“ ကလော့ပ်ဟာ ဘာကြောင့် ကျနော့် ကိုပဲ ခဏခဏ လက်ညှိုးထိုးချင်နေတာလဲ မသိပါဘူး” ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြကြီး ဂရတ် ဆောက်ဂိတ် က လီဗာပူး နည်းပြ ကလော့ပ်ဟာ ဘာကြောင့် သူ့ကိုပဲ ခဏခဏ လက်ညှိုးထိုးဖို့ ကြိုးစားနေတာလဲ မသိဘူးလို့ မေးခွန်းထုတ်လိုက်ပြီး ၊ လူသိရှင်ကြား ဝေဖန်တဲ့ စကားလုံးတွေ အပေါ် လုံး၀ သဘောမကျတဲ့ အကြောင်း တုန့်ပြန် လိုက်ပါတယ်။

ဆောက်ဂိတ် ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ တုန်းက လီဗာပူး နောက်ခံလူ အာနိုး ကို ကွင်းလယ်မှာ ထားပြီး အသုံးပြုခဲ့ဖူး ပါတယ်။ အဲဒီ တုန်းက အင်္ဂလန် မီဒီယာတွေ အကြား အာနိုး ကို တောင်ပံမှာ ပြောင်းပြီး ကစားသင့်တယ် ဆိုပြီး သုံးသပ်ရေးသားမှုတွေ ရှိလာခဲ့သည့်တိုင်အောင် လီဗာပူး နည်းပြကြီး က –

“ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တယောက်ကို ဘာဖြစ်လို့ ကွင်းလယ် ပြောင်းပြီး ကစားခိုင်းမှာလဲ” တို့ ခပ်ပြတ်ပြတ် တုန့်ပြန်ခဲ့ဖူးပါတယ်။

အဲဒီနောက် ဒဏ်ရာ ပြသနာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဂိုးမက်ဇ် ကို လက်ရွေးစင် အသင်းမှာ ရွေးချယ်ခြင်း မရှိတာ နဲ့ ပတ်သက်ပြီး ကလော့ပ် က သဘောကျဟန် မရှိပါဘူး။ ဒါကြောင့်လဲ “ မစ္စတာ ဂျွန်စတုန်း ကတော့ အထူးအခွင့်အရေး ပေးခံထားရတယ် ထင်တယ်” လို့ စကားနာ ထိုးခဲ့ဖူးပါတယ်။

ကလော့ပ် ရဲ့ စကားလုံးတွေက မန်စီးတီးက ဂျွန် စတုန်းဟာ အရံခုံတန်းမှာ ဆက်တိုက် ထိုင်နေရသည့်တိုင်အောင် လက်ရွေးစင် အသင်းမှာတော့ နေရာပျောက်သွားခြင်း မရှိတဲ့ အချက်ကို ရည်ညွှန်းဟန် ရှိပြီး ၊ ဂိုးမက်ဇ် ကိုတော့ မျက်နှာလွှဲထားခြင်း အပေါ် ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပြောဆိုမှုတွေကြောင့် မီဒီယာသမားတွေက ကလော့ပ် နဲ့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် အကြားမှာ အဖုအထစ်တွေ ရှိနေပြီလား ဆိုတဲ့ မေးခွန်းက ဆောက်ဂိတ် ကိုယ်တိုင်က အခုလို တုန့်ပြန်သွားခဲ့ ပါတယ်။

“ ကလော့ပ်ဟာ ဘာကြောင့် ကျနော့်ကိုပဲ ခဏခဏ လက်ညှိုးထိုးဖို့ ကြိုးစားချင်နေလဲ မသိပါဘူး။ ဒီကိစ္စတွေ နဲ့ ပတ်သက်ရင် သူ့ကိုပဲ တိုက်ရိုတ် မေးသင့်ပါတယ်။

ကျနော့် အမြင်မှာတော့ သူထောက်ပြတဲ့ အကြောင်းအရာတွေ လုပ်ဆောင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိခဲ့တယ် ထင်ပါတယ်။ ပြီးတော့ အဲဒီ ကိစ္စတွေ နဲ့ ပတ်သက်လို့ သတင်းသမားတွေ ရေးတဲ့ ဆောင်းပါးတချို့ ဆိုရင် တော်တော်လေးတောင် စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်လေ။ ကလော့ပ် နဲ့ ကျနော့် အကြားမှာ ဘာပြသနာ မှ မရှိပါဘူး။

သူပြောတဲ့ မှတ်ချက်စကားတွေ နဲ့ ပတ်သက်လို့ သိချင်ရင် သူ့ကိုပဲ တိုက်ရိုတ်မေးကြပါ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အခုမှ ပွဲစဉ်ပေါင်း 10 ပွဲ ဝန်းကျင်သာ ယှဉ်ပြိုင် ကစားရသေးပေမယ့် နည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်လာကြတာ ခပ်သွက်သွက် ဖြစ်လာပါတယ်။ နယူးကာဆယ် အသင်းဟာ နိုင်ပွဲ ရယူပြနိုင်ခြင်း မရှိတဲ့ စတိဗရု ကို ရာထူးကနေ ထုတ်ပယ်ခဲ့သလို ၊ ဝက်ဖို့ဒ် ၊ စပါး နဲ့ နော့ဝှစ်ချ် အသင်းတွေကလဲ နည်းပြ အပြောင်းအလဲတွေ အသီးသီး လုပ်ဆောင်ခဲ့ ပါတယ်။

အဲဒီ အကြောင်းရင်းတွေ နဲ့ ပတ်သက်လို့ ဆောက်ဂိတ် ကို မေးမြန်း ရာမှာတော့ –

“ နည်းပြတွေ ရဲ့ သက်တမ်းက တော်တေ်ာလေးကို တိုတောင်းလာတာ တွေ့ရပါတယ်။ အသင်းတသင်းမှာ အချိန်တွေ အကြာကြီး ရှိဖို့ ဆိုရင် ကလပ်က အတွင်းလူ တယောက်ယောက် နဲ့တော့ ဆက်ဆံရေးကောင်းတွေ ရှိဖို့ အရေးကြီးတယ် ဆိုတာ ထင်ရှားလာတယ်လေ။ ကလပ်တွေ ကလဲ မန်နေဂျာတွေ ကို ဦးစားပေး ဇာတ်ကောင်တွေ အဖြစ် မသတ်မှတ်တော့ပါဘူး။ စကားမစပ် ပြောရရင် အဲဒီ အကြောင်းအရင်းတွေဟာ မစ္စတာ ကလော့ပ် အတွက် လုံး၀ စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM