ကမ္ဘာ့အကောင်းဆုံး ဖြစ်လာဖို့ရာအတွက် အမ်ဘာပေ ကို အကြံပေးလိုက်တဲ့ ဇလာတန်

 

ခီလီယံ အမ်ဘာပေ အနေနဲ့ ပင်ပန်း ဆင်းရဲမှုဒဏ်တွေ ၊ မီးလို ပူလောင်တဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင် ရင်ဆိုင် ဖြတ်သန်း နိုင်ဖို့ လိုအပ်တယ်လို့ ဝါရင့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် က အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

ဘာပေ ဟာ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တဦး အဖြစ် သတ်မှတ် ခံထားရပြီး PSG နဲ့ ပြင်သစ် အသင်းတို့ကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ဖလားတွေ ရယူ ပေးခဲ့ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ မှာ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ လိုတဲ့ ကိစ္စ ဖြစ်ပေါ် အပြီး နောက်ပိုင်းမှာ ဘာပေ ရဲ့ စိတ်ထား နဲ့ ကွင်းအတွင်းက ခြေစွမ်းတွေ အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ ပါတယ် ။

PSG မှာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ် အထိ ကစားခဲ့ဖူးတဲ့ ဇလာတန် ကတော့ ဘာပေ ဟာ “သွေးထွက်ဖူးတဲ့ အရသာကို သိဖို့လိုအပ်တယ်” လို့ ပြောဆိုရင်း ဝေဖန်မှုတွေ အကြားကနေ ပိုမို ကောင်းမွန်တဲ့ ဘောလုံးသမား တယောက် ဖြစ်လာအောင် လေ့ကျင့် သင်ယူ သွားရမယ်လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

 

“ကျွန်တော် သူ့ကို သဘောကျ ပါတယ် ။ ဒါပေမယ့် သူ လုပ်နေတာတွေက မလုံလောက်သေး ပါဘူး ။

တကယ်လို့ သူ့အနေနဲ့ အနာခံပြီး ကစားနိုင်မယ် ၊ သွေးထွက်ဖူးတဲ့ အရသာကို သိလာမယ် ၊ မီးလျှံတွေထဲ ဖြတ်လျောက် ရတာမျိုး ကို ခံစားဖူး လာမယ်ဆိုရင်တော့ သူဟာ ပိုကောင်းတဲ့ သူ တယောက် ဖြစ်လာမှာပါ ။

ကိုယ့်ကို မကောင်းဘူး ၊ မလုံလောက်သေးဘူးလို့ ပြောဆိုသံတွေ ဝန်းရံနေတဲ့ အကြားကနေ ဖောက်ထွက် နိုင်မှ ပိုကောင်းတဲ့ ဘောလုံး သမား တယောက် ဖြစ်လာမှာပါ”

“ခီလီယံ က ကျွန်တော့ အကြိုက်ဆုံး ၁၀ ယောက်ထဲမှာ ပါပါတယ် ။ ထိပ်တန်း အဆင့်မှာ နှစ်ပေါင်း များစွာ ရပ်တည် ထားနိုင်တဲ့ ဘောလုံးသမားတွေ ရှိပါတယ် ။

ဒါပေမယ့် လတ်တလော မှာတော့ လူငယ်တွေ ထဲမှာ ဘယ်သူတွေများ ဒီလောက် ကောင်းကြလဲ ၊ အာလင်း ဟာလန်း ရယ် ၊ ခီလီယံ ရယ် . . . ပြီးတော့ ဘယ်သူ ရှိသေးလဲ ။ ကျွန်တော်တော့ မတွေ့မိသလိုပါပဲ” လို့ ဇလာတန် က Telefoot သတင်းဌာန ကို ပြောဆို သွားခဲ့ ပါတယ် ။

PSG ဟာ ဒီရာသီမှာ ဘာပေ ၊ နေမာ တို့ အပြင် မက်ဆီ ၊ ဒွန်နာရမ်မာ ၊ ဒီမာရီယာ ၊ ရာမိုစ့် ၊ ဟာခီမီ ၊ ဗာရက်တီ တို့နဲ့ အလွန် အင်အား တောင့်တင်းနေပြီး ချန်ပီယံလိဂ် ဖလားကြီးကို ရယူ ပိုင်ဆိုင် နိုင်မယ်လို့ ထိပ်ဆုံးက အလေးပေး ခံထားရပါတယ် ။

ဒါပေမယ့် ဇလာတန် ကတော့ လက်ရှိ PSG ဟာ သူကစားခဲ့တုန်းက အသင်းထက် သာလွန်ခြင်း မရှိသေးကြောင်း နဲ့ အကောင်းဆုံး ဖြစ်လာဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ ( လက်ရှိ အသင်း ) က ကျွန်တော့ အသင်း ( ဇလာတန် ကစားခဲ့တဲ့ PSG ) လောက် မကောင်းသေး ပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ က အသင်းတသင်း ဖြစ်ခဲ့လို့ပါ ၊ အခု က တဦးကောင်း တယောက်ကောင်း ပုံစံပဲ ရှိပါသေးတယ် ။ နောက်ပိုင်းမှာတော့ အသင်းတသင်းလို ဖြစ်ချင် ဖြစ်သွားမှာပါ ။

ဖြစ်ဖို့လည်း လိုပါတယ် ။ ဘာလို့လည်း ဆိုတော့ အသင်းတသင်း အနေနဲ့ မဟုတ်ဘဲ အောင်မြင်နိုင်မှာ မဟုတ်လို့ ပါပဲ” လို့ ဇလာတန် က အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR