PSG အတွက် ပထမဆုံး ဟက်ထရစ် ကို မယူခဲ့ဘဲ အသင်းစိတ်ဓါတ်ကို ပြခဲ့တဲ့ လီယွန်နယ် မက်ဆီ

ပြင်သစ်မြေပေါ်မှာ မနေ့က ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ PSG ဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် နဲ့ ဂိုးတွေ အပြန်အလှန် သွင်းခဲ့ကြပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

PSG မှာ တိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် မပါလာခဲ့သလို အရန် တိုက်စစ်မှူး အီကာဒီ ကလည်း မိသားစု ကိစ္စတွေကြောင့် ဒီပွဲကို ပါဝင် မလာခဲ့ ပါဘူး ။

ဒါကြောင့် မက်ဆီ နဲ့ ဘာပေ တို့ ဟာ ပြင်သစ် ကလပ် ရဲ့ တိုက်စစ်ကို ဦးဆောင် လာခဲ့ကြပြီး ဘရာဇီးသား မပါပေမယ့်လည်း ကိုယ်စီ ဂိုးတွေသွင်းကာ နိုင်ပွဲကို ပုံဖော် နိုင်ခဲ့ကြ ပါတယ် ။

ဒီပွဲ ကြောင့် PSG ဟာ အုပ်စုတွင်းမှာ ၃ ပွဲ ကစား ရမှတ် ၇ မှတ် နဲ့ အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

PSG အတွက် ပွဲအစ ၉ မိနစ် မှာဘဲ ဘာပေ က အဖွင့်ဂိုး သွင်းပေးခဲ့ ပါတယ် ။

လိုက်ပ်ဇစ် ဘက်က အန်ဒရီ ဆေးလ်ဗား နဲ့ မီကီလီ တို့ က ၂၈ မိနစ် နဲ့ ၅၇ မိနစ်တွေ မှာ ဂိုးတွေ ဆက်တိုက် သွင်းပြီး ဂျာမန် ကလပ် ကို အဝေးကွင်းမှာ ဦးဆောင်ခွင့် ပြန်လည် ရယူ ပေးခဲ့ ပါတယ် ။

ဒါပေမယ့် မက်ဆီ က ၆၇ မိနစ် မှာ ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့သလို ၇၄ မိနစ် မှာ ရရှိတဲ့ ပင်နယ်တီ ကိုလည်း ပါနန်ကာ ကန်ချက် နဲ့ သွေးအေးစွာ အဆုံးသတ်ပြီး PSG ကို ပြန်လည် ဦးဆောင်ခွင့် ရယူပေးသွားခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ PSG တို့ နောက်ထပ် ပင်နယ်တီ ရရှိခဲ့ပြန် ပါတယ် ။

ဒီတခါ မှာတော့ မက်ဆီ ဟာ ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေး ကို မယူခဲ့ဘဲ အသင်းဖော် အမ်ဘာပေ ကို ပင်နယ်တီ ကန်စေခဲ့ ပါတယ် ။

ဒါပေမယ့် ဘာပေ ရဲ့ ပင်နယ်တီ မဝင်ခဲ့ ပါဘူး ။

မက်ဆီဟာ PSG ကို ပြီးခဲ့တဲ့ သြဂုတ်လ ကမှ ဘာစီလိုနာ ကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အစောပိုင်း ပွဲတွေ မှာ ပါဝင် မကစားခဲ့ ပါဘူး ။

နောက်ပိုင်း မှာတော့ မက်ဆီ ဟာ နေမာ ၊ ဘာပေ တို့နဲ့ တွဲဖက်ပြီး အားလုံး မျှော်လင့်ထားတဲ့ တိုက်စစ် အတွဲ ကို ဖော်ဆောင်ခဲ့ ပေမယ့် ပြင်သစ်လိဂ် မှာတော့ ခုချိန်ထိ ဂိုးပေါက် ရှာမတွေ့ဘဲ ဖြစ်နေခဲ့ ပါတယ် ။

ဒါပေမယ့် ဒါဟာ မက်ဆီ ရဲ့ ခြေစွမ်းကျမှု မဟုတ်ကြောင်းကို အာဂျင်တီးနား နဲ့ လက်ရွေးစင် အသင်းပွဲတွေ ၊ PSG နဲ့ ကစားတဲ့ ချန်ပီယံ လိဂ် ပွဲတွေက သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ က သက်သေထူနေခဲ့ ပါတယ် ။

ဒီညမှာလည်း မက်ဆီ ဟာ သူ့ရဲ့ နောက်ထပ် ဟက်ထရစ် ရမယ့် အခွင့်အရေးကို ငြင်းပယ် ခဲ့ပြီး ဘာပေ ကို ပေးကန်ခဲ့ ပါတယ် ။

မက်ဆီ ဟာ သူ ဂိုးသွင်းရဖို့ထက် အသင်းသားတွေ အကြား ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိစေဖို့ ၊ သူနဲ့ ဘာပေ အကြားက ရင်းနှီးမှုတွေ တိုးပွားလာစေဖို့ အတွက်ကို ဦးစားပေး ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရ ပါတယ် ။

ဘာပေ ပင်နယ်တီ မဝင်ခဲ့ပေမယ့်လည်း PSG အနိုင် ရခဲ့တာကြောင့် ၂ ဦး စလုံး ပျော်ရွှင်ခဲ့ကြရ ပါတယ် ။

PSG ဟာ လာမယ့် ပိတ်ရက်မှာတော့ မာဆေး အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဒီပွဲမှာတော့ မက်ဆီ အနေနဲ့ ပထမဆုံး လိဂ် ဂိုးကို သွင်းယူနိုင်ဖို့ ကြိုးစားသွားမှာ အသေအချာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR