသမားဟာ အခုတော့ ပွဲစဉ်တွေ ဆက်တိုက် ညံ့ဖျင်းနေခဲ့ပါပြီ ။ အန္တရာယ် ဖြစ်စေနိုင်မယ့် နေရာလွတ်တွေ ပေးခဲ့ပါတယ် ။

လင်ဒီလော့ဖ် (7)

ဘောလုံးက သူ့ဆီပဲ ကပ်နေသလား အောက်မေ့ရအောင် အထိ ပိတ်ဆို့မှုတွေ ကောင်းမွန်စွာ ပြုလုပ်သွားနိုင်ခဲ့ပါတယ် ။ ခံစစ်မှတစ်ဆင့် ဘောလုံးကိုင်ရင်း ကစားကွက် ခင်းကျင်းပေးနိုင်ခဲ့ပါတယ် ။

ဟယ်ရီ မက်ဂွားယား (6.5)

အရင်အပါတ်တွေကထက် အများကြီး ပိုကောင်းလာခဲ့ပါတယ် ။ တည်ငြိမ်စွာ ခံစစ် ကစားနိုင်ခဲ့သလို ဘောလုံးကိုလည်း ပိုင်ပိုင်နိုင်နိုင် ကိုင်ပြနိုင်ခဲ့ပါတယ် ။ ဘောလုံးကိုင်ချိန် ဆုံးဖြတ်ချက် မြန်ဖို့ လိုအပ်နေပါသေးတယ် ။

 

တဲလက်စ် (6)

ဘစ်ဆာကာ နည်းတူ ပြိုင်ဖက်ကို နေရာလွတ် နှစ်ကြိမ်ခန့် ပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်း လိုက်ရာမှာတော့ အသင်းဖော်ထက် အများကြီး ပိုကောင်းပြနိုင်ခဲ့ပါတယ် ။

ဖရက်ဒ် (7)

ဘောလုံး ပိုင်ဆိုင်မှု မရှိတဲ့ အချိန်တွေမှာ ဘယ်ကွင်းလယ်အခြမ်းဖက် လွန်းထိုး ကစားပေးနိုင်ခဲ့ပါတယ် ။ ဘရာဇီးမှာ ကစားသလောက် မကောင်းခဲ့ပေမဲ့ တိုက်စစ်လိုက်ပါချိန်မှာ ဖိအားပေးနိုင်စွမ်း ရှိကြောင်း ရော်နယ်ဒိုကို အဖွင့်ဂိုး ရရှိစေခြင်းဖြင့် သက်သေပြနိုင်ခဲ့ပါတယ် ။

တော်မီနေး (6.5)

ဘောလုံးကိုင်ရင်း တိုက်စစ်ဆင်နိုင်ဖို့ မကြာခန ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ပေးစရာ လမ်းကြောင်း နည်းပါနေခဲ့တဲ့ အတွက် အလုပ် မဖြစ်ရတာ များခဲ့ပါတယ် ။ ပုံစံကောင်းအချို့ ပြသနိုင်ခဲ့ပါတယ် ။

ဗန်ဒီ ဘိခ် (6)

ပထမပိုင်းမှာ တိုက်စစ်ရော ခံစစ်ကိုပါ ဟန်ချက်မျှအောင် ကစားပေးခဲ့ရတဲ့အတွက် အစွမ်းသိပ် မပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ တိုက်စစ်ကို မကြာခန တက်ရောက် ဖိအားပေးနိုင်ခဲ့ပါတယ် ။ ပုံမှန် ပွဲထွက်ခွင့် ရရှိနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးဆဲပါပဲ ။

မာရှယ် (4)

ရှားရှားပါးပါး ပွဲထွက်ခွင့် ပြန်လည်ရရှိနိုင်ခဲ့တဲ့ အချိန်မှာ ယာယီ နည်းပြ ဖြစ်သူရဲ့ အာရုံကို ဆွဲဆောင်နိုင်စွမ ကင်းမဲ့ခဲ့ပါတယ် ။ ဒီတိုင်းသာဆို ရှေ့ဆက်ကစားခွင့်တွေ နည်းပါးဦးမှာပါပဲ ။

ဆန်ချို (7)

တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးထက် ညာကွင်းလယ်လူ တစ်ဦးလို ကစားနေခဲ့တဲ့အတွက် ပထမပိုင်းမှာ ထင်သလောက် အစွမ်းမပြနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ နည်းပြရဲ့ စိတ်ရှည်ပေးမှုကြောင့် ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့တဲ့ ဆန်ချိုဟာ သရဲနီ ကစားသမား ဘဝရဲ့ ပထမဆုံး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို (8)

ဒီပွဲမှာတော့ တက်နိုင်သလောက် စည်းကမ်းရှိအောင် ကစားပြနိုင်ခဲ့ပြီး ခံစစ်ကိုလည်း အတော်လေး ဆင်းကူ ပေးနိုင်ခဲ့ပါတယ် ။ အခွင့်အရေး ရရှိချိန်မှာလည်း ပါးနပ်စွာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဘရူနို (7)
ရပ်ရှ်ဖို့ (6)
မာတာ (NA)

#Sports_Myanmar