ကစားသမားဘ၀ရဲ့ အခက်ခဲဆုံး ပရီးမီးယားလိဂ် ပြိုင်ဘက် ၃ ဦးကို ထုတ်ဖော်လိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ပေါလ်စခိုးဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင် ကစားခဲ့ဖူးတဲ့ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမား ၃ ဦးမှာ ဖရန့်လမ်းပတ် နဲ့ စတီဗင်ဂျာရတ် တို့ကို ရွေးချယ်ခဲ့ခြင်း မရှိဘဲ အာဆင်နယ် ဂန္တ၀င် ကွင်းလယ်လူနဲ့ အတူ လူတွေ သိပ်ပြီး ထင်မှတ်ထားခြင်း မရှိတဲ့ ကစားသမား ၂ ဦးကို ရွေးလိုက်ပါတယ်။ စခိုးဟာ ယူနိုက်တက် ကစားသမားဘ၀ ၁၉ နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း ၇၁၈ ပွဲ ကစားပေးခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၁၁ ကြိမ် ၊ အက်ဖ်အေဖလား ၃ ကြိမ် နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ဆွတ်ခူးခဲ့တဲ့ ဂန္တ၀င် တစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၄၇ နှစ် ရှိနေပြီ ဖြစ်တဲ့ စခိုးဟာ ၂၀၁၃ ခုနှစ်မှာ ကစားသမား ဘ၀ကနေ အနားယူခဲ့ပြီး ဘော်ဘီချာတန် နဲ့ ရိုင်ယန်ဂစ် တို့ရဲ့နောက် ယူနိုက်တက် အတွက် တတိယမြောက် ပွဲအများဆုံး ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက် ကွင်းလယ်လူဟောင်းဟာ သူရင်ဆိုင် ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ ထဲက ရင်ဆိုင်ရ အခက်ခဲဆုံး ကစားသမား ၃ ဦးကို ရွေးချယ်လိုက်ပါတယ်။

စခိုးက “ကွင်းလယ်လူ အဖြစ် ကျွန်တော် ကစားခဲ့တဲ့ အချိန်တုန်းက ပွဲတွေ မတိုင်မီ ကျွန်တော့်ရဲ့ အတွေးက ‘ငါကွင်းလယ်မှာ ဘောလုံးကို အချိန် အကြာကြီး ကိုင်ကစားခွင့် ရချင်တယ်။ ကိုယ့်ရဲ့ဘေးမှာ ဘယ်ပြိုင်ဘက်မှ မရှိဘူးဆိုရင် နေရာလွတ် အနည်းငယ်ကို ရှာဖွေကာ passing တွေ လုပ်ပြီး ကစားသွားမယ်’ လို့ပါ။ အဲဒီနောက် ရော်ဘီဆားဗေ့ခ်ျလို ကစားသမားနဲ့ ရင်ဆိုင် ကစားရတဲ့ အခါ တကယ့်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ပါပဲ။ သူဟာ ဘောလုံးကို လုံး၀ ကိုင်ကစားခွင့် မပေးဘဲ လျှင်မြန်စွာ ပိတ်ဆို့ ကစားဖို့ ကြိုးစားပါတယ်။ ကျွန်တော် ဒါမျိုးကို အလို မရှိပါဘူး။ ကွင်းထဲမှာ သက်တောင့်သက်သာ ကစားခွင့် ရတာကိုပဲ ကျွန်တော် ကြိုက်ပါတယ်။

ကျွန်တော့်ရဲ့ ကစားဟန် အရ လူတွေကို လိမ်ခေါက် ကျော်ဖြတ်စရာ မလိုအပ်သလို အခြား သူတွေထက် ပိုပြီး လျှင်မြန်ဖို့ သန်မာဖို့လည်း မလိုအပ်ပါဘူး။ ပြီးတော့ ပက်ထရစ်ဗီအဲရာလည်း ရှိပါသေးတယ်။ သူဟာ ခြေထောက်ရှည်တဲ့ အပြင် လူကောင်ကလည်း ကြီးမားတာကြောင့် ရင်ဆိုင်ရတာ တကယ် ခက်ခဲပါတယ်။ ကိုယ်ဘောလုံး ရရှိပြီး pass မလုပ်ခင်မှာပဲ သူဟာ ပြိုင်ဘက်ဆီက ဘောလုံးကို ဖြတ်ယူသွားတက် ရှိပါတယ်။ ပြီးတော့ သူဟာ လိမ္မာပါးနပ်စွာ ကစားတဲ့ ထူးချွန်တဲ့ ဘောလုံးသမားပါ။

 

နောက်ပြီး လူတွေ မထင်မှတ်ထားတဲ့ ကစားသမား တစ်ဦး ရှိပါသေးတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ပို့စ်မောက်နဲ့ ရင်ဆိုင် ကစားရလေ့ ရှိခဲ့ပါတယ်။ ခင်ဗျားတို့ ပါပီဘိုဘာဒီအော့ကို မှတ်မိကြသေးလား? တကယ့်ကို လူကောင် အတော်ကြီးတဲ့ ကစားသမားပါ။ ပို့စ်မောက် ကစားသမားတွေဟာ သူ့ကို ဘီဒိုကြီးလို့ ခေါ်လေ့ ရှိပါတယ်။

သူနဲ့ ကွင်းထဲမှာ ခွန်အားချင်း ယှဉ်ကစားဖို့ ကြိုးစားမယ် ဆိုရင် ဒါဟာ ခင်ဗျားရဲ့ အချိန်ကို ဖြုန်းနေတာ ပါပဲ။ ကျွန်တော် သူနဲ့ ရင်ဆို်င် ကစားရတဲ့ အခါတိုင်း အမြဲတမ်း ကသိကအောက် ဖြစ်လေ့ ရှိပါတယ်။ သူဟာ ဗီအဲရာတော့ မဟုတ်ပါဘူး။ အမှန်ပါပဲ။ အဲလို ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ဆီမှာလည်း ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။” လို့ ဖွင့်ဟခဲ့ပါတယ်။

 

SM