အေတီကို က ဘောလုံးပွဲ တစ်ပွဲကို ဘယ်လို နိုင်အောင် ကစားရမယ် ဆိုတာ သဘောပေါက်ထားတဲ့ အသင်းမျိုးပါ” ကလော့ပ်

ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ မရဏ အုပ်စုလို့ သတ်မှတ်ထားတဲ့ Group B ပွဲ စဉ်တွေကို မနက်ဖြန် ညမှာ ပြန်လည် ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ လီဗာပူး ဟာ အဖွင့်ပွဲစဉ် 2 ပွဲ စလုံးကို အနိုင်ရရှိထားတာကြောင့် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်လျှက် ရှိနေပါတယ်။

သို့သော် ယာဂန် ကလော့ပ် ကတော့ အေတီကို နဲ့ တပွဲမှ မကစားရသေးတာမို့ ကျိန်းသေပေါက် ပြောလို့ မရသေးတဲ့ အကြောင်းကို အခုလိုပဲ မှတ်ချက် ပေးလိုက်ပါတယ်။

“ အေတီကို နဲ့ နှစ်ပွဲ ဆက်တိုက် ကစားပြီးပြီ ဆိုရင်တော့ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက်က တော်တော်လေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုမှ စပြီး ကစားရမှာပါ။ သူတို့ နဲ့ နောက်ဆုံး နှစ်ကြိမ် တွေ့ဆုံထားခဲ့စဉ်က နှစ်ပွဲ စလုံးကို ရှုံးနိမ့်ခဲ့ပါတယ်။

ကျနော် က အကောင်းမြင်သမား ဆိုပေမယ့် ၊ အခု 6 မှတ် ရထားလို့ အေတီကို နဲ့ ပွဲတွေကို အသာစီးရနိုင်လိမ့်မယ်လို့ လုံး၀ တွေးမထားပါဘူး။

မက်ထရိုပိုလီတာနို ကွင်းကြီးထဲမှာ ကစားရတာ ဘယ်လောက်အထိ ခက်ခဲလဲ ဆိုတာ ကျနော်တို့ ကောင်းကောင်း သိတာပေါ့။ နောက်ဆုံး အကြိမ် ရင်ဆိုင် ကစားတုန်းက ဆိုရင် အဖွင့်ဂိုး ကို စောစောစီးစီး ပေးလိုက်ရပြီး ၊ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့သည့်တိုင်အောင် အခွင့်အရေးတွေကို မသုံးနိုင်ခဲ့ပါဘူး။

အဲဒီ နှစ်ပွဲကနေ သင်ယူမှုတွေတော့ အများကြီး လုပ်ထားခဲ့ပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲဆိုရင် ခြေစွမ်းကောင်းမွန်ခဲ့သည့်တိုင်အောင် ၊ ကစားရတဲ့ အခြေအနေတွေက တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ ရှုံးခဲ့တယ် ဆိုပေမယ့် အချိန်တွေက ကြာခဲ့ပြီမို့ အခုချိန်မှာလဲ အဲဒီ ရလာဒ်တွေက အရေးမပါတော့ပါဘူး။

လက်ရှိမှာတော့ ဘောလုံးလောကကြီးက ပိုပြီး ကောင်းမွန်လာပါပြီ။ လုံခြုံမှု အရှိဆုံး ကွင်းတွေ မဖြစ်သေးသည့်တိုင်အောင် ပိုကောင်းတဲ့ ပတ်ဝန်းကျင်တွေတော့ ရှိလာနေပါပြီ။ ယခင် နှစ်ပွဲက ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ပြီး အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

သူတို့ အသင်းဟာ ကစားပုံ နည်းစနစ်တွေလဲ ပြောင်းလဲ ထားသလို ၊ ကစားသမား အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ လွန်ခဲ့တဲ့ 1 နှစ်ခွဲက အေတီကို နဲ့ မတူတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ၊ ပိုပြီး အားနည်းသွားတဲ့ အသင်းလို့တော့ ယူဆလို့ မရပါဘူး။ လက်ရှိမှာ သူတို့ အသင်းဟာ စပိန် ချန်ပီယံ ဖြစ်သလို ၊ အမာခံ ကစားသမား အများစုကိုလဲ ဆက်ထိန်းထားနိုင်ခဲ့တယ်လေ။

အေတီကို ဟာ ပွဲတစ်ပွဲကို ဘယ်လို အနိုင်ကစားရမယ်ဆိုတာ သဘောပေါက်ထားတဲ့ အသင်းမျိုးပါ။ မနက်ဖြန် ည မှာလဲ အဲဒီ အတိုင်းပဲ ကစားပါလိမ့်မယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

ဘရာဇီး လက်ရွေးစင် အသင်းအတွက် ကစားပေးပြီးနောက် စပိန်ကို တန်းသွားခဲ့တဲ့ အလီဆွန် နဲ့ ဖာဘင်ဟို တို့ဟာ ဒီညမှာပဲ လီဗာပူး ကနေ ရောက်ရှိလာမယ့် အသင်းဖော်တွေ နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန် ယူ 21 အသင်း တာဝန်ကနေ ဒဏ်ရာပြသနာကြီးနဲ့ ပြန်လာခဲ့တဲ့ ကွင်းလယ် ကစားသမားလေး ကာတစ် ဂျုံး ကတော့ ဒီကနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ ဖြစ်လို့ ၊ အသင်းနဲ့ အတူ စပိန်ကို လိုက်ပါနိုင်ခြင်း ရှိမှာ မဟုတ်ပါဘူး။

နည်းပြ ကလော့ပ် ကိုယ်တိုင်ကလဲ ကာတစ် ဂျုံး ဟာ ရှေ့တပတ်မှာ ကစားမယ့် ယူနိုက်တက် နဲ့ ပွဲစဉ်မှသာ ပြန်လည် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီပွဲကိုသာ အနိုင်ရရှိမယ် ဆိုပါက ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို စောစောစီးစီး တက်ရောက်နိုင်တဲ့ အသင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

SPORTS MYANMAR