ဥရောပထိပ်တန်းကလပ်တွေကို ငြင်းပယ်ကာ လီဗာပူးကို ရွေးချယ်ရန် ဘွန်ဒက်လီဂါကြယ်ပွင့် ၂ ဦးကို တိုက်တွန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

ဂလင်းဂျွန်ဆင်က လက်ရှိ ဥရောပရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ အာလင်းဟာလန်း နဲ့ ဂျူ့ဘယ်လင်ဟမ် တို့ကို လီဗာပူး အသင်းထံ ပြောင်းရွေ့ရန် တိုက်တွန်း သွားခဲ့ပြီး ဘိုရပ်ရှားဒေါ့မွန် စတား ၂ ဦးဟာ အန်ဖီးအတွက် တည်ဆောက်ထားတဲ့ သူတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း ဥရောပရဲ့ ဂိုးသွင်း အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦး အဖြစ် ထွန်းတောက်လာခဲ့ကာ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် အတွက် ၆၉ ပွဲမှာ ဂိုး ၇၀ ထိ သွင်းယူပေးထားခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်စတား ဘယ်လင်ဟမ် ကလည်း ပြီးခဲ့တဲ့နှစ်က ဘာမင်ဂမ်မှ ဒေ့ါမွန်ကို ပြောင်းရွေ့ခဲ့သူ ဖြစ်ပြီး ဘွန်ဒက်လီဂါ ကလပ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ကာ ပြိုင်ပွဲစုံ ၆၁ ပွဲ ကစားထားခဲ့ပြီး ဒီရာသီမှာ ၃ ဂိုး သွင်းထားခဲ့ပါတယ်။

မန်စီးတီး ချဲလ်ဆီး မန်ယူနိုက်တက်တို့ အပါအ၀င် ဥရောပ ထိပ်တန်း ကလပ်တွေဟာ လာမည့် နွေရာသီမှာ စာချုပ် ဖျက်သိမ်းကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူလို့ ရနို်င်မယ့် ဟာလန်းကို ခေါ်ယူရန် အပြိုင်အဆိုင် ချိတ်ဆက်လျက် ရှိနေကြပြီး လီဗာပူး နောက်ခံလူဟောင်း ဂျွန်ဆင်က ဟာလန်းနဲ့ ဘယ်လင်ဟမ် တို့အနေနဲ့ လီဗာပူးကို ပြောင်းရွေ့ဖို့ ရွေးချယ်သင့်တယ်လို့ တိုက်တွန်းလိုက်ပြီး နည်းပြ ယာဂန်ကလော့ရဲ့ လက်အောက်မှာ ဒီထက် ပိုမို တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျွန်ဆင်က “ကျွန်တော် ကတော့ ဟာလန်း နဲ့ ဘယ်လင်ဟမ် တို့ကို လီဗာပူး အသင်းထံ အရမ်း ပြောင်းရွေ့လာစေချင် ပါတယ်။ သူတို့ ၂ ဦးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွက် လီဗာပူးလိုမျိုး အသင်းအတွက် တည်ဆောက်ထားတဲ့ လူငယ် ကစားသမားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ မန်နေဂျာ ယာဂန်ကလော့ရဲ့ လက်အောက်မှာ တစ်နှစ်ပြီး တစ်နှစ် တိုးတက်လာနိုင် ပါတယ်။ သူတို့ဟာ ဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားတွေ အချိန် အကြာကြီး ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။

သူတို့ နှစ်ဦးကို ခေါ်ယူရန် စိတ်၀င်စားနေတဲ့ အခြား ဥရောပ ကလပ်တွေ အများကြီး ရှိနေတာတော့ သေချာပါတယ်။ ဒါပေမယ့် အန်ဖီးမှာ သူတို့ကို ဆွဲဆောင်နိုင်မှု ရှိမယ်လို့ ကျွန်တော် ထင်မိပြီး ကမ္ဘာ့အဆင့် နည်းပြတစ်ဦး ဖြစ်တဲ့ ယာဂန်ကလော့ရဲ့ လက်အောက်မှာ အလုပ်လုပ်ခွင့်ရမှာ ဖြစ်သလို ဆုဖလားတွေ ကိုလည်း စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဒီတစ်ပတ်မှာ ဒေါ့မွန် အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဆီဘက်စတီယန်ခေးလ်က အသက် ၁၈ နှစ် အရွယ် ဘယ်လင်ဟမ်ဟာ ကလပ် ကနေ ထွက်ခွာဖို့ အဝေးကြီး လိုနေသေးတယ်လို့ ပြောလိုက်ကာ ဘယ်လင်ဟမ်နဲ့ ပက်သက်တဲ့ ကောလဟာလ သတင်းတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

ခေးလ်က “သူဟာ ဘိုရပ်ရှားဒေါ့မွန် ကစားသမားပါ။ သူဟာ ဒေါ့မွန် ကစားသမား အဖြစ် ဆက်ရှိနေအုံးမှာပါ။ ဂျူ့ဘယ်လင်ဟမ်ကို စိတ်၀င်စားနေတဲ့ ကလပ်တွေ အများအပြား ရှိနေပါတယ်။ လီဗာပူး တစ်သင်းပဲ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ စာချုပ်ထဲမှာ ဖျက်သိမ်းကြေး ဆိုတာ မပါ၀င်ပါဘူး။ သူဟာ ဒီမှာ ကစားရတာ ပျော်ရွှင်နေပါတယ်။ သူ ဘိုရပ်ရှားဒေ့ါမွန် ကနေ တော်တော်နဲ့ ထွက်ခွာမယ့် အရိပ်အယောင် မရှိသေးပါဘူး။

ကျွန်တော်တို့ ကစားသမားနဲ့ ပက်သက်ပြီး သတင်းတွေ ထွက်နေတာ ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ မှန်ကန်တဲ့ အရာတွေ လုပ်နေတယ် ဆိုတဲ့ သက်သေပါပဲ။ ဘိုရပ်ရှားဒေ့ါမွန်ဟာ သူတို့ကို များစွာ Offer ပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ ရချင်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်နိုင်ဖို့ အတွက် အသင်းရဲ့ အဓိက ကစားသမားတွေကို ထိန်းထားနိုင်ဖို့ လိုပါတယ်။” လို့ ပြောသွားပါတယ်။

SM