ကစားသမား ၃ ဦးဟာ မန်ယူနိုက်တက်မှာ ကစားရန် လုံလောက်တဲ့ အရည်အသွေး မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

မနေ့ညက မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရာ ရှုံးနိမ့်ခဲ့ပြီးနောက် ရွိုင်ကိန်းက ကစားသမား ၃ ဦးဟာ မန်ချက်စတာယူနိုက်တက် အတွက် လုံလောက်တဲ့ အရည်အသွေး ရှိမနေဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။ မန်စီးတီးဟာ အိုးထရပ်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် အဲရစ်ဘိုင်လီရဲ့ own goal ၊ ဘာနာဒိုဆေးလ်ဗားရဲ့ ပိတ်သွင်းမှုကနေ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးဟာ ပွဲကို အသာအယာ ထိန်းကစားခဲ့ကာ ပထမပိုင်း ရလဒ်အတိုင်း နိုင်ပွဲ ရယူခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ လက်စတာကို ၄-၂ ၊ လီဗာပူးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နောက်ဆုံး လိဂ်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲထိ ရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။

ကိန်းက “ဒါဟာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကထက် ပိုဆိုးတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ပထမပိုင်း အပြီးခင် ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးဟာ ပွဲပြီး သွားပြီ ဆိုတဲ့ သဘောပါပဲ။ မန်စီးတီးဟာ လီဗာပူးနဲ့ ကစားပုံ ခြားနားတဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ဘောလုံးကို ပျော်ပျော်ကြီး ကိုင်ကစားကာ မန်ယူနိုက်တက်ကို အရုပ်လို ကစားသွားခဲ့ပါတယ်။

 

ယူနိုက်တက်ရဲ့ ကစားပုံဟာ အတော် ဆိုးပါတယ်။ ဒီနှစ်သင်းကြား အဆင့်အတန်း အရည်အသွေး ၊ ဆုံးဖြတ်ချက် ချမှတ်မှု နဲ့ အခြေခံ အရာတွေ အားလုံး ကွာခြားပါတယ်။ လူတော်တော်များများ ကတော့ ဒါကို ကလေးနဲ့ လူကြီး ကစားသလိုပဲလို့ ပြောကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဒီထက်ကို ဆိုးနေပါတယ်။ ဒီကစားပုံဟာ မယုံနိုင်စရာ ပါပဲ။”

ဆက်လက်ပြီး ကိန်းက မန်ယူနိုက်တက်ရဲ့ ဒီရှုံးပွဲကို ကြည့်လိုက်မယ်ဆိုရင် ကွင်းလယ်လူ ဖရက် ၊ မက်တိုမီနေး နဲ့ နောက်ခံလူ အဲရစ်ဘိုင်လီ တို့ဟာ ကလပ် အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးဆိုတဲ့ သက်သေ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းက “တစ်ချို့ ကစားသမားတွေဟာ တအားကို ညံ့ပါတယ်။ ကျွန်တော် သူတို့ရဲ့ character ကို ကြည့်ဖြစ်ခဲ့ပါတယ်။ မက်တိုမီနေး နဲ့ ဖရက် တို့ပါ။ မက်တိုမီနေးဟာ လေ့လာသင်ယူနေဆဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက် အတွက် လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။

ခံစစ်ပိုင်းကို ကြည့်လိုက်မယ် ဆိုရင် အဲရစ်ဘိုင်လီ အနေနဲ့ ဒီလိုမျိုး ပုံစံနဲ့ own goal သွင်းလိုက်တာကို ကျွန်တော် မအံ့သြမိပါဘူး။ သူ့မှာ ဒီလို ပျာယာခတ်ပြီး မဆင်မခြင် လုပ်တက်တဲ့ အကျင့် ရှိပါတယ်။ ဖရက်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ကစားနေတဲ့ သူပါ။ ဖရက်! သူဟာ ယူနိုက်တက်မှာ ကစားဖို့ အတွက် လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ်လို့ ထင်တဲ့သူဟာ တစ်ခြား ကမ္ဘာက လူပဲ ဖြစ်မှာပါ။” လို့ ဝေဖန်သွားပါတယ်။

ကိန်းဟာ ပထမပိုင်း မပြီးခင် ဘာနာဒိုဆေးလ်ဗား ပိတ်သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ အမှားကျူးလွန်ခဲ့တဲ့ လူ့ရှော နဲ့ ဂိုးသမား ဒီဂီယာ တို့ရဲ့ စွမ်းဆောင်ရည် အပေး သဘောမကျဖြစ်နေပါတယ်။

ကိန်းက “သူတို့ဟာ လက်ရွေးစင် ကစားသမားတွေပါ။ လူ့ရှောနဲ့ ဒေးဗစ်ဒီဂီယာ တို့ကို ကြည့်လိုက်ပါ။ ကျွန်တော်သာ သူတို့ နှစ်ပေါင်းများစွာ အပြစ်တင်လာခဲ့တာပါ။ အခုတော့ ဒီကစားသမားတွေနဲ့ ပက်သက်ပြီး လက်လျော့ လိုက်ပါပြီ။ ခံစစ်ကို ဘယ်လိုများ ကစားလိုက်သလဲ ဆိုတာ ကျွန်တော် နားလည်လို့ မရပါဘူး။ ဒီပွဲမတိုင်မီ မန်ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ကစားရတာကြောင့် အခွင့်အရေး ရှိတယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ သူတို့ဟာ ဒီတစ်ရာသီလုံး ပြိုင်ဘက်တွေကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ မန်စီးတီးဟာ အနည်းငယ် ကိုယ့်ကိုကိုယ် အထင်ကြီးသွားခဲ့ကာ ယူနိုက်တက်ကို အခွင့်အရေး တစ်ချို့ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မထူးခြားပါဘူး။” လို့ ဆိုသွားပါတယ်။

SM