ကင်းပါဝါမှာ အသင်းဟောင်းကို ပညာပြန်ပြခဲ့တဲ့ ခြင်္သေ့ပြာ ၂ဦးနဲ့ လက်စတာ ၀ – ၃ ချဲလ်ဆီး ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

ယနေ့ည အစောပိုင်း က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ အစောဆုံးပွဲ ဖြစ်တဲ့ ကင်းပါဝါကွင်း က လက်စတာ – ချဲလ်ဆီး ပွဲမှာ အမှတ်ပေးဇယား ကို ဦးဆောင်ထားတဲ့ ချဲလ်ဆီးတို့ ၃ဂိုးပြတ် နိုင်ပွဲ တပွဲကို ဖော်ဆောင်ခဲ့ကာ ၊ အနီးကပ် ပြိုင်ဖက်တွေကို နောက်ထပ် ရမှတ် အချို့ ထပ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

ပထမပိုင်းမှာ အိမ်ရှင် လက်စတာဖက် က ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝ မရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်း က ဒီမာရိုင်း အမာတေရဲ့ အဝေး ကန်ချက် ၊ မက်ဒီဆင်ရဲ့ ပင်နယ်တီ ဧရိယာ ထိပ်က ကန်ချက်တွေကို မန်ဒီ တယောက် အထူး လက်စွမ်းပြခဲ့လို့ ၊ ဂိုးပြန်ပေးရမယ့် အဖြစ်ကနေ ရှောင်လွှဲနိုင်ခဲ့ပြီး ၊ Clean Sheet ရယူနိုင်ခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ သီယာဂို ဆေးလ်ဗား ၊ အန်တိုနီယို ရူဒီဂါ ( Rating – 9 )

ဒီရာသီ ပေးဂိုး ၄ဂိုးသာ ရှိထားတဲ့ ချဲလ်ဆီး ခံစစ် ဟာ နောက်ထပ် ကျစ်လျစ် မာကျောတဲ့ စွမ်းဆောင်ရည် ကို ထပ်မံ ပြသခဲ့ပြီး ၊ ပထမပိုင်း တပိုင်းလုံးမှာ ယင်း ၃ယောက်တန်း ခံစစ် အတွဲ ဟာ လက်စတာ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂျေမီ ဗာဒီ ၊ အဒီမိုလာ လွတ်ခ်မန်း ၊ ဟာဗီဘန်းစ် တို့ကို တိတ်ဆိတ်အောင် လုပ်ပြနိုင်ခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား ဟာ အသက်အရွယ် ကြီးရင့်နေပေမယ့် ၊ ဦးနှောက်ရဲ့ အလုပ်လုပ်မှု က ဗာဒီရဲ့ အမြန်နှုန်းထက် အများကြီး သာခဲ့ပြီး ၊ လက်စတာ ကွင်းလယ်က ပံ့ပိုးမှု အများစု ကို ဖိအားမရှိ ဖြတ်တောက်ပြနိုင်ခဲ့ကာ ၊ လှပတဲ့ အဝေးဘော ပေးပို့မှု အချို့လည်း လုပ်နိုင်ခဲ့ပါတယ် ။

အလားတူ ရူဒီဂါ ဟာလည်း အရေးပါတဲ့ အဖွင့် ဦးဆောင်ဂိုး ကို ထောင့်ကန်ဘောကနေ တဆင့် နောက်ပြန်တိုက် သွင်းယူခဲ့သလို ၊ ခံစစ် ရှုထောင့်မှာလည်း in-form ခံစစ်မှူးပီပီ အမှားအယွင်း အလွန် နည်းပါးခဲ့ကာ ၊ လက်စတာ ညာခြမ်း ခံစစ် ကို တိတ်ဆိတ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။

အန်ဒရီယာစ် ခရစ်တန်ဆန် အစား ပွဲထွက်ခွင့် ရခဲ့တဲ့ ထရက်ဗာ ချာလိုဘာ ဟာလည်း ပရီးမီးယားလိဂ် အတွေ့အကြုံ နည်းပါးသည့်တိုင် ၊ ကြိုးစား အားထုတ်မှုနဲ့ အာရုံစိုက်မှု အပြည့် ပြသခဲ့ပြီး ၊ လက်စတာ တောင်ပံ ကစားသမား ဟာဗီဘန်းစ် ကို ရှိတယ်လို့ မထင်ရလောက်အောင် အထိ တားဆီး ထိန်းချုပ်ပြနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ၊ အန်ဂိုလို ကန်တေ ( Rating – 9 ) ၊ ဂျော်ဂျင်ဟို ၊ ဘန်ချေဝဲလ် ( Rating – 8 )

wing-back တွေရဲ့ အခန်းကဏ္ဍ ဟာ သောမတ်စ် တူချယ်ရဲ့ မဟာ plan မှာ မရှိမဖြစ် အရေးပါနေဆဲ ဖြစ်ကာ ၊ လူကျွံဘောတွေသာ ဂိုးရခဲ့ရင် ၊ ရိစ်ဂျိမ်းစ်နဲ့ ချေဝဲလ်တို့ရဲ့ မှတ်တမ်း အချက်အလက်တွေ ဒီထက် ပိုပြီး မြင့်တက်ခဲ့မှာ ဖြစ်ပါတယ် ။ သို့ပေမယ့်လည်း ပထမပိုင်း က ဦးဆောင်ဂိုး ၂ဂိုးကို ၄င်းတို့ ၂ဦး ဖန်တီးပေးနိုင်ခဲ့တာကိုတော့ ဖယ်ရှားလို့ မရခဲ့ပါဘူး ။

တပွဲလုံး အိမ်ရှင် ပရိသတ်တွေရဲ့ boo လုပ်ခြင်း ခံခဲ့ရတာတောင် ကစားပုံနဲ့ အာရုံစိုက်ပုံ မပျက်ခဲ့တဲ့ ချေဝဲလ် ဟာ ဖြတ်တင်ဘောတွေဟာ လက်စတာ ခံစစ် ကို အကြိမ်ကြိမ် ပြိုလဲစေခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းရဲ့ top scorer ဖြစ်တဲ့ ရိစ်ဂျိမ်းစ် ကတော့ ဒီနေ့ပွဲမှာ ကန်တေရဲ့ solo ဂိုးအတွက် အနီးကပ် ဖန်တီးနိုင်မှု လုပ်ပြနိုင်ခဲ့ပေမယ့် ၊ လူကျွံဂိုး တဂိုးမှာ ၄င်းရဲ့ ကန်ချက် က သေသပ်လှပခဲ့တာကြောင့် ၊ ထိုဂိုးမရခဲ့တာကို ၄င်း အတော်လေး စိတ်ပျက်ခဲ့တာကို တွေ့ရပါတယ် ။

ကွင်းလယ်မှာတော့ ကန်တေ – ဂျော်ဂျင်ဟို Ballon D’Or ဆန်ခါတင် ကွင်းလယ် အတွဲ က ကြောက်ခမန်းလိလိ ကျော်ဖြတ်ရ ခက်ခဲခဲ့ကာ ၊ ဘောလုံး အဖြတ်အတောက် ၊ တိုက်စစ် အတက် ၊ ခံစစ် အဆင်း အကုန်လုံးနီးပါး အမှားအယွင်း ကင်းခဲ့ပြီး ၊ ကန်တေ ကတော့ အသင်းဟောင်းဖက် ကို ဒုတိယ အကြိမ်မြောက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 7 )

အဖွင့်ဂိုး ၂ဂိုး က ကွင်းလယ်နဲ့ ခံစစ် လုပ်အားကြောင့် ရခဲ့တဲ့ အတွက် ၊ ဒီနေ့မှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ၃ယောက်တွဲ တိုက်စစ်ရဲ့ အခန်းကဏ္ဍ က အနည်းငယ် မှေးမှိန်ခဲ့တယ်လို့ ထင်ရပေမယ့် ၊ ဘောလုံး ဆုံးရှုံးတဲ့ အချိန် ၊ ပြိုင်ဖက်ကို ဖိအားပေးတဲ့ နေရာ ၊ တိုက်စစ် တွဲလုံး အချိတ်အဆက် စတင်တဲ့ နေရာတွေမှာ တာဝန် ကျေပွန်ခဲ့ကြပါတယ် ။

ပွဲထွက်ခွင့် ထပ်ရပြန်တဲ့ အိုဒွိုင်း ဆိုရင် ပထမပိုင်းမှာ ပင်နယ်တီ ဧရိယာ အတွင်း လက်စတာ ခံစစ် ကို လှလှပပ ကျော်ဖြတ်ရင်း ဂိုးရနိုင်ဖို့ နီးစပ်ခဲ့သလို ၊ ဒုတိယပိုင်း မှာ သွင်းယူခဲ့တဲ့ ဂိုးတဂိုးကလည်း လူကျွံနေခဲ့လို့ ကံဆိုးခဲ့ပါတယ် ။

ဟာဗက်ဇ်နဲ့ မောင့်တို့ကတော့ အိုဒွိုင်းလောက် ခြေမပေါ်ခဲ့သည့်တိုင် ၊ တိုက်စစ်မှာ လုပ်အား အပြည့်နဲ့ ပေးဆပ် ကစားခဲ့ပြီး ၊ ဘောလုံး လက်ခံယူတဲ့ နေရာ ၊ ချိန်သားကိုက် ပြေးထွက်တဲ့ နေရာတွေမှာ wing-back တွေနဲ့ အတွဲညီညီ လှုပ်ရှားနိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – ခရစ်တီယန် ပူလီဆစ် ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 7 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( N/A )

SPORTS MYANMAR