Penalty King ကီပါ ရပ်တန့်မရနိုင်ခဲ့တဲ့ ချဲလ်ဆီး ၁ ( ၄ – ၃ ) ၁ ဆောက်သမ်တန် ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ကာရာဘောင် ဖလား စတုတ္ထ အဆင့် ပွဲစဉ် တပွဲမှာ ချဲလ်ဆီး အသင်း ဟာ လွန်ခဲ့တဲ့ ၃ပတ်ခန့်ကပရီးမီးယားလိဂ်မှာ ရင်ဆိုင် ကစားခဲ့ရတဲ့ ဆောက်သမ်တန် အသင်း ကို သာမန် ပွဲချိန်မှာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

 

ဂိုးသမား – ကီပါ ( Rating – 8 )

ပထမပိုင်းမှာ စတူးဝပ် အမ်းစထရောင်းရဲ့ ကန်ချက် တကြိမ်သာ ကာကွယ်ခဲ့ရပေမယ့် ၊ ဒုတိယပိုင်းမှာ ကီပါ တယောက် အလုပ်များခဲ့ပြီး ၊ စမောဘုန်းရဲ့ ကန်ချက် တကြိမ် ၊ နာကျင် အချိန်ပို ထောင့်ကန်ဘောမှ လိုင်ယန်ကို ၊ ဆယ်လီဆူး တို့ရဲ့ ခေါင်းတိုက်ချက်တွေကို အထူး လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ပင်နယ်တီ အဆုံးအဖြတ်မှာ သီယို ဝေါလ်ကော့ရဲ့ ပင်နယ်တီ ကိုလည်း ပုတ်ထုတ် ကာကွယ်ခဲ့ပါတယ် ။

 

နောက်တန်း – ရိစ်ဂျိမ်းစ် ၊ ထရက်ဗာ ချာလိုဘာ ( Rating – 8 ) ၊ မာလန်းဆား ( Rating – 7 )

တတိယ အဆင့်မှာ သုံးခဲ့တဲ့ ၃ယောက်တန်း ခံစစ် အတွဲကို ဒီအဆင့်မှာ ထပ်မံ မြင်တွေ့ခဲ့ရပြီး ၊ ပထမပိုင်းမှာ ပိုပြီး တည်ငြိမ်မှု ရှိတဲ့ နားလည်မှု ကို ပြသနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ဆောက်သမ်တန်ရဲ့ press ကစားပုံကြောင့် ၊ အစုအဖွဲ့လိုက် ခုခံ ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

တဦးချင်း စွမ်းဆောင်ရည်မှာတော့ ရိစ်ဂျိမ်းစ်နဲ့ ချာလိုဘာတို့ အထူး ကောင်းမွန်ခဲ့ပြီး ၊ ဘောလုံး ရှင်းလင်း တားဆီးတဲ့ နေရာမှာ အမှားအယွင်း နည်းခဲ့ပါတယ် ။ ဒါ့အပြင် ရိစ်ဂျိမ်းစ် ဟာ တိုက်ရိုက် ဖရီးကစ် တကြိမ် ကနေ ဂိုးပေါက် ခြိမ်းခြောက်မှု လုပ်ပြနိုင်ခဲ့ပြီး ၊ ချာလိုဘာ ဟာလည်း ထောင့်ကန်ဘောမှ တဆင့် အပိုင် ခေါင်းတိုက်ခွင့် တကြိမ် ရရှိခဲ့ပါသေးတယ် ။

မာလန်းဆား ကတော့ တဖက်ခြမ်း က အင်္ဂလန်သားတွေနဲ့ chemistry မိနိုင်ဖို့ ကြိုးစားခဲ့ရပေမယ့် ၊ တဦးချင်း awareness မှာ အနည်းငယ် တိုးတက်မှု ရှိလာခဲ့ပါတယ် ။ သို့ပေမယ့်လည်း တိုက်စစ်ကို ဘောလုံး ပေးပို့တဲ့ နေရာမှာ တုန့်ဆိုင်းမှုတွေ ရှိခဲ့သလို ၊ ဆောက်သမ်တန်ရဲ့ ချေပဂိုးဟာလည်း ၎င်းရဲ့ အမှားကနေ စတင်ခဲ့တာ ဖြစ်ပါတယ် ။

ကွင်းလယ် – ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ဆာအူးလ် နီဂွက်ဇ် ၊ မတ်တီယို ကိုဗာဆစ် ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

wing-back နေရာ ပြန်ရောက်ခဲ့ပေမယ့် ၊ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ အိုဒွိုင်း ဟာ ထိရောက်တဲ့ ဖြတ်တင်ဘော အချို့ ပြုလုပ်နိုင်ခဲ့ပြီး ၊ ရိစ်ဂျိမ်းစ်နဲ့ ၎င်း အကြား အပေးအယူ မျှတခဲ့တာကို တွေ့ရပါတယ် ။ သို့ပေမယ့်လည်း တိုက်စစ်မှာတော့ ဇီယက်ချ်နဲ့ ဝမ်းတူး ရိုက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

အလားတူ အလွန်ဆို ဟာလည်း ဘယ်အခြမ်း တိုက်စစ်မှာ ရော့စ် ဘာကလေနဲ့ ထိထိမိမိ ချိတ်ဆက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၊ ပွဲချိန် အစပိုင်း မိနစ်တွေမှာ ဆောက်သမ်တန်ရဲ့ အတင်းဝင် အတင်းလု ကစားဟန်ကြောင့် ဘောလုံး အပျက် တချို့ ရှိခဲ့ပါတယ် ။ သို့ပေမယ့်လည်း တိုက်စစ်မှာ နေရာယူပုံ အရမ်း ကောင်းခဲ့ပါတယ် ။

အက်စတွန် ဗီလာနဲ့ ကစားခဲ့တဲ့ ၂ပွဲ နောက်ပိုင်း ပထမဆုံး ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ဆာအူးလ် ကတော့ ဒီပွဲမှာ သိသိသာသာ ခြေစွမ်း တိုးတက်မှု ရှိလာတာကို တွေ့ရပါတယ် ။ အဝေးဘော ၊ ကစားကွက်တည်တဲ့ နေရာတွေမှာ အားနည်းချက် များစွာ ကျန်ရှိနေသေးပေမယ့် ၊ တိုက်စစ်မှာ ချိန်သားကိုက် နေရာယူပုံနဲ့ အဆုံးသတ်ပုံတွေ အထူး ကောင်းမွန်ခဲ့ပြီး ၊ ၎င်းရဲ့ အဆုံးသတ်မှု ၂ကြိမ်ကို ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ လက်စွမ်းပြ ကာကွယ်ခဲ့ရပါတယ် ။

ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ် အထိုင် နေရာကို တာဝန်ယူခဲ့ရတဲ့ ကိုဗာဆစ် ကတော့ တိုက်စစ်ကို သိပ်လိုက်ပါခွင့် မရတဲ့ အတွက် ဒီပွဲမှာ ၎င်းရဲ့ အခန်းကဏ္ဍ က မှေးမှိန်သယောင် ရှိခဲ့ပေမယ့် ၊ ဘောလုံး ပေးပို့ပုံတွေမှာ ဆာအူးလ်ထက် များစွာ တိကျခဲ့ပြီး ၊ တကိုယ်တော် ဆွဲပြေးတဲ့ ကစားပုံကို ဆက်လက်ပြသခဲ့သလို ၊ သေသပ်တဲ့ ဖြတ်ထုတ်မှုတွေလည်း လုပ်ပြနိုင်ခဲ့ပါတယ် ။

တိုက်စစ် – ရော့စ် ဘာကလေ ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 8 ) ၊ ဟာကင် ဇီယက်ချ် ( Rating – 5 )

တကြိမ်တခါမှ တွဲဖက် မသုံးဖူးတဲ့ တိုက်စစ် အတွဲအဖက်ကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပြီး ၊ open play မှာ တိုက်စစ် ကစားပုံ က အားရစရာတော့ မကောင်းခဲ့ပါဘူး ။ သို့ပေမယ့် တန်ပြန်တိုက်စစ် လှုပ်ရှားမှုတွေမှာ ဟာဗက်ဇ်ရဲ့ တကိုယ်တော် တိုးအား ၊ ရုန်းအားတွေကို ဆောက်သမ်တန်ဖက်က အတော်လေး ပြင်းပြင်းထန်ထန် ကာကွယ်ဖို့ ကြိုးစားခဲ့ရပါတယ် ။

ထောင့်ကန်ဘော က တဆင့် ဒီပွဲရဲ့ အဖွင့်ဂိုးကို ဟာဗက်ဇ် က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူခဲ့ပြီး ၊ နောက်ထပ် ဂိုးတွေ အတွက် ဆာလောင်မှုကို ပြသသွားခဲ့ပေမယ့် ၊ ဘာကလေနဲ့ ဇီယက်ချ် တို့ရဲ့ ဖန်တီးနိုင်စွမ်း က ထိရောက်မှု အရမ်း နည်းပါးခဲ့ပါတယ် ။

ဇီယက်ချ် ကတော့ ဟာဗက်ဇ်ရဲ့ ထောင့်ကန်ဘော က တဆင့် ဖြတ်တင်ဘော တကြိမ်နဲ့ ပံ့ပိုးနိုင်ခဲ့တာ က လွဲရင် ၊ လူစားအလဲမခံရခင် အထိ ဆိုးရွားတဲ့ ကစားပုံသာ ပြသနိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားပုံနဲ့ အံဝင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး ၊ ဒီပွဲမှာ ပိုဆိုးခဲ့တာ က ဘောလုံး အပျက်များတာနဲ့ ဘောလုံး ပေးပို့ပုံတွေ အတော်လေး နမော်နမဲ့ နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။

ဘာကလေ ဟာ ဒီရာသီ ပထမဆုံး ပွဲထွက်ခွင့် ကို ပိုင်ဆိုင်ခဲ့ပေမယ့် ၊ သာမန်ထက် ထူးခြားတဲ့ စွမ်းဆောင်ရည်ကိုတော့ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး ။ ကစားခွင့် မရတာကြာတဲ့ အတွက် အချိန်အဆ အလွဲအချော်တွေကိုတော့ ၎င်းဆီက မြင်တွေ့ခဲ့ရပေမယ့် ၊ ပျမ်းမျှ စွမ်းဆောင်ရည် အရတော့ ကျေနပ် လက်ခံရမယ့် သဘော ရှိခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ – မေဆင်မောင့် ၊ ဘန်ချေဝဲလ် ( Rating – 6 )

SPORTS MYANMAR