Autism ကလေးငယ်လေး ဘောလုံးပွဲ သက်သောင့်သက်သာ ကြည့်နိုင်အောင် ကူညီပေးခဲ့တဲ့ အာဆင်နယ် အသင်း

ဂန်းနား ပရိသတ် တစ်ဦးဟာ လိဒ်ယူနိုက်တက် အသင်း နဲ့ ခါရာဘောင်းဖလား စတုတ္တအဆင့် ပွဲစဉ်မှာ သူ့ရဲ့သားလေး ဘောလုံးပွဲ အေးဆေး သက်သောင့်သက်သာ ကြည့်နိုင်အောင် အာဆင်နယ် အသင်း ကူညီ ပေးခဲ့ပုံကို တွစ်တာမှာ ထုတ်ဖော် ရေးသား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ခါရာဘောင်း ဖလား စတုတ္တအဆင့်မှာ လိဒ်ယူနိုက်တက် အသင်းကို ချန်ဘာ ၊ အန်ခီတီးယား ရဲ့ သွင်းဂိုးတွေ နဲ့ နှစ်ဂိုးပြတ် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း နိုင်ပွဲ ရခဲ့သလို ဂန်းနားပရိသတ်တစ်ဦးရဲ့ autism သားလေး အတွက်လည်း ခါရာဘောင်းဖလား ပွဲဟာ မမေ့နိုင်စရာ ညတစ်ည ဖြစ်သွား ခဲ့ပါတယ် ။ Dave လို့ ခေါ်တဲ့ အာဆင်နယ် ပရိသတ်တစ်ဦးဟာ ကွင်းထဲမှာ ဘောလုံးပွဲ မကြည့်ဖူးသေးတဲ့ သူ့ရဲ့သားလေး နဲ့အတူ အာဆင်နယ် နဲ့ လိဒ်ယူနိုက်တက် ပွဲကို လာရောက် ကြည့်ရှု ခဲ့ပါတယ် ။

ဒါပေမယ့် အရင်က လူတွေ အများကြီး နဲ့ မတွေ့ဖူး ၊ မကြုံခဲ့ဖူးတဲ့ Dave ရဲ့သားလေးဟာ ပွဲကြည့်စင်ထဲမှာ နေရတာ အဆင်မပြေ ဖြစ်နေတာကြောင့် သားအဖ နှစ်ဦးဟာ အမ်းမရိတ်ကွင်းကနေ ပြန်လည် ထွက်ခွာဖို့ ပြင်ဆင် ခဲ့ရပါတယ် ။ အဲ့ဒီအချိန်မှာ အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ Dave တို့ သားအဖ ကို တွေ့ပြီး အကျိုးအကြောင်းမေးကာ အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒီအကြောင်းတွေကို Dave က သူ့ရဲ့တွစ်တာ အကောင့်မှာ ” မနေ့ညက ကျွန်တော့် သားလေး ပထမဆုံးအကြိမ် ကွင်းထဲမှာ ဘောလုံးပွဲ ကြည့်ဖူးအောင် အာဆင်နယ် ပွဲကို ခေါ် သွားခဲ့ပါတယ် ၊ ဘောလုံးပွဲ ကြည့်ရမယ်ဆိုတော့ သားလေးက တစ်နေ့လုံး စိတ်လှုပ်ရှား နေခဲ့ပါတယ် ၊ သူက autism ဖြစ်နေတာကြောင့် ဘောလုံးပွဲကြည့်ဖို့ အဆင်ပြေပါ့မလားလို့ တွေးပူ နေခဲ့မိတာတော့ အမှန်ပါပဲ ။ “

” ကွင်းထဲရောက်သွားတဲ့ အချိန်မှာ ပရိသတ် ၅၀၀၀၀ လောက်က အော်ဟစ် အားပေးနေတာကြောင့် သူ နေရထိုင်ရ အဆင်မပြေဘဲ အခက်အခဲဖြစ်နေခဲ့ပါတယ် ။ သားလေး ဘောလုံးပွဲ ကြည့်ရတာ အဆင်မပြေမှန်းသိတော့ ကျွန်တော်လည်း ပထမပိုင်းမှာတင် ကွင်းထဲက ထွက်ခွာဖို့ ဆုံးဖြတ် လိုက်ပါတယ် ။ “

” ကျွန်တော်တို့ ကွင်းထဲက ထွက်ခွာဖို့ လုပ်နေချိန်မှာ steward ဆိုတဲ့ အမျိုးသမီးက ဘာကြောင့် ထွက်ခွာဖို့ လုပ်နေတာလဲ လို့ လာမေးပါတယ် ။ သူက ကျွန်တော်တို့ကို ခဏ စောင့်ခိုင်းပြီး တာဝန်ရှိသူ တစ်ဦး နဲ့ ဆက်သွယ် ပေးပါတယ် ။ အဲ့ဒီနောက် ကျွန်တော် သိလိုက်ရတာက ကလပ်အသင်း နဲ့ ဆိုင်သူတွေ ရှိတဲ့နေရာကို ဦးတည် သွားနေရတယ် ဆိုတာပါပဲ ။ “

” အာဆင်နယ် အသင်းမှာ sensory room ဆိုတာ ရှိပြီး ကျွန်တော်တို့ အဲ့ဒီနေရာကနေ လက်ကျန်ပွဲချိန်တွေကို ကြည့်ရှု့ခွင့် ရခဲ့ပါတယ် ၊ အဲ့အခန်းကို ကြီးကြပ် နေတဲ့ Luke Howard ဆိုတဲ့ ပုဂ္ဂိုလ် က ကျွန်တော်တို့ အစစအရာရာ အဆင်ပြေအောင် ကူညီ ပေးခဲ့ပါတယ် ၊ သူနဲ့ steward တို့ကြောင့် တကယ့်ကို အမှတ်ရစရာ ညတစ်ည ဖြစ်ခဲ့ရပါတယ် ၊ ကျေးဇူး တင်ပါတယ် အာဆင်နယ် ” လို့ ရေးသား ခဲ့တာပါ ။

 

အာဆင်နယ် အသင်းကလည်း Dave ရဲ့tweet ကို ” ခင်ဗျား နဲ့ ခင်ဗျားရဲ့သားလေးကို ကူညီ ပေးနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ဘက်ကလည်း အတော် ဝမ်းသာမိပါတယ် ၊ ကျွန်တော်တို့ အာဆင်နယ် အသင်းကလည်း အသင်းရဲ့ sensory room အတွက် သိပ်ကို ဂုဏ်ယူမိပါတယ် ၊ Luke ကလည်း ခင်ဗျားတို့နဲ့ တွေ့ဆုံခွင့် ရခဲ့တာကို ဝမ်းမြှောက်နေပါတယ် ” လို့ Luke ရဲ့ ဓါတ်ပုံနဲ့အတူ reply ပြန်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၁၇ ခုနှစ်မှာ sensory room ကို စတင်မိတ်ဆက် ခဲ့တာ ဖြစ်ပြီး ဘောလုံးပွဲကို လုံခြုံစိတ်ချစွာနဲ့ အေးအေးဆေးဆေး သက်သောင့်သက်သာ ကြည့်ရှု့ နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြစ်ပါတယ် ။

အဲ့ဒီ အခန်း ပြတင်းပေါက်ကနေ ဘောလုံးပွဲကို မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ရှု နိုင်မှာ ဖြစ်ပြီး ကွင်းထဲမှာ ပရိသတ်တွေ အများကြီး နဲ့ အတူ ကြည့်ရှု့ဖို့ အခက်အခဲ ရှိတဲ့ ကလေး ၊ လူကြီးတွေအတွက် တိတ်ဆိတ် အေးချမ်းတဲ့ နေရာ အဖြစ် ဖန်တီး ပေးထားတာပါ ။

အာဆင်နယ် အသင်းရဲ့sensory room ဟာ ပွဲစဉ်တိုင်း အတွက် ဖွင့်လှစ် ပေးထားပြီး လူဦးရေ စုစုပေါင်း ၁၂ ယောက်ကို ဝန်ဆောင်မှု ပေးနိုင်တယ်လို့ သိရပါတယ် ။

SM