ကစားပုံ ကောင်းခဲ့ပေမယ့် ၊ ဂိုးသွင်းဖို့ မေ့နေခဲ့တယ်လို့ သုံးသပ်ရင်း ၊ ဘန်လေတို့ ကံအရမ်းကောင်းပြီး သရေ တမှတ် ရခဲ့တယ်လို့ ဆိုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် က ဘန်လေ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ စိတ်ပျက်ဖွယ် သရေသာ ကစားနိုင်ခဲ့ပါတယ် ။ ပွဲမစခင်ကတော့ ဒီပွဲဟာ အိမ်ရှင် ချဲလ်ဆီးတို့ သက်တောင့်သက်သာ ၊ ပြတ်ပြတ်သားသားနဲ့ နိုင်ခဲ့မယ့် ပွဲလို့ အများက ခန့်မှန်းထားခဲ့ကြပါတယ် ။

လက်တွေ့မှာလည်း ချဲလ်ဆီး ဟာ သက်တောင့်သက်သာ ၊ အေးအေးဆေးဆေး ပွဲကို ခြယ်လှယ် ကစားနိုင်ခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီကတည်းက ၄င်းတို့ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တဲ့ ဂိုးသွင်း အဆုံးသတ် အားနည်းမှုကပဲ ဒီပွဲမှာ ထပ်မံ နှောင့်ယှက်သွားခဲ့ပါတယ် ။

ဘန်လေ ကတော့ လူစားလဲမှု မှန်ကန်ခဲ့တယ်ပဲ ဆိုရမှာ ဖြစ်ပြီး ၊ ချေပဂိုးကိုလည်း လူစားဝင် တိုက်စစ် အတွဲ ဖြစ်တဲ့ ဂျေးရိုဒရီဂွက်ဇ် – ဗစ်ဒရာ အတွဲကနေ ပြန်ရခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် တပွဲလုံး ခြုံကြည့်ရင် ဘန်လေတို့ ကံကောင်းလို့ သရေ တမှတ် ရခဲ့တာလို့ ဆိုနိုင်ပါတယ် ။

အထူးသဖြင့် တပွဲလုံးမှာ ချဲလ်ဆီးရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု က ၂၅ကြိမ် အထိ ရှိခဲ့ပြီး ၊ ဘန်လေ ဂိုးသမား နစ်ပုပ် ကာကွယ်ခဲ့တာတွေ အပါအဝင် ၊ ဘာကလေ ၊ ဟာဗက်ဇ် ၊ အိုဒွိုင်းတို့ အပိုင် ကန်ခွင့် ၄ ၊ ၅ကြိမ်ထက် မနည်း ဖြုန်းတီးခဲ့တာတွေကြောင့် ၊ international break မတိုင်ခင် ရမှတ် ကွာဟချက်ကို ဆက်ထိန်းထားနိုင်မယ့် အခွင့်အရေးကို ချဲလ်ဆီးတို့ လက်လွှတ်ခဲ့ရပါတယ် ။

အမှတ်ပေးဇယားထိပ်ကိုတော့ ဆက်လက် ဦးဆောင်နိုင်ခဲ့တာ မှန်ပေမယ့် ၊ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှာ ဒီလိုပွဲမျိုး ရမှတ်လျော့ဖို့ အတိမ်းအစောင်း ခံတာမျိုး ချဲလ်ဆီးတို့ အဖြစ်ခံလို့ မရတာကို အသင်းသားတွေ အပါအဝင် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်လည်း သိထားမှာ သေချာပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က အသင်းသားတွေရဲ့ ကစားပုံ အပေါ် သူ့အနေနဲ့ ပျော်ရွှင် ကျေနပ်မှု ရှိခဲ့ပေမယ့် ၊ ၄င်းတို့ဟာ ဂိုးသွင်းဖို့ မေ့လျော့နေခဲ့ကြောင်း ဝေဖန် သုံးသပ်လိုက်ကာ ၊ ပြိုင်ဖက် ဘန်လေ အသင်း ဟာ ကံကောင်းပြီး သရေ တမှတ် ရခဲ့တယ်လို့လည်း ထပ်ဆောင်း မှတ်ချက် ပေးခဲ့ပါတယ် ။

တူချယ် က ” ဟုတ်ပါတယ် ။ ဘန်လေ က ဒီပွဲမှာ ကံကောင်းခဲ့တယ် ဆိုပေမယ့် ၊ ဒါက ဘောလုံးပါပဲ ။ ဒီနေ့ သရေပွဲမတိုင်မီ နောက်ဆုံး ၆ပွဲဆက် နိုင်ပွဲ ရခဲ့တုန်းက ဘရန်းဖို့ဒ်နဲ့ ပွဲမှာ Clean Sheet နဲ့ ပြန်လာနိုင်ခဲ့တုန်းကလည်း ကျွန်တော်တို့ ကံကောင်းခဲ့တယ် မဟုတ်လား ? ထိုနည်း၄င်းပါပဲ ။ ဘန်လေဟာလည်း ကံကောင်းခဲ့ပါတယ် ။ ”

” ဒါကြောင့်လည်း ပရီးမီးယားလိဂ်ကို လူတိုင်းက ကြိုက်ကြတာပါ ။ ဘာလို့လဲဆိုတော့ ဘယ်အသင်းမဆို တသင်းကို တသင်း အနိုင်ယူစွမ်းရှိလို့ပါ ။ ဒီပွဲမှာ ကျွန်တော်တို့ဟာ တဖက်သတ် စိုးမိုး ကစားနိုင်ခဲ့တယ် ဆိုတာကို မှတ်တမ်း အချက်အလက်တွေက အတိုင်းသား ဖော်ပြနေပါတယ် ။ ”

” ဒီနေ့ပွဲမှာ အသင်းသားတွေရဲ့ ခံယူချက် ၊ ကစားအားနဲ့ အာရုံစူးစိုက်မှုတွေကို ကျွန်တော် သဘောကျ နှစ်သက်မိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းဖို့ မေ့နေခဲ့သလိုပါပဲ ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ နောက်ဆုံး ၇ပွဲဆက် နိုင်ရမယ့်ပွဲ ဖြစ်ခဲ့ရမှာပါ ။ နောက်ဆုံး ၂ပွဲမှာ အဝေးကွင်း ကစားခဲ့ရပြီး ၊ ဒီနေ့မှာ ခံစစ်ကို အဓိက အားပြုပြီး ၊ အဝေးဘောတွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားတဲ့ ဘန်လေကို ရင်ဆိုင်ခဲ့ရတာပါ ။ ”

” သူတို့ရဲ့ ချဉ်းကပ်မှု မှန်သမျှကို ချေပဂိုး မပေးရခင် အထိ ကျွန်တော်တို့ အကြိမ်ကြိမ် တားဆီးနိုင်ခဲ့ပါတယ် ။ first ball ၊ second ball တွေမှာ ကျွန်တော်တို့ စုဆောင်းမှုတွေ လုပ်နိုင်ခဲ့သလို ၊ ဒီနေ့လိုပွဲမျိုးမှာ အသင်းသားတွေရဲ့ လုပ်အား က စံထားခဲ့စရာ ကောင်းပါတယ် ။ တပွဲလုံးကိုလည်း ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ”

” အခွင့်အရေးတွေလည်း အများအပြား ဖန်တီးနိုင်ခဲ့တာကြောင့် ၊ လုပ်အားနဲ့ စွမ်းဆောင်ရည် က အားရစရာကောင်းခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ တခါတလေမှာ ဒီနေ့လို အမှတ်လျော့တာမျိုး ကြုံခဲ့ရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့လည်း ဘရန်းဖို့ဒ်နဲ့ ပွဲမှာတုန်းက ကံကောင်းခဲ့တာပါပဲ ။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR