“ကမ္ဘာ့ဖလားမှာ အင်အားသွားပြကြပါစို့” – ဆားဘီးယား နဲ့ အဆုံးအဖြတ်ပွဲအတွက် ရိုနယ်ဒို ရဲ့ စိတ်ဓါတ်ခွန်အားပေး စကားများ

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီးမှာ ပေါ်တူဂီ အသင်းဖော်တွေကို ဆိုရှယ် မီဒီယာ ပေါ်က နေပြီး စိတ်ဓါတ် မြှင့်တင် သွားခဲ့ ပါတယ် ။

ပေါ်တူဂီ ဟာ မနေ့ညက အိုင်ယာလန် အသင်းနဲ့ အဝေးကွင်းမှာ ဂိုးမရှိ သရေ ကျခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အလားအလာ ကောင်းသွားခဲ့ ပါတယ် ။

 

ပေါ်တူဂီ ဟာ အုပ်စု အေ မှာ ၇ ပွဲ ကစားအပြီး ၁၇ မှတ် နဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ် ။

ဒုတိယ နေရာမှာတော့ ဆားဘီးယား အသင်းက ပေါ်တူဂီ နဲ့ အမှတ်တူ ၊ ၁၇ မှတ် နဲ့ ရပ်တည် နေပြီး လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့ မှာတော့ သူတို့ ၂ သင်းဟာ ခြေစစ်ပွဲ နောက်ဆုံးပိတ် ပွဲစဉ် အဖြစ် ပေါ်တူဂီ မြေပေါ်မှာ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

ပေါ်တူဂီ ဟာ ဆားဘီးယား အပေါ် အသာစီး ရရှိ ထားပြီး သရေ ကျရုံနဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင် နိုင်မှာ ဖြစ်ပါတယ် ။

ဆားဘီးယား ကတော့ အနိုင်ရမှသာ တိုက်ရိုက် ဝင်ခွင့်ရမှာ ဖြစ်ပြီး ဒုတိယ ရရှိမယ့် အသင်းကတော့ Play-off ထပ်မံ ကစားရဦး မှာပဲ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ တိုက်စစ်ဟာ အိမ်ရှင် အသင်းနဲ့ အပြန်အလှန် ကစားပြီး ၁၃ ကြိမ် ကန်သွင်းမှု ပြုလုပ် နိုင်ခဲ့ ပေမယ့် ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဂိုး မရရှိခဲ့ ပါဘူး ။

ပွဲချိန် ၈၁ မိနစ်မှာ ပေါ်တူဂီ ခံစစ်မှူး ပီပီ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရတာက သူတို့ အတွက် ဆုံးရှုံးမှု ဖြစ်စေခဲ့ပြီး ဆားဘီးယား နဲ့ ပွဲကို လွဲချော် သွားခဲ့ရ ပါပြီ ။

ပွဲ အပြီးမှာတော့ ရိုနယ်ဒို ဟာ ဆိုရှယ် မီဒီယာပေါ် ကတဆင့် အသင်းဖော်တွေကို အားပေး စကားပြောဆိုရင်း လာမယ့် ဆားဘီးယား နဲ့ ပွဲ အတွက် စိတ်ဓါတ် ခွန်အားတွေ ပေးသွားခဲ့ ပါတယ် ။

“အိုင်ယာလန် မှာ ကစားရတယ် ဆိုတာက အမြဲတမ်း ခက်ခဲ ပါတယ် ။ ဒါပေမယ့် တမှတ်က ငါတို့ရဲ့ လွဲချော်မှုတွေကို သက်ညှာပေးခဲ့ ပါတယ် ။

တနင်္ဂနွေ မှာတော့ ငါတို့ မြေ ၊ ငါတို့ရေ ၊ ငါတို့ ပရိသတ်တွေရဲ့ ရှေ့မှာ ကမ္ဘာ့ဖလားသွားမယ့် ငါတို့ရဲ့ လက်မှတ်ကို အရယူ ကြပါစို့ ။ အားမွေးထား ကြပါ ပေါ်တူဂီရေ” လို့ ရိုနယ်ဒို က ရေးသား သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မနေ့ညက ပွဲမှာ သူ့ရဲ့ နိုင်ငံတကာ လက်ရွေးစင် ကစားသမား ဘ၀ ၁၈၃ ပွဲ မြောက်ကို ပါဝင် ကစား သွားခဲ့ပြီး ပွဲ အများဆုံး ကစားထားသူ အဖြစ် ဆက်လက် ရပ်တည်နေခဲ့ ပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ နိုင်ငံ အသင်းအတွက် ကိုယ်စားပြုပြီး ဂိုးပေါင်း ၁၁၅ ဂိုး သွင်းယူ ထားနိုင်ကာ အလီဒါယီ ရဲ့ ၁၀၉ ဂိုး စံချိန် ကိုလည်း ချိုးဖျက် ထားခဲ့ပြီး ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲက စတင်ပြီး ၂၀၁၀ ၊ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ပါဝင် ကစားထားခဲ့ ပါတယ် ။

အကယ်၍ ဒီတကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါက ရိုနယ်ဒို ဟာ ကမ္ဘာ့ဖလားကို အကြိမ် အများဆုံး ( ၅ ကြိမ် ) ပါဝင် ကစားနိုင်တဲ့ ကစားသမား အဖြစ် အန်တိုနီယို ကာဘာဂျယ် ၊ လိုသာမားသီးယပ်စ် ၊ ရာဖေးမားကွက်ဇ် ၊ ဘူဖွန် ( ၅ ကြိမ်ပါ ၊ ၄ ကြိမ်ကစား ) တို့ရဲ့ မှတ်တမ်း ထဲကို ပါဝင် သွားမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR