18 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်လာတဲ့ လီဗာပူး

လီဗာပူး ဟာ လက်ရှိ ဥရောပ ထိပ်သီး အသင်းကြီးတွေ အားလုံးထဲမှာ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တခုတည်းသော အသင်းအဖြစ် ရပ်တည်လျှက် ရှိနေပါတယ်။

လက်ရှိ ချန်ပီယံ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကြီးတွေ ၊ ပြောင်းရွှေ့ကြေး မြောက်များစွာ သုံးစွဲထားတဲ့ အသင်းကြီးတွေတောင် ရှုံးပွဲ ကြုံတွေ့ထားရချိန်မှာ ၊ ခံစစ်မှုး တဦးသာ အားဖြည့်ထားတဲ့ ယာဂန် ကလော့ပ် က အခုချိန်ထိ ရှုံးပွဲမရှိ စံချိန် မှတ်တမ်းကို ဆက်ထိန်းထားနိုင်ဆဲပါ။

ဒါဟာ ကစားသမားတွေ ရဲ့ ကြိုးစားမှုကြောင့် ဖြစ်သလို ၊ နည်းပြ ရဲ့ ထူးခြားတဲ့ စီမံ ခန့်ခွဲမှု အရည်သွေးတွေကြောင့်လဲ ဖြစ်ပါတယ်။

မနေ့ညက ရင်ဆိုင် ကစားခဲ့တဲ့ ဝက်ဖို့ဒ် နဲ့ ပွဲမှာ ဆိုရင် အခက်ခဲတွေ အများကြီးထဲကတောင် ဂိုးပြတ် နိုင်ပွဲ တပွဲ ရအောင် ဖန်တီးသွားခဲ့ပါတယ်။

အလီဆွန် ၊ ဖာဘင်ဟို တို့ဟာ ဘရာဇီး နဲ့ ကစားတဲ့ ပွဲချိန်ချင်း နီးကပ်လွန်းနေတာကြောင့် အင်္ဂလန်ကို ပြန်လာနိုင်ခြင်း မရှိပဲ ၊ ချန်ပီယံလိဂ် ပွဲ ကစားဖို့ အတွက် စပိန်ကိုပဲ တိုက်ရိုတ်သွားကာ စောင့်ဆိုင်းနေတာကြောင့် ဝက်ဖို့ဒ် နဲ့ ပွဲကို ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ တီယာဂို ၊ ကာတစ် ဂျုံး တို့ကလဲ ဒဏ်ရာပြသနာ ကိုယ်စီ ရှိနေလို့ လွဲချော်ခဲ့ရပြန်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ် ရဲ့ ပြောဆိုချက် အရ ဆိုရင် လီဗာပူး ဟာ ဝက်ဖို့ဒ် နဲ့ ရင်ဆိုင် ကစားဖို့ အတွက် ကစားသမား စုံစုံလင်လင် နဲ့ လေ့ကျင့် ပြင်ဆင်ခွင့် ရခဲ့တာ 1 ရက်ပဲ ရှိခဲ့ပါတယ်။

ဒီကြားထဲကမှ ဂိုးပြတ် နိုင်ပွဲ ရအောင် စွမ်းဆောင်ပြသွားတဲ့ အပြင် ၊ နောက်တန်း နဲ့ ဂိုးသမားလေး ကယ်လာဟာ တို့ကလဲ Clean Sheet ရအောင် ကစားပြသွားခဲ့ပါတယ်။

အသင်းအတွက် သွင်းဂိုးတွေကိုတော့ ဖာမင်နို က ဟတ်ထရစ် ၊ မို ဆာလာ နဲ့ မာနေး တို့ က 1 ဂိုး စီ သွင်းယူပေးခဲ့တာပါ။

ဖာမင်နို က လီဗာပူး အတွက် နောက်ဆုံး သွင်းယူပေးခဲ့တဲ့ 12 ဂိုး စလုံးဟာ အဝေးကွင်း ပွဲစဉ်တွေမှာပဲ ဖြစ်နေတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ မှာ လီဗာပူး အတွက် ပထမဆုံး ဟတ်ထရစ် သွင်းယူပေးနိုင်တဲ့ ကစားသမားလဲ ဖြစ်လာခဲ့ပါတယ်။

ဆာဒီယို မာနေး ကတော့ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း 100 ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပြီး ၊ အာဖရိက ဘောလုံးသမားတွေ ထဲမှာ ဒရော့ဘာ နဲ့ ဆာလာ ပြီးရင် ပရီးမီးယားလိဂ် သွင်းဂိုး 100 ပြည့်အောင် တတိယမြောက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်း ရေးထိုးသွားခဲ့ပါတယ်။

ထူးခြားတာ က သူဟာ အခုလို သွင်းဂိုး 100 ပြည့်မြောက်ဖို့ အတွက် ပင်နယ်တီ သွင်းဂိုး တဂိုးမှ ပါဝင်ခြင်း မရှိပဲ စွမ်းဆောင်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ မှာ ပရိသတ်တွေ ငေးကြည့်ချင်လောက်အောင် နောက်ထပ် သွင်းဂိုး တဂိုး သွင်းယူပြနိုင်ခဲ့တဲ့ မိုဆာလာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ 8 ပွဲ ဆက်တိုက် ဂိုးတွေ သွင်းယူပြနိုင်ခဲ့တဲ့ အပြင် ၊ လီဗာပူး ကလပ် သမိုင်းကြောင်း တလျှောက် ပရီးမီးယားလိဂ် အဖွင့်ပွဲ အဝေးကွင်း 4 ပွဲ ဆက်တိုက် ဂိုးသွင်းယူပြနိုင်တဲ့ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်သွားခဲ့ ပါတယ်။

ဒါ့အပြင် ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ် စုစုပေါင်း သွင်းဂိုး က 7 ဂိုး အထိ ရှိလာပြီ ဖြစ်လို့ ၊ အဲဒီ အရေအတွက်ဟာ စပါး ၊ အာဆင်နယ် ၊ ဆောက်သမ်တန် ၊ ဘန်လေ ၊ နော့ဝှစ်ချ် တို့ရဲ့ သွင်းဂိုးတွေထက်တောင် ပိုများလျှက် ရှိနေပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူး ဟာ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ မရှိတာ စုစုပေါင်း 18 ပွဲ အထိ ရှိလာခဲ့ပါပြီ။ အဲဒီ 18 ပွဲမှာ 13 ပွဲ နိုင် ၊ 5 ပွဲ သရေ ရလာဒ် ထွက်ပေါ်အောင် စွမ်းဆောင်ပြထားပါတယ်။

ဒါ့အပြင် အင်္ဂလန် ဘောလုံး သမိုင်းကြောင်း ပြိုင်ပွဲပေါင်းစုံ အဝေးကွင်း 7 ပွဲ ဆက်တိုက် 3+ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ဘောလုံး အသင်းအဖြစ်ပါ စံချိန်မှတ်တမ်းသစ် တခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

SPORTS MYANMAR