ကလောပ့် နဲ့ အချင်းများခဲ့တဲ့အတွက် သူ့အပေါ် ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ပြီးခဲ့တဲ့ တစ်ပတ် ကလောပ့် နဲ့ အချင်းများခဲ့တဲ့အတွက် သူ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် အသင်း နဲ့ အသင်းသားတွေဘက်က အမြဲတမ်း ကာကွယ် ပေးသွားမှာ ဖြစ်ကြောင်း တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

လီဗာပူး အသင်းက အာဆင်နယ် အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ပထမပိုင်းအတွင်း ဂိုးမရှိ သရေကျနေချိန် နှစ်ဖက် နည်းပြ နှစ်ဦးဟာ ကွင်းဘေးစည်းမှာ အပြန်အလှန် အချင်းများခဲ့ကြတာ ဖြစ်ပါတယ် ။

အဆိုပါ ဖြစ်စဉ်ကြောင့် ကွင်းလယ် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ဟာ နှစ်ဦးစလုံးကို အဝါကဒ်ပြ သတိပေးခဲ့ပါတယ် ။ မန်ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကတော့ အန်ဖီးလ် လို ပရိသတ် အားကောင်းတဲ့ ကွင်းကြီးမှာ အာတီတာ ရဲ့ အပြုအမူ ဟာ မပါးနပ်လွန်းရာ ကျတယ်လို့ သူ့ရဲ့YouTube Channel vibe with Five မှာ ဝေဖန် ခဲ့ပါတယ် ။

ဒီတစ်ပတ် နယူးကာဆယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း အာတီတာ ဟာ လီဗာပူး နဲ့ ပွဲက အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်လာပါက သူ့အသင်း နဲ့ ကစားသမားတွေဘက်ကပဲ အမြဲတမ်း ကာကွယ် သွားမှာ ဖြစ်ကြောင်း ထပ်မံ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် နဲ့ ကလောပ့် နဲ့ ဖြစ်တဲ့ အဖြစ်အပျက် က အလိုအလျောက် ဖြစ်ပျက် သွားမှုပါ ၊ ကိုယ်လုပ်စရာ ရှိတာ လုပ်ရမှာပါပဲ ။ ကျွန်တော်ကတော့ ကိုယ့်အသင်း ၊ ကိုယ့်ကစားသမား နဲ့ ကွင်းထဲက ကစားသမားတွေဘက်ကပဲ အမြဲတမ်း ကာကွယ် ပေးသွားမှာပါ ။ ”

လီဗာပူး နဲ့ ပွဲက သူနဲ့ ကလောပ့် အဖြစ်အပျက်ကို ကစားသမားတွေဘက်က ဘယ်လို တုန့်ပြန်သလဲ ဆိုတဲ့ မေးခွန်းကိုလည်း အာတီတာ က ” ကျွန်တော် မသိပါဘူး ၊ ဒါက ကျွန်တော့် ကိစ္စပါပဲ ၊ ကျွန်တော့်ဘက်က အဲ့ဒီလို တုန့်ပြန်သင့်တယ်လို့ ခံစားမိရင် တုန့်ပြန် သွားမှာပါပဲ ၊ ကစားသမားတွေဘက်က ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ ခံစားရရင်လည်း ကာကွယ်သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ နယူးကာဆယ် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ် ကနေ နယူးကာဆယ် ကို အပြီးသတ် ပြောင်းသွားတဲ့ ဝီးလော့ အတွက်တော့ ပထမဆုံး အကြိမ် အမ်းမရိတ်ကို ပြန်လာရမှာ ဖြစ်ပါတယ် ။

အာတီတာ က ဝီးလော့ ကို ရောင်းချဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ် ခဲ့ရတာဖြစ်ကြောင်း နယူးကာဆယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။ ” သူနဲ့ ပြန်ဆုံရမှာ ကောင်းပါတယ် ၊ ကျွန်တော်တို့အားလုံး ဂျိုး(ဝီးလော့) ကို ချစ်ကြပါတယ် ၊ သူ့ကို ရောင်းချဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ် ခဲ့ရတာပါ ၊ သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမယ်ဆိုတာ သူသိပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SM