ဥရောပ အကောင်းဆုံး ဂိုးသမားဆုနဲ့ ဘာကြောင့် ထိုက်တန်တယ် ဆိုတာ မန်ဒီ သက်သေပြခဲ့တဲ့ ဘရန်းဖို့ဒ် ၀ – ၁ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာ ချဲလ်ဆီး အသင်း ဟာ အနောက် လန်ဒန်ဒါဘီ ပြိုင်ဖက် ဘရန်းဖို့ဒ် အသင်း ကို အဝေးကွင်းမှာ ကျားကုတ်ကျားခဲ ကစားရင်း ၊ ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အနိုင်ရကာ ၊ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 9 )

ပထမပိုင်းမှာ ဘရန်းဖို့ဒ်ဖက်မှ ဂိုးရဖို့ အနီးစပ်ဆုံး က တိုင်ထိတဲ့ တကြိမ်သာ ရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာတော့ ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင်ခဲ့တဲ့ အိမ်ရှင်ကြောင့် ၊ မန်ဒီ တယောက် ၄ကြိမ်ထက် မနည်း မှော်ဝင် လက်စွမ်းပြခဲ့ပြီး ၊ Man of the Match ဆုကို ရရှိဖို့လည်း ထိုက်တန်ခဲ့ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ မာလန်းဆား ( Rating – 7 ) ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 8 )

ကြံ့ခိုင်မှု အသားပေး ကစားခဲ့တဲ့ ဘရန်းဖို့ဒ် အသင်းကို ချဲလ်ဆီး ခံစစ်က ပွဲရဲ့ ၃ပုံ ၂ပုံလောက် အထိ သာသာယာယာ တားဆီးခဲ့ပေမယ့် ၊ ပွဲပြီးခါနီး ၁၅မိနစ် ၊ မိနစ် ၂၀ ဝန်းကျင်မှာ ၃ယောက်တန်း ခံစစ်က မကြာခဏ အမြင့်ဘောတွေကို မနားတမ်း ရှင်းထုတ်ခဲ့ရပါတယ် ။

စီနီယာ ခံစစ်မှူး ၂ဦး ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ အန်တိုနီယို ရူဒီဂါ တို့ ဒီပွဲကို လွဲချော်ထားတာကြောင့် ၊ အမိန့်ပေး ဦးဆောင်မယ့်သူ မရှိပေမယ့် ၊ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ စီနီယာ အကျဆုံး ကစားသမား အဖြစ် အတတ်နိုင်ဆုံး လုပ်အားနဲ့ ဦးဆောင်ပေးသွားခဲ့ပါတယ် ။

အတွေ့အကြုံ နည်းပါးတဲ့ လူငယ် ခံစစ်မှူး ၂ဦး ဖြစ်တဲ့ ချာလိုဘာ နဲ့ ဆား တို့ဟာလည်း အံ့သြဖွယ် ရင့်ကျက်မှုကို ပြသသွားခဲ့ပေမယ့် ၊ ဘရန်းဖို့ဒ်ရဲ့ အမြင့်ဘော ကျော်ကျော်တင်ပေးတဲ့ ကစားဟန် ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါ့အပြင် ဘရန်းဖို့ဒ်ရဲ့ လက်ပစ်ဘောတွေကနေ ခြိမ်းခြောက်မှုတွေကို ၎င်းတို့ တားဆီးနိုင်ဖို့ အထူး ခေါင်းခဲခဲ့ရပါတယ် ။

ပရီးမီးယားလိဂ် ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ရခဲ့တဲ့ မာလန်းဆား အတွက် မနေ့ည က ခြေစွမ်း လက်ခံလို့ ရတဲ့ အနေအထားမှာ ရှိခဲ့ပြီး ၊ တိကျတဲ့ လျှောထိုး ဖြတ်ထုတ်မှု ၊ ချိန်သားကိုက် marking လုပ်နိုင်မှုတွေ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ချာလိုဘာ ကတော့ ပွဲအတွင်း အရေးပါတဲ့ ဂိုးစည်းပေါ်မှ ရှင်းထုတ်မှု တကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ ဘန်ချေဝဲလ် ( Rating – 8 )

wing-back ၂ဦးလုံး ဒီပွဲမှာ တာဝန်ကျေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲဆက် ဂိုးသွင်းခဲ့တဲ့ ချေဝဲလ် ကတော့ ပိုပြီး အားရစရာကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ် ။ အက်ဇ်ပီလီကွီတာ ကတော့ ပွဲပန်းဒဏ် အနည်းငယ် ရှိနေတာကြောင့် ၊ ပွဲပြီးခါနီးမှာ အနည်းငယ် ကျရိပ် ပြလာခဲ့တာကို တွေ့ခဲ့ရပါတယ် ။

ကွင်းလယ်မှာ ကန်တေ နဲ့ ကိုဗာဆစ် တို့ဟာ တိုက်စစ်ကို ပိုမို ပံ့ပိုးပေးရ ၊ မောင်းနှင်ပေးရတဲ့ အခန်းကဏ္ဍ မှာ အဓိက ပါဝင်ခဲ့ပြီး ၊ ကိုဗာဆစ် ကတော့ ဘရန်းဖို့ဒ် ခံစစ် အထိ တက်ပြီး အကြိမ်ကြိမ် ဖိအားပေးနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် အဝါကတ်ကြောင့် ဒုတိယပိုင်းမှာ အနီ မထိစေဖို့ အရေး ၎င်းကို လူစားလဲခဲ့ရပြီးနောက် ၊ ချဲလ်ဆီး ကွင်းလယ်ရဲ့ press နိုင်စွမ်း သိသိသာသာ ကျဆင်းခဲ့ရပါတယ် ။

ကန်တေ ကတော့ မကြာသေးခင်ကမှ ကိုဗစ် က ပြန်လာတာ ဖြစ်လို့ ၊ ကြံ့ခိုင်မှု ရာနှုန်းပြည့် အနေအထားမှာ မရှိသေးတာကို မနေ့က ပွဲမှာ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ၎င်းဟာ ကစားနေကျ ပုံစံအတိုင်း လုပ်အား ၂ဆ နဲ့ အတတ်နိုင်ဆုံး ကြိုးစား ကစားပေးခဲ့ပါတယ် ။

နောက်ဆုံး ၂ပွဲဆက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ပြန်ရထားတဲ့ လော့ဖ်တပ်စ်ချိခ် ဟာ မနေ့က ပွဲမှာလည်း ဂျော်ဂျင်ဟို ကစားတဲ့ deep lying midfield အခန်းကဏ္ဍ မှာ ပါဝင်ခဲ့ပါတယ် ။ ဆောက်သမ်တန်နဲ့ ပွဲကလိုပဲ ဖန်တီးမှုတွေ အများအပြား မလုပ်နိုင်ခဲ့ပေမယ့် ၊ ယုံကြည်မှု ရှိတဲ့ တကိုယ်တော် အတိုးအလှုပ် ကစားဟန်မျိုး ဆက်လက် ပြသနိုင်ခဲ့ပြန်ပါတယ် ။

တိုက်စစ် – တီမို ဗာနာ ( Rating – 7 ) ၊ ရိုမီလူ လူကာကူ ( Rating – 6 )

ဆောက်သမ်တန်နဲ့ ပွဲမှာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိခဲ့ပြီး ၊ လက်ရွေးစင် အသင်းနဲ့လည်း ၂ဂိုး သွင်းနိုင်ခဲ့တဲ့ ဂျာမန် တိုက်စစ်မှူး တီမို ဗာနာ ဟာ ဒီပွဲမှာ အခွင့်အရေး ၂ကြိမ်လောက် ရခဲ့ပေမယ့် ၊ ဂိုးနဲ့ လုံးဝ နီးစပ်ခဲ့ခြင်း မရှိပါဘူး ။ သို့ပေမယ့်လည်း ထုံးစံအတိုင်း လုပ်အား ၊ ပြေးအားတွေနဲ့တော့ ပွဲချိန် အများစုမှာ ပေးဆပ် ကစားနိုင်ခဲ့ပါတယ် ။

တဖက်မှာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ပွဲဆက် ဂိုးပေါက် ပျောက်ထားပြီ ဖြစ်တဲ့ ရိုမီလူ လူကာကူ အတွက်တော့ အနည်းငယ် စိုးရိမ်စရာတော့ ရှိနေပါပြီ ။ ဒီပွဲမှာလည်း လူကာကူ ဟာ အပိုင် ကန်သွင်းခွင့် ၂ကြိမ်လောက် ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ဂိုးမရခဲ့တာ က ယုံကြည်မှု တည်ဆောက်ဖို့ အတွက် အနည်းငယ် အခက်အခဲ ရှိလာနိုင်ပါတယ် ။

လူစားဝင် ကစားသမားများ – မေဆင်မောင့် ၊ ကိုင်ဟာဗက်ဇ် ( Rating – 5 ) ၊ ရိစ်ဂျိမ်းစ် ( N/A )

SPORTS MYANMAR