ဂယ်ရီ နဗီးလ်ရဲ့ သုံးသပ်ချက်ကို သဘောမတူကြောင်း လီဗာပူး ၊ မန်စီးတီး တို့နဲ့ ဥပမာပေး ပြောကြားလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ခါးသီး ပြိုင်ဖက် လီဗာပူးကို 5 ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ် အပြီးမှာ အသင်းဟောင်းရဲ့ ကစားသမားတွေဟာ ပြိုင်ဖက်ကို ဖိအားပေး ကစားနိုင်စွမ်း မရှိကြောင်း ဝေဖန်ခဲ့ပါသေးတယ် ။

အဆိုပါ ပွဲစဥ်အတွင်းမှာ ယူနိုက်တက်တို့ဟာ ပြိုင်ဖက် ကစားသမားတွေကို ဖိအားပေး ကစားနိုင်စွမ်း ကင်းမဲ့နေခဲ့ကြတာကြောင့် အလွတ်တကူ ဂိုးတွေ ပေးခဲ့ရပါတယ် ။ အဆိုပါ ပေးဂိုးတွေ အနက် နာဘီ ကီတာရဲ့ အဖွင့်ဂိုး က အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့ရပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကတော့ အသင်းရဲ့ ကစားသမားတွေဟာ ဖိအားပေး ကစားနိုင်စွမ်း ရှိကြသူတွေ ဖြစ်ကြောင်း ၊ နည်းပြသာ အဲ့ဒီလို ကစားဖို့ မှာကြားခဲ့ရင် ကွင်းထဲ တုန့်ပြန်မှုတွေ ရခဲ့မှာ ဖြစ်ကြောင်း ပြန်လည်် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဂယ်ရီ နဗီးလ်က မားကပ်စ် ရပ်ရှ်ဖို့ ၊ မေဆွန် ဂရင်းဝုဒ် နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ ဖိအားပေး ကစားနိုင်စွမ်း မရှိကြဘူးလို့ ပြောတာ ကျွန်တော် တွေ့ခဲ့ပါသေးတယ် ။ အဲ့တာကို ကျွန်တော်တော့ သဘောမတူပါဘူး ။ သူတို့တွေဟာ ဖိအားပေး ကစားနိုင်စွမ်း ရှိကြပါတယ် ။ ခင်ဗျားကသာ မှာကြားထားမယ်ဆိုရင် ကစားသမားတိုင်းက ဖိအားပေး ကစားနိုင်ကြမှာပါ “

 

” အကယ်လို့ ဘာနာဒို ဆေးလ်ဗား ၊ ကယ်ဗင် ဒီဘရိုင်း ၊ ရဟီးမ် စတာလင်း ၊ ဂျက် ဂရီလစ်ရှ် ၊ ရီယက် မာရက်ဇ် တို့သာ ဖိအားပေး မကစားကြဘူးဆိုရင် နည်းပြက သူတို့တွေကို ကွင်းထဲက ဆွဲထုတ်လိုက်မှာ အသေအချာ ပါပဲ ။ လီဗာပူးမှာလည်း ကလော့ပ် အဲ့ဒီအတိုင်းပဲ လုပ်ဆောင်သွားမှာ သေချာလှပါတယ် “

” အကယ်လို့ ဆာဒီယို မာနေး ၊ မိုဟာမက် ဆာလာ တို့ကသာ ဖိအားပေး မကစားနိုင်ကြရင် မန်နေဂျာက အဲ့တာကို လက်ခံလိမ့်မယ် ထင်လား ? ကွင်းထဲကနေ ထွက်သွားခိုင််းလိုက်မှာပါပဲ ။ အိုလီ ကိုယ်တိုင်ဟာလည်း အဲ့ဒီလိုမျိုး အညှာအတာ ကင်းမဲ့ဖို့ လိုအပ်နေတာပါ ။ ဆာ အဲလက်စ် ဖာဂူဆန် ဆိုရင်လည်း အဲ့ဒီလိုပဲ လုပ်ခဲ့မှာပါ “

” အကယ်လို့ ရိုင်ယန်ဂစ် ကသာ နောက်ပြန် မဆင်ဘူး ၊ လုယူမှု ၊ ဖျက်ထုတ်မှု မလုပ်ဘူးဆိုရင် ပထမပိုင်းပြီးတာနဲ့ နည်းပြက သူ့ကို ကြိမ်းမောင်းလိုက်မှာ အသေအချာပါပဲ ။ ဂစ်က အသင်းရဲ့ အဖိုးတန် ၊ အတွေ့အကြုံ ကြွယ်ဝတဲ့ ကစားသမားပါ ။ ဒါပေမဲ့ သူလည်း သက်ညှာခွင့် ရရှိမှာတော့ မဟုတ်ပါဘူး “

” ဒါ့ကြောင့် ကစားသမားတွေ ဖိအားပေး ကစားနိုင်စွမ်းမရှိကြဘူးလို့ ကျွန်တော့်ကိုတော့ လာမပြောလိုက်ကြပါနဲ့ ။ အချို့ဆိုရင် အခြားသူတွေထက်တောင်မှ ပိုပြီး ဖိအားပေးနိုင်ကြပါသေးတယ် ။ ကျွန်တော်ပြောတာ ယုံလိုက်ပါ ၊ နည်းပြသာ ကစားသမားတွေကို ဖိကစားဖို့ မှာထားခဲ့ရင် တုန့်ပြန်မှု တစ်ခုခုတော့ သေချာပေါက် ရခဲ့မှာပါ “

” ဒါ့ကြောင့် ကစားသမားတွေက ဖိမကစားနိုင်ဘူးဆိုတဲ့ ဆင်ခြေတွေ လာရောင်းရင် ကျွန်တော် ဝယ်နေမှာ မဟုတ်ပါဘူး ။ အသင်းကြီးတိုင်းမှာ ပြသနာ တစ်ခု ရှိနေရင် သူတို့ကိုယ် သူတို့ ပြန်ကြည့်ပြီး ကိုယ့်ဟာကိုယ် အဖြေတွေ ရှာဖွေလေ့ ရှိတတ်ကြ ပါတယ် ။ ဒါဟာ အမြဲလို ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါပဲ “

” ခင်ဗျားဟာ ရလဒ်ကြောင့် တကယ်ပဲ နာကျင် ခံစားနေရတယ်ဆိုရင် နောက်တစ်နေ့ လေ့ကျင့်ရေး ကွင်းထဲမှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက် ရန်လိုမှု အပြည့်နဲ့ ကြိုးစားလေ့ကျင့်သွားမှာ အသေအချာပါပဲ ။ ကျွန်တော်သာ နည်းပြ တစ်ဦးဆိုရင် ကစားသမားတွေဆီက အဲ့ဒီလို တုန့်ပြန်မှုကိုပဲ လိုချင်မိမှာပါ ” လို့ ဖာဒီနန် က ပြန်လည် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar