၃ ဦးတွဲ တိုက်စစ်ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်ကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့…ဝက်ဖို့ဒ် ဝ-၅ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး ကစားရတဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၅-၀ နဲ့ ခြေစွမ်းပြကာ ဂိုးပြတ် ချေမှုန်းခဲ့ပါတယ်။ လီဗာပူးဟာ ပွဲအစကတည်းက အိမ်ရှင်အသင်းကို တစ်ဖက်သက် ဖိကစားခဲ့ကာ ပွဲအစ ၉ မိနစ်မှာပဲ ပုံစံကောင်း ရနေတဲ့ ဆာလားရဲ့ ဖန်တီးမှုကနေ တဆင့် မာနေးက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၃၇ မိနစ်မှာ မီနာရဲ့ ဖြတ်တင်ဘောကို ဖာမီနိုက ပိတ်သွင်းကာ ပွဲကို သက်တောင့်သက်သာ ဦးဆောင်စေခဲ့ပါတယ်။

 

 

ဒုတိယပိုင်းမှာလည်း လီဗာပူးကပဲ ဆက်လက် ဖိကစားသွားခဲ့ပြီး ဖာမီနိုက ပွဲချိန် ၅၂ မိနစ်မှာ နောက်တစ်ဂိုး သွင်းယူခဲ့ပါတယ်။ နောက်ထပ် ၂ မိနစ် အကြာမှာ ဆာလားဟာ မန်စီးတီးနဲ့ ပွဲစဉ်ကလိုပဲ တစ်ကိုယ်တော် အစွမ်းနဲ့ လှလှပပ ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် တစ်နာရီ မပြည့်မီမှာပဲ ပွဲပြီးသွားသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် မိနစ် ၉၀ ဖာမီနိုက ဟက်ထရစ်မြောက် ဂိုးကို သွင်းယူကာ အမှတ်ပေးဇယားထိပ်ကို ပြန်လည် တက်လှမ်းလာခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ ငါးချက်ကတော့

၁) နောက်ထပ် မှတ်တိုင်တစ်ခု တည်ဆောက်နိုင်ခဲ့တဲ့ ဆာလား

လီဗာပူးရဲ့ အီဂျစ်စတားဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်သွားရမှာ ဖြစ်ပြီး ဒီပွဲစဉ်မှာလည်း သွင်းဂိုး ဂိုးဖန်တီးမှုနဲ့ အတူ ဒါကို သက်သေပြခဲ့ပါတယ်။ မာနေး အတွက် ဖန်တီးခဲ့တဲ့ assist ကလည်း ကောင်းလှသလို ၎င်းရဲ့ သွင်းဂိုးကလည်း မန်စီးတီးနဲ့ပွဲကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။ ဆာလားဟာ ဝက်ဖို့ဒ် နောက်ခံလူတွေ ကြားထဲကနေ လျှင်မြန်လှတဲ့ ခြေအနှုတ်အသိမ်းနဲ့ အတူ ဘောလုံး ထုတ်ယူနိုင်ခဲ့ပြီး နောက်ခံလူ ကတ်ကတ်ကို ထပ်မံလှည့်စားကာ ဘယ်ခြေနဲ့ ဝေ့ဝှက်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဆာလားရဲ့ ဒီသွင်းဂိုးဟာ နောက်ထပ် မှတ်တမ်း တစ်ခု ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှုးဟာ အခုဆိုရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး အာဖရိက ကစားသမား အဖြစ် ဒရော့ဘာ (၁၀၃ ဂိုး) ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Record breaker ဖြစ်ခဲ့တဲ့ မာနေး
ဆာလားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက သတင်းခေါင်းကြီးတွေမှာ နေရာယူခဲ့ပေမယ့်လည်း မာနေး ကလည်း ဒီရာသီအစမှာ တာထွက်ကောင်းနေခဲ့ပြီး ဝက်ဖို့ဒ်နဲ့ ပွဲချိန် ၉ မိနစ်မှာ ဒီရာသီ လိဂ်ပြိုင်ပွဲရဲ့ ၅ ဂိုးမြောက် ဂိုးကို ရယူခဲ့ပါတယ်။ ဆီနီဂေါ တိုက်စစ်မှုးဟာ ဝက်ဖို့ဒ် ခံစစ်ကို ပြေးအား တိုးအားတွေနဲ့ တောက်လျှောက် ခြိမ်းခြောက် ကစားသွားခဲ့ပြီး ဒီပွဲက သွင်းဂိုးကြောင့် မာနေးဟာ လိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ပရီးမီးယားလိဂ် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မာနေးရဲ့ ရာပြည့်ဂိုးမှာ ဂုဏ်ယူစရာကောင်းတဲ့ အရာကတော့ ၎င်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပင်နယ်တီ သွင်းဂိုးမပါဘဲ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့တာပါ။ မာနေးဟာ ဝက်ဟမ်းနဲ့စပါး တိုက်စစ်မှုးဟောင်း လက်စ်ဖာဒီနန် ၊ လီဗာပူး တိုက်စစ်မှုးဟောင်း ဟက်စကီး တို့နဲ့အတူ ဒီမှတ်တမ်းထဲ ဝင်ခဲ့တာပါ။

၃) အဖွင့်မလှခဲ့တဲ့ မန်နေဂျာသစ်
ဝက်ဖို့ဒ် နည်းပြ အလုပ်ဟာ ဘယ်လောက်တောင် စိန်ခေါ်မှု ကြီးမားသလဲဆိုတာ ရာနေရီ မသိခဲ့ဘူးဆိုရင် ဒီပွဲအပြီးမှာ ဒါကို ကောင်းကောင်း သိသွားလောက်ပါပြီ။ အီတလီ နည်းပြဟာ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး သူ့ရဲ့ ပထမဦးဆုံး တာထွက်မှာ အံ့အားသင့်ဖွယ် နိုင်ပွဲကို မဖန်တီးနိုင်ခဲ့ပါဘူး။ ဝက်ဖို့ဒ်ရဲ့ ခြေစွမ်းဟာ အတော့်ကို အားရစရာ အနေအထားမှာ မရှိခဲ့ဘဲ ဒီပွဲကို လာကြည့်ခဲ့တဲ့ ပရိတ်သတ်တွေကတော့ အတော်လေး စိတ်ပျက်နေကြမှာပါ။

ဝက်ဖို့ဒ်မှာ မကြာခဏ ဆိုသလို မန်နေဂျာ ပြောင်းလဲလေ့ ရှိတဲ့ အသင်း ဖြစ်ပြီး ရာနေရီ အနေနဲ့ ဒီထဲမှာ မပါချင်ဘူူးဆိုရင် ရလဒ်ကောင်းတွေ အမြန်ရယူဖို့ လိုအပ်နေပါပြီ။ လာမည့် ပွဲစဉ်တွေ မှာတော့ ဝက်ဖို့ဒ်ရဲ့ ခြေစွမ်း တိုးတက်မှ ဖြစ်မယ့် အနေအထား ဖြစ်ပြီး မဟုတ်ရင် ရာနေရီရဲ့ ဝက်ဖို့ဒ် နည်းပြ သက်တမ်းဟာ သက်ဆိုးရှည်နိုင်မှာ မဟုတ်ပါဘူး။

၄~ဗန်ဒိုက်ရဲ့ masterclass
ဒီပွဲမှာ လီဗာပူးရဲ့ front three က သွင်းဂိုးတွေနဲ့ တောက်ပခဲ့ပေမယ့် နောက်တန်းက ဗန်ဒိုက်ကိုလည်း မေ့ထားလို့ မရနိုင်ပါဘူး။ နယ်သာလန် နောက်ခံလူဟာ ဒီပွဲမှာ ၎င်းရဲ့ လွှမ်းမိုးမှုကို ပြသကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် ပြသခဲ့ပါတယ်။ နယ်သာလန် ခံစစ်မှုး အတွက် ဒီအချိန်ဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကြောင့် ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တဲ့ တစ်နှစ်ပြည့်လည်း ဖြစ်ပါတယ်။

ကာလရှည် နားခဲ့ရပေမယ့်လည်း ဗန်ဒိုက်ဟာ သူ့ရဲ့ အရည်အသွေး ပျောက်ဆုံးသွားခြင်း မရှိဘူးဆိုတာကို ပြသခဲ့ပြီး တိကျတဲ့ ထောင့်ဖြတ်အဝေးဘောတွေနဲ့ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့သလို ၊ တည်ငြိမ်လှတဲ့ ခံစစ် ကစားပုံနဲ့အတူ ပြိုင်ဘက် တိုက်စစ် ကစားသမားတွေ ဘာမှ လှုပ်မရအောင် ထိန်းကျောင် ကစားခဲ့ပါတယ်။

၅~ခံစစ်ကစားပုံ ဆိုးရွားနေဆဲ ဝက်ဖို့ဒ်
ဝက်ဖို့ဒ်ဟာ တန်းတက်လိုက် တန်းဆင်းလိုက် ဖြစ်နေတာကြောင့် ‘yo-yo’ ကလပ်အဖြစ် နာမည်တွင်ထားပါတယ် ။ ဝက်ဖို့ဒ်ဟာ အခုချိန်မှာ တန်းဆင်းအန္တရာယ် ကြီးကြီးမားမား မကြုံတွေ့ရသေးပေမယ့် လာမည့်မေလမှာ ချန်ပီယံရှစ်ကို တန်းမဆင်းချင်ဘူးဆိုရင် ရာနေရီ အနေနဲ့ ဝက်ဖို့ဒ်ရဲ့ ခံစစ်ကို အမြန်ဆုံး တိုးတက်အောင် လုပ်ပေးသွားရမှာပါ။ မာနေးရဲ့ အဖွင့်ဂိုး ပြီးနောက် ဝက်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က လီဗာပူးကို ၃-၀ နဲ့ အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၁၈ ပွဲဆက် clean sheet မရခဲ့ပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲမှာ ဝက်ဖို့ဒ်ဟာ ပေးဂိုး ၁၅ ဂိုးထိ ရှိထားခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့ ဒုတိယမြောက် ခံစစ် အဆိုးဆုံး အသင်း ဖြစ်ပါတယ်။

SPORTS MYANMAR