ကစားသမားဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ကို ရွေးချယ်လိုက်တဲ့ မာတစ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာမာတစ်က မန်ချက်စတာစီးတီး ကွင်းလယ်လူဟောင်း ယာယာတိုရေးဟာ သူ့ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ သူတွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ တိုရေးဟာ စီးတီးမှာ ကစားခဲ့တဲ့ ၈ နှစ်တာ ကာလမှာ အသင်းအတွက် ပွဲပေါင်း ၂၃၀ ကစားပေးခဲ့ပြီး အီတီဟတ်ကလပ်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ၊ အက်ဖ်အေဖလား ၁ ကြိမ် နဲ့ လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှာကော ခံစစ်မှာပါ အကောင်းဆုံး ကစားပေးနိုင်တဲ့ တိုရေးဟာ စီးတီး အတွက် အရေးပါတဲ့ ဂိုးတွေလည်း သွင်းယူပေးခဲ့သူ ဖြစ်ပြီး လူတော်တော်များများ အမှတ်ရနေတဲ့ ဂိုးတွေကတော့ မန်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် နဲ့ စတုတ်စီးတီးကို ဖိုင်နယ်မှာ အနိုင်ရတုန်းက သွင်းယူခဲ့တဲ့ ဂိုးတွေ ဖြစ်ပါတယ်။

ဒီရာသီ ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန် နေရတဲ့ မာတစ်ဟာ မန်ချက်စတာ ပြိုင်ဘက်တွေကြား ယှဉ်ပြိုင်မှုကို ဘေးဖယ်ထားကာ လွန်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၈ ကြား စီးတီးရဲ့ အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့ တိုရေးရဲ့ အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။

မာတစ်က “ကျွန်တော့် ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ဟာ မန်ချက်စတာစီးတီးမှာ ကစားခဲ့တဲ့ ယာယာတိုရေး ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ရရှိနေတဲ့ အချိန်မှာ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော် ကတော့ သူနဲ့ ရင်ဆိုင် ကစားရတာကို နှစ်သက်မိခဲ့ပါတယ်။ သူဟာ ကျွန်တော့်ကို အမြဲတမ်း ခက်ခဲတဲ့ အချိန်တွေ ပေးခဲ့ပြီး သူနဲ့ ရင်ဆိုင် ကစားရတဲ့ အခါ ကိ်ုယ့်ဘက် အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ လိုအပ်ပါတယ်။” လို့ ပြောသွားပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်တဲ့ မာတစ်က သူ့အနေနဲ့ ကစားသမား ဘ၀ကနေ အနားယူပြီးတဲ့ အချိန်မှာ နည်းပြလောကထဲကို ၀င်ရောက်သွားဖို့ အစီအစဉ် ရေးဆွဲထားတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူက “ကစားသမားဘ၀ ကနေ အနားပြီးတဲ့ အခါ နည်းပြလောကထဲကို ၀င်ရောက်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်။ ကျွန်တော် နည်းပြသင်တန်း စတင် တက်ရောက် ခဲ့ပေမယ့် အခုချိန်မှာတော့ အနားယူဖို့ ကိစ္စကို မစဉ်းစားရသေးပါဘူး။ လောလောဆယ် ဘောလုံး ကစားရတဲ့ အလုပ်ကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။

ကျွန်တော့် အနေနဲ့ နောက်ထပ် ၄ နှစ် ၅ နှစ်လောက် ကောင်းကောင်း ကစားနိုင်သေးတယ်လို့ ထင်ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် သွားကြတာပေါ့။ ဒါပေမယ့် ဒီအချိန်မှာတော့ ကျွန်တော် ဘောလုံး ကစားဖို့ အတွက်ပဲ အာရုံစိုက်ထား ပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM