ကလပ် သမိုင်းကြောင်း တလျှောက် ရှုံးပွဲ လုံးဝမရှိတဲ့ ပွဲဆက်အများဆုံး စံချိန်ကို အမှီလိုက်ပြလိုက်တဲ့ ယာဂန် ကလော့ပ်

ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲတွေ လုပ်ဆောင်ခဲ့စဉ်က လီဗာပူး ဟာ မရဏ အုပ်စုအတွင်းမှာ ကျရောက်နေတယ်လို့ အားလုံးက ဝိုင်းဝန်း သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သို့သော် တကယ်တမ်း ယှဉ်ပြိုင် ကစားချိန်မှာ ပေါ်တို ၊ အေစီ မီလန် ၊ အေတီကို တို့ သုံးသင်းစလုံးဟာ လီဗာပူး ကို ပုခုံးချင်း ယှဉ်နိုင်တဲ့ အဆင့်မျိုးတွေ မရှိပါဘူး။ ကလော့ပ် ရဲ့ လီဗာပူး ကလဲ လက်ရှိ အုပ်စု 4 ပွဲ ကစားပြီးသည် အထိ 4 ပွဲ စလုံးကို အနိုင်ယူကာ ၊ လက်ကျန် 2 ပွဲ ရလာဒ်ကို လုံး၀ ကြည့်စရာ မလိုတော့ပဲ အုပ်စု ဗိုလ် အဖြစ်နဲ့ 16 သင်း ရှုံးထွက် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ အန်ဖီးလ် က ပွဲစဉ် ဆိုရင် အေတီကို ရှုံးကြွေး ပြန်ဆပ်သွားတဲ့ အပြင် ၊ အစောပိုင်း သွင်းဂိုးတွေ နဲ့ တဖက်သတ် အသာစီးရယူ ကစားပြသွားခဲ့ပါတယ်။ ဆီမြွန်နီ ရဲ့ အေတီကို ကစားပုံက လီဗာပူး ကစားသမားတွေကို ရန်လိုမှုှု အပြည့်ဖြစ်နေသလို ၊ ဆာဒီယို မာနေး ကို အနီကဒ် ပြခံရဖို့ Target ထား ကစားခဲ့တဲ့ ဗျူဟာတွေ က တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါတယ်။

သို့သော် တကယ်တမ်း အနီကဒ် ပြခံရတာ က အေတီကို ကစားသမားတွေ ဖြစ်ကာ ၊ သူတို့ အိမ်ကွင်းမှာ ဂရစ်ဇ်မန်း ၊ အန်ဖီးလ်မှာတော့ ဖီလစ်ပီ တို့ဟာ တိုက်ရိုတ် အနီကဒ်တွေနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် ကလော့ပ်ဟာ လက်ကျန် အချိန်တွေမှာ သက်တောင့် သက်သာ ကစားရင်း အနိုင်ရလာဒ်ကို အေးဆေးပဲ ထိန်းသွားခဲ့ ပါတယ်။

 

အခုဆိုရင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ရီးရဲ မက်ဒရစ် ကို အဝေးကွင်း ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ မရှိတာ လက်ရှိ ကာလ အထိ ရောက်ရှိလာခဲ့ပါပြီ။

ကလပ်သမိုင်းကြောင်း တလျှောက် ရှုံးပွဲမရှိ ပွဲဆက် အများဆုံး မှတ်တမ်းကို စိုက်ထူနိုင်ခဲ့တာက ချန်ပီယံလိဂ် ဖလား 3 လုံး ရယူပေးသွားတဲ့ ဂန္တဝင် နည်းပြကြီး ဘော့စ် ပေစလေ ဖြစ်ပြီး ၊ စုစုပေါင်း 25 ပွဲ နဲ့ မှတ်တမ်း ရေးထိုးထားတာ ဖြစ်ပါတယ်။

ကလော့ပ် ဟာ အေတီကို ကို အနိုင်ယူပြတဲ့ ပွဲအပြီးမှာပဲ အဲဒီ စံချိန်ကို အမှီလိုက်နိုင်ခဲ့ပြီမို့ ၊ လာမယ့် ဝက်စ်ဟမ်း နဲ့ ပွဲမှာသာ ရလာဒ်ကောင်း တခု ထပ်မံ ရယူပြနိုင်မယ် ဆိုရင် စံချိန်သစ် တခုကို ထပ်မံ ရေးထိုးသွားနိုင်ဖွယ် ရှိနေပါတယ်။

အသင်းအတွက် ဒုတိယ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ မာနေး ဟာ လီဗာပူး အတွက် ချန်ပီယံလိဂ် သွင်းဂိုးပေါင်း 21 ဂိုး အထိ ရယူနိုင်ခဲ့ပြီ ဖြစ်လို့ ၊ ဂန္တဝင် ကစားသမားကြီး ဂျရတ် ရဲ့ သွင်းဂိုး အရေအတွက် နဲ့ တူညီ သွားခဲ့ပါတယ်။ သူ့ထက် ချန်ပီယံလိဂ် သွင်းဂိုးများတာ ဆိုလို့ မို ဆာလာ တဦးသာ ရှိပါတော့တယ်။

ဒီပွဲဟာ နည်းပြကြီး ယာဂန် ကလော့ပ် နဲ့ မို ဆာလာ တို့အတွက် လီဗာပူး ကို ရောက်ရှိလာပြီးနောက် ချန်ပီယံလိဂ် ပွဲ 50 ပြည့်မြောက်ခဲ့တဲ့ မှတ်တိုင် တခု ဖြစ်ပါတယ်။

လီဗာပူး ဟာ ဒီရာသီ ပြိုင်ပွဲ ပေါင်းစုံမှာ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ ဥရောပ ရဲ့ တစ်ခုတည်းသော ထိပ်သီး အသင်းကြီး အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

သို့သော် အသင်းမှာ ဒဏ်ရာပြသနာတွေ က ဆက်တိုက် နှိပ်စက် လာလျှက် ရှိနေပါတယ်။ မနေ့ညက ပွဲစဉ်မှာ ဆိုရင် ဂိုးမက်ဇ် က ခြေသလုံး ဒဏ်ရာ ၊ ကာတစ် ဂျုံး က လေ့ကျင့်ရေးကွင်းမှာ မျက်လုံး ထိခိုက်မိသွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရန်စာရင်းမှာတောင် ပါဝင်နိုင်ခဲ့ခြင်း မရှိသလို ၊ ဖာမီနို ကလဲ ဒီရာသီ ဒုတိယမြောက် တံကောက်ကြော ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့ ပါတယ်။

ဂျိမ်းစ် မေလ်နာ ၊ နာဘီ ကီတာ တို့ နှစ်ယောက် စလုံးကလဲ တံကောက်ကြော ဒဏ်ရာတွေကြောင့်ပဲ အနားယူနေရတာ ဖြစ်ပါတယ်။

ကလော့ပ် အတွက် အသက်ရှုချောင်သွားတဲ့ အချက်က ချန်ဘာလိန် ဟာ ဒဏ်ရာပြသနာ ရရှိခဲ့ခြင်း မရှိဘူးလို့ သိရသလို ၊ ဖာဘင်ဟို ၊ တီယာဂို တို့လဲ အသင်းအတွက် ပြန်လည် ကစားပေးနိုင်နေပြီ ဖြစ်ပါတယ်။

SM