ကလော့ပ် က သူ့ကစားသမားတွေ ကို အရမ်း ဂရုစိုက်တဲ့ နည်းပြမျိုးပါ #ဆိုလန်ကီ

ဆိုလန်ကီ ဟာ ဒီရာသီမှာ ဘုန်းမောက် အတွက် 18 ပွဲ ကစား ၊ 14 ဂိုး အထိ သွင်းယူပြထားချိန်မှာတော့ သူ့မှာ ဘယ်လို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားလဲ ဆိုတာ သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံရှစ် လို ပြိုင်ပွဲမျိုးမှာ သူ့ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တာ ဆိုလို့ မီထရိုဗစ် တစ်ယောက်သာ ရှိနေပါတယ်။

“ ဒီလို စွမ်းဆောင်ရည်မျိုးက တိုက်စစ်မှုး တယောက် ဖြစ်ချင်တဲ့ ခြေစွမ်းမျိုးပေါ့ဗျာ။ ဂိုးတွေ ရသလောက် သွင်းပြမယ် ၊ အသင်းရဲ့ နိုင်ပွဲတွေကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးပေမယ်ပေါ့။ လောလောဆယ်မှာတော့ ကျနော် က ကိုယ်နဲ့ အသင့်တော်ဆုံး နေရာတစ်ခုကို ရောက်နေသလို ၊ ယုံကြည်မှုတွေလဲ အပြည့် ဖြစ်နေပါပြီ” လို့ goal နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ခံစားချက်တွေကို ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

“ မနှစ်က ဘောလုံးရာသီက ကျနော် အတွက် မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ကျနော် အဲဒီ အခြေခံကောင်းတွေ အပေါ်မှာ ပိုကောင်းမွန်အောင် ကစားပြချင်တာပေါ့။ အသင်း က ကစားတဲ့ စတိုင်ရော ၊ နည်းပြသစ် နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ ကပါ ကျနော့်ကို အကောင်းဆုံး ကူညီပေးခဲ့ကြပါတယ်။ အဲဒီ အပြောင်းအလဲ က ပိုကောင်းတဲ့ ကန့်လန့်ကာ အဖွင့်ကို ဆွဲထုတ်လိုက်သလိုပါပဲ။ အခု ကျနော့်ဆီကနေ ဘာတွေ မျှော်လင့်လို့ရနေပြီလဲ ဆိုတာ ပရိသတ်တွေ သဘောပေါက် လာကြပြီလေ”

ဆိုလန်ကီ ဟာ 2019 ခုနှစ် ဇန်နဝါရီ လမှာ လီဗာပူး ကနေ ဘုန်းမောက် အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် သန်း 20 နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ကာလတုန်းကတော့ အသင်းအတွက် အဆုံးသတ် ဂိုးတွေ သွင်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ၊ အခုလို အနေအထားထိ ရောက်ရှိလာဖို့ 39 ပွဲ ကျော် ကစားရင်း ဖြတ်သန်းခဲ့ရတာပါ။

“ အစောပိုင်း နေ့ရက်တွေ က တော်တော်လေးကို ခက်ခဲခဲ့တာပါ။ မျှော်လင့်ချက်တွေကလဲ အများကြီး ထားကြတာလေ။ အဲဒီ အကြောင်းအရင်းတွေကြောင့် နည်းနည်းတော့ ပိုခက်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန် ပြန်လှည့်ကြည့်လိုက်တော့ အဲဒီ သင်ခန်းစာကောင်းတွေကြောင့်ပဲ လက်ရှိ ခြေစွမ်းအတိုင်း ဆက်ထိန်းထားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်တွေက ပိုပြီးတော့ ခိုင်မာလာနေပါတယ်။

ဘုန်းမောက်ဟာ ကျနော့် ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သံသယတွေ ရှိခဲ့တယ်လို့တော့ မပြောချင်ပါဘူး။ ကျနော် ကိုယ်တိုင်လဲ ကိုယ့်ရဲ့ ပင်ကိုယ်ပါရမီ နဲ့ အလုပ်ကြိုးစားတဲ့ နှုန်းကို သိပါတယ်။ ဒါပေမယ့် ယုံကြည်မှုပိုင်း နဲ့ ရစ်သမ် ပိုင်းမှာတော့ ဟန်ချက် မညီခဲ့ပါဘူး။ အဲဒီ အတွက်ကြောင့်ပဲ ကျနော့် ရဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုတွေက ရုန်းကန်ခဲ့ရတာ ထင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ပြီးခဲ့ ဘောလုံးရာသီ Play off ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဘရန်းဖို့ဒ် အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ဘုန်းမောက်ဟာ ပေါက်ကွဲသံဇဉ်တွေ နဲ့ အကောင်းဆုံး သက်သေပြခဲ့ပြီး ၊ ချန်ပီယံရှစ် အမှတ်ပေးဇယား ကို ဦးဆောင်လျှက် ရှိကာ ပရီးမီးယားလိဂ်ကို တိုက်ရိုတ် တန်းတက်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေပြီ ဖြစ်ပါတယ်။

“ မနှစ် ကတည်းက အသင်းရဲ့ စုဖွဲ့မှုဟာ အားရဖို့ ကောင်းပြီးသားပါ။ ဒါပေမယ့် ဒီနှစ်လို အနိုင်လိုချင်စိတ် ပြင်းပြလွန်းတဲ့ ပုံစံမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အခု ဆိုရင် ပွဲတစ်ပွဲ ကစားလိုက်တာ နဲ့ အနိုင်ရလာဒ်ကို ဦးတည်ထားသလို ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုက်ပွဲဝင်ကြမယ် ဆိုတဲ့ ခံယူချက်က အပြည့်ရှိထားတယ်လေ။ မနှစ်က အဲဒီပုံစံ မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ လမ်းကြောင်းမှန် တစ်ခုပေါ်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်”

ဆိုလန်ကီ ဟာ နာမည်ကြီး ချဲဆီး လူငယ် စီမံကိန်း ကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီး 2017 ခုနှစ်မှာတော့ စာချုပ် သက်တမ်း ကုန်ဆုံးကာ လီဗာပူး အသင်းကို ပြောင်းရွှေ့ လာခဲ့ပါတယ်။

“ ချဲဆီး နဲ့ စာချူပ်သက်တမ်း ပြည့်သွားတော့ ကျနော့်ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတိုင်းကို လေ့လာ အကဲခတ်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ လီဗာပူး လို အသင်းကြီး တစ်သင်းက ပါဝင်နေသလို ၊ သူတို့ဟာ လူငယ် ကစားသမားတွေကို အခွင့်အရေး ပေးဖို့ ပြင်ဆင်နေတဲ့ အသင်းမျိုး ဖြစ်တယ် ဆိုတဲ့ အသိနဲ့ပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။

လီဗာပူး မှာ ကလော့ပ် နဲ့ လက်တွဲခဲ့ရတာ အရမ်းကို ကောင်းပါတယ်။ သူ စွမ်းဆောင်ပြသွားတဲ့ အရာတွေ အားလုံး က စံပြုထိုက်တဲ့ မှတ်တိုင်တွေ ချည်းပါပဲ။ သူဟာ အသင်းကို ဘယ်လို ပြောင်းလဲ တည်ဆောက်သွားခဲ့တယ် ဆိုတာ ကျနော် ကိုယ်တိုင် တွေ့ မြင်ခဲ့ရတာလေ။

သူဟာ ကစားသမားတွေ အပေါ် အရမ်းကို ဂရုစိုက်သလို ၊ နိုင်လိုစိတ် အပြည့် ဖြစ်နေအောင်လဲ ရိုတ်သွင်းပေးခဲ့တာပါ။

ဆာလာ ၊ မာနေး ၊ ဖာမီနို တို့လို ကစားသမားတွေ နဲ့ အတူတူ ရှိခွင့်ရတာ ကံကောင်းပါတယ်။ သူတို့ဟာ ထိပ်တန်း အဆင့်မှာ အကြာကြီး ရပ်တည်ပြထားသလို ၊ အဲဒီလို ပုံစံကောင်းတွေ ထိန်းထားနိုင်ဖို့ ဘာတွေ လုပ်ဆောင်ရသလဲ ဆိုတဲ့ အကြောင်းအရင်းတွေကိုပါ အနီးကပ် သင်ကြားခွင့် ရရှိခဲ့တယ်လေ။

ဘောလုံးမှာ ဘာမှ ဒီအတိုင်း ဖြစ်မလာ ပါဘူး။ သူတို့ သုံးယောက် စလုံးကလဲ သူတို့ ရဲ့ ကြိုးစားမှုတွေကြောင့် အခု အနေအထားမှာ ရပ်တည်နေတာ ဖြစ်သလို ၊ သူတို့ အတွဲထက် ပိုကောင်းတဲ့ တိုက်စစ်အတွဲမျိုး ရှိတယ်လို့ မမြင်မိဘူးဗျာ။

အန်ဖီးလ်မှာ ရှိတုန်းက ကျနော့် ရဲ့ ခြေစွမ်းကလဲ အခုလိုမျိုး ထက်မြက်မှု မရှိသေးဘူးလေ။ ပြီးတော့ ထိပ်တန်း တိုက်စစ် ကစားသမားတွေ စုဖွဲ့နေတဲ့ နေရာမျိုး ၊ ပွဲထွက် ကစားခွင့်ရဖို့က တော်တော်လေး ခက်ခဲလွန်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM