ကစားခွင့် နည်းပါးနေတဲ့ ချဲလ်ဆီး ကြယ်ပွင့်ကို အငှားကနေ ပြန်ဆင့်ခေါ်ဖို့ ရှိမရှိ ဖြေကြားခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အသုံးမလိုသေးတဲ့ ကစားသမား အယောက် ၂၀ကျော်ကို အငှားချခဲ့ရာ ၊ ထိုအထဲမှာ စကော့တလန် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာလည်း တဦး အပါအဝင် ဖြစ်ခဲ့ပါတယ် ။

ဂီလ်မာ ဟာ လက်ရှိမှာ အဆင့် ၂၀ နေရာ တန်းတက် နောဝှစ်ခ်ျ အသင်းကို ရာသီကုန် အထိ အငှား စာချုပ် ချုပ်ထားတာ ဖြစ်ပေမယ့် ၊ နောက်ဆုံး ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲအပြင် အခြား ပွဲအချို့မှာ ပွဲကစားခွင့်တွေ လုံးဝ ပျောက်ဆုံးနေပါတယ် ။

ဒါ့အပြင် အသင်းရဲ့ လက်ရှိ form ကလည်း သရေ ၂ပွဲနဲ့ နိုင်ပွဲ လုံးဝ မရှိသေးတဲ့ အနေအထား မှာ ဖြစ်နေတဲ့ အတွက် ၊ ကြယ်ပွင့် ကစားသမား တဦးရဲ့ တိုးတက်မှု ဖြစ်စဉ် အပေါ် အနည်းနဲ့ အများ သက်ရောက်မှု ရှိလာနိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဂီလ်မာ ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွင်း အငှားကနေ ပြန်ဆင့်ခေါ်ဖို့ ခန့်မှန်းချက်တွေလည်း ထွက်နေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရပေမယ့် ၊ ၄င်းကတော့ အငှားကနေ ပြန်ပြီး ဆင့်ခေါ်ဖို့ထက် ဘီလီ ဂီလ်မာ ဟာ နောဝှစ်ခ်ျမှာ နေရာ တနေရာ ရဖို့ ဆက်လက် တိုက်ပွဲဝင်ဖို့ အချိန်တွေ ရှိနေသေးကြောင်းသာ တုန့်ပြန် ဖြေဆိုခဲ့ပါတယ် ။

တူချယ် က ” အကယ်လို့ မဖြစ်မနေ ဆုံးဖြတ်ချက် ချရမယ် ဆိုရင်တောင် လာမယ့် ဇန်နဝါရီ အတွင်းမှာမှ ဖြစ်ပါလိမ့်မယ် ။ အခု မဟုတ်သေးပါဘူး ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒန်နီယယ် ( ဖာကီ ) ( နောဝှစ်ခ်ျ နည်းပြ ) နဲ့ ဆွေးနွေးပြီးပါပြီ ။ ပြီးခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျ က နောဝှစ်ခ်ျနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမတိုင်မီ ဘီလီ ကို မြင်တွေ့ခဲ့ရတာ ကျွန်တော် ဝမ်းသာခဲ့မိပါတယ် ။ ”

” ဒီရာသီ မစတင်မီက ပွဲကစားခွင့် မိနစ်တွေ ပိုရဖို့ အခြား ကလပ် တသင်းဆီ အငှားထွက်ရမယ့် ကိစ္စ ၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စီနီယာ အသင်းမှာ နေရာ ပြန်ရဖို့ အတွက် တိုက်ပွဲဝင်ရမယ့် ကိစ္စ ဟာ ရှင်းနေပြီးသားပါ ။ နောဝှစ်ခ်ျမှာ သူ ဖြစ်ချင်သလို ၊ ကစားခွင့်တွေ လုံလုံလောက်လောက် ရချင်မှ ရပါမယ် ။ ”

” ဒါပေမယ့် အခုအချိန် ဟာ ဒီ အငှား ပရောဂျက် တခုလုံး ရပ်တန့်ဖို့ ၊ အခြား ဖြေရှင်းချက် ပေးဖို့ အချိန် မဟုတ်ပါဘူး ။ တခါတလေမှာ ဒီလို အခိုက်အတန့် တွေက ကိုယ့်ကစားသမား ဘဝ ရှေ့ရေး အတွက် အတားအဆီး တခု သဖွယ် ဖြစ်ကောင်း ဖြစ်စေနိုင်ပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ ဒီ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ရပါမယ် ၊ တုန့်ပြန်နိုင်ရပါမယ် ။ ”

” ရောက်နေတဲ့ အသင်းမှာ အကောင်းဆုံး ကြိုးစား ၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြပြီး ၊ အသင်းကို ကူညီပေးနိုင်ရပါမယ် ။ ဒါဟာ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး ထက်မြက်စေမှာပါ ။ ကျွန်တော့ အတွက် ကတော့ ခုနက ပြောခဲ့သလို ၊ ဘီလီရဲ့ အငှား ကစားသမား ဘဝ ကို အဆုံးအဖြတ် ပေးဖို့ အချိန် မကျသေးပါဘူး ။ ”

” အခုမှ နိုဝင်ဘာလ အစပဲ ရှိပါသေးတယ် ။ နောက်ထပ် လအနည်းငယ် ကျန်ပါသေးတယ် ။ ဒီကြားထဲမှာ သူဟာ နောဝှစ်ခ်ျ ကို ပိုကောင်းတဲ့ အသင်း တသင်း ဖြစ်လာစေဖို့ ၊ ကိုယ့်ရဲ့ အရည်အသွေးတွေနဲ့ ကူညီ ပံ့ပိုးပြီး သက်သေပြနိုင်ဖို့ အချိန်တွေ ရပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR