ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ခြေစွမ်းပြခွင့် မရတော့မယ့် ဘောလုံးကြယ်ပွင့်များ

ကာတာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မှာ ပါဝင် ခွင့်ရမယ့် အသင်းတွေ ကတော့ တဖြည်းဖြည်း များပြားလို့ လာခဲ့ ပါပြီ ။

ဥရောပဇုန် ကနေ ခြေစစ်ပွဲအောင် အသင်း ၁၀ သင်း ထွက်ပေါ် လာခဲ့သလို တောင်အမေရိက ကနေလည်း ဘရာဇီး နဲ့ အာဂျင်တီးနား တို့ ခြေစစ်ပွဲ အောင်မြင် ခဲ့ကြပါပြီ ။

အိမ်ရှင် ကာတာ အပါအဝင် ဆိုရင် အသင်း ၁၃ သင်းအထိ အမည်ပေါက် ထားပြီလို့ ဆိုရမှာပါ ။

ခြေစစ်ပွဲတွေ ၊ Play-off ပွဲတွေ ကျန်နေသေး တာကြောင့် ခြေစစ်ပွဲ အောင်လာမယ့် နောက်ထပ် ၁၉ သင်း မှာ ဘယ်အသင်းတွေ ပါလာမလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ကြရဦးမှာပဲ ဖြစ်ပါတယ် ။

ခြေစစ်ပွဲအောင် အသင်းတွေ ထက်ဝက်နီးပါး ရှိလာချိန်မှာ ခြေစစ်ပွဲ မအောင်တဲ့ အသင်းတွေလည်း အမြောက် အများ ပေါ်ထွက် လာခဲ့ပါပြီ ။

နာမည်ကြီး အီတလီ ၊ ပေါ်တူဂီ တို့ဟာ ဥရောပ ဇုန်ကနေ တိုက်ရိုက် ခြေစစ်ပွဲ မအောင်ခဲ့ကြဘဲ Play-off တွေ ကစားရဦးမှာ ဖြစ်တာကြောင့် အနာဂါတ် မသေချာ မရေရာသေး ပါဘူး ။

တောင်အမေရိက ဇုန် မှာ ဆိုရင်လည်း အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ယူရဂွိုင်း ( ဥရုဂွေး ) ဟာ ၄ ပွဲ သာ ကျန်တော့ချိန်မှာ ခြေစစ်ပွဲ အောင်နိုင်တဲ့ အဆင့်အပြင်ဘက်ကို ရောက်ရှိလို့ နေပါတယ် ။

ဒါကြောင့် လာမယ့် ကမ္ဘာ့ဖလား မှာ ရိုနယ်ဒို ၊ ဆွာရက် တို့ အပါအဝင် အီတလီ ၊ ပေါ်တူဂီ က ဘောလုံး ကြယ်ပွင့်တွေကို မမြင်တွေ့ရ နိုင်ဖို့ အလားအလာတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိအချိန် အထိတော့ ဒီ ကစားသမားတွေမှာ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ် ။

အချို့သော ဘောလုံး စတားတွေရဲ့ ကမ္ဘာ့ဖလား အိပ်မက်ကတော့ ဆုံးခန်း တိုင်သွားခဲ့ ပါပြီ ။

အဲ့ဒိ ကစားသမားတွေ ကတော့ –

၁ ။ အာလင်း ဟာလန်း ( နော်ေ၀ )

ဟာလန်း ကို ရိုနယ်ဒို – မက်ဆီ ခေတ်လွန် ဘောလုံး ကမ္ဘာမှာ အကောင်းဆုံး ဆုတွေကို ရယူ နိုင်မယ့် ကစားသမား တယောက် အဖြစ် သတ်မှတ် ထားကြပါတယ် ။

ဒါပေမယ့် နော်ေ၀ တို့ ဥရောပဇုန် ခြေစစ်ပွဲ ရဲ့ အုပ်စု G မှာ နယ်သာလန် ၊ တူရကီ တို့ရဲ့ နောက် တတိယ သာ ရရှိခဲ့တာက ဟာလန်း ကို ကမ္ဘာ့ဖလားမှာ အစွမ်းပြခွင့် ဆုံးရှုံး စေခဲ့ ပါတယ် ။

၂ ။ ဖရန့်ကတ်ဆီ ၊ ပေပေ ၊ ဇာဟာ ၊ ဟေလာ ( အိုင်ဗရီကိုစ့် )

အာဖရိက ဆင်ရိုင်းတွေလို နာမည်ကျော် ခဲ့ပြီး ကစားသမားကောင်းတွေ အမြဲ ပါလေ့ ရှိတဲ့ အိုင်ဗရီကိုစ့် ကိုလည်း ၂၀၂၂ ကမ္ဘာ့ဖလားမှာ မမြင်ရတော့ ပါဘူး ။

အာဖရိကဇုန် ခြေစစ်ပွဲ ဒုတိယအဆင့်ရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ အိုင်ဗရီကိုစ့် ဟာ ကင်မရွန်း ကို ရှုံးနိမ့်ခဲ့ ပါတယ် ။

၃ မှတ် အပြင် ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေကိုပါ ပေးခဲ့ရတာပါ ။
နစ်မြုပ်သွားတဲ့ အိပ်မက်တွေနဲ့ အတူ ဥရောပ အသင်းကြီးတွေ မျက်စိကျနေတဲ့ အေစီ ကွင်းလယ်လူ ကတ်ဆီ ၊ အိုင်ယက်စ် နဲ့ ဂိုးမြူးနေတဲ့ ဆီဘတ်စတီယန် ဟေလာ ၊ ပဲလေ့စ် စတား ဇာဟာ ၊ အာဆင်နယ် ရဲ့ သန်း 70 တန် ပေပေ တို့ ပါသွားခဲ့ကြပါတယ် ။

၃ ။ အော်ဘားမီးယန်း ( ဂါဘွန် )

အာဆင်နယ် တိုက်စစ်မှူးကြီး အော်ဘားမီးယန်း ရဲ့ ဂါဘွန် လည်း ခြေစစ်ပွဲ မအောင်ခဲ့ ပါဘူး ။

မိုဟာမက် ဆာလာ တို့ ပါတဲ့ အီဂျစ် ဟာ အုပ်စု F မှာ ရှုံးပွဲ မရှိ ကစားပြီး ခြေစစ်ပွဲ တတိယ အဆင့်ကို စောစီးစွာပဲ တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

ပြင်သစ် လက်ရွေးစင် ကို ရွေးချယ်ခွင့် ရှိခဲ့ပေမယ့် ဂါဘွန် ကိုသာ ရွေးချယ်ခဲ့တဲ့ အော်ဘားမီးယန်း အတွက်တော့ စိတ်မကောင်းစရာပါပဲ ။

၄ ။ ဒီဇစ်ကို ( ဘော့စနီးယား )

ရိုးမား ကနေ အင်တာမီလန် ကို ဒီနှစ်မှာ ပြောင်းလာပြီး ဂိုးတွေ သွင်းမြဲသွင်းဆဲ ဖြစ်နေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဒီဇစ်ကို ရဲ့ ဘော့စနီးယားလည်း ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး ။

ဇစ်ကို ၊ ပီယာနစ် တို့ရဲ့ ဘော့စနီးယား ဟာ ပြင်သစ် ပါတဲ့ အုပ်စု D မှာ ခြေစစ်ပွဲ ကစားခဲ့ရပြီး အဆင့် ၄ နေရာသာ ရရှိခဲ့ ပါတယ် ။

၅ ။ နာဘီကီတာ ( ဂီနီယာ )

လီဗာပူး ကွင်းလယ်လူ နာဘီ ကီတာ ၊ ပေါလ်ပေါ့ဘာ ရဲ့ အကို ဖလော်ရင်တန် ပေါ့ဘာ တို့ ပါတဲ့ ဂီနီယာ ကလည်း ခြေစစ်ပွဲ တတိယ အဆင့်ကို အရောက်မလှမ်း နိုင်ခဲ့ပါဘူး ။

၆ ။ စကရီနီယာ (စလိုဗက်ကီးယား )

ကမ္ဘာ့ဖလား နဲ့ လွဲတဲ့ နောက်ထပ် စတား တယောက်ကတော့ အင်တာမီလန် ရဲ့ အဓိက ခံစစ်မှူး မီလန် စကရီနီယာ ပါပဲ ။ တချိန်က ယူရို သန်း ၁၀၀ တန်ကြေး ရှိခဲ့တဲ့ ခံစစ်မှူး ပါဝင်တဲ့ စလိုဗက်ကီးယား ဟာ ခရိုအေးရှား နဲ့ ရုရှ တို့ ကို မကျော် နိုင်ခဲ့ ပါဘူး ။

နောက်ထပ် ဘယ်ဘောလုံး စတားတွေ ကမ္ဘာ့ဖလား နဲ့ လွဲချော် ကြဦးမှာလဲ ?

 

SPORTS MYANMAR