အီဂျစ် က ပညာရေး သင်ရိုး ညွှန်းတမ်းတွေမှာ ထည့်သွင်း သင်ကြားခံရတော့မယ့် မို ဆာလာ

လီဗာပူး အသင်းနဲ့ အတူ လက်ရှိ အကောင်းဆုံး ပုံစံတွေ ရရှိနေတဲ့ မို ဆာလာ ရဲ့ အကြောင်းကို သူ့ရဲ့ မွေးရပ်မြေ အီဂျစ် က ပညာရေး သင်ရိုး ညွှန်းတမ်းတွေမှာ ထည့်သွင်း သင်ကြားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

မို ဆာလာ ဟာ အီဂျစ် မှာတင် မဟုတ်ပဲ အာရပ် ကမ္ဘာရဲ့ ပြယုဂ် တခု ဖြစ်ပါတယ်။ သူ လျှောက်လှမ်းလာတဲ့ ဘဝလမ်းကြောင်းက အာရပ် လူငယ်တွေ အတွက် အိပ်မက်တွေ အကြီးကြီး မက်စေဖို့ စိတ်ဓါတ်ခွန်အားတွေ မေးဖွားပေးလျှက် ရှိနေပြီး ၊ ပရဟိတ လုပ်ငန်းတွေကိုပါ တက်တက်ကြွကြွ လုပ်ဆောင်နေတာကြောင့် အီဂျစ် အစိုးရ ကိုယ်တိုင်ကလဲ ကျောင်း ပညာရေး သင်ရိုး ညွှန်းတမ်းတွေမှာ ထည့်သွင်း သင်ကြားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦး အနေနဲ့ မူလတန်း ပညာနဲ့ အလယ်တန်း ပညာတွေမှာ ဆာလာ ရဲ့ အကြောင်းတွေကို ထည့်သွင်း သွားမှာ ဖြစ်ကာ ၊ လာမယ့် ပညာရေးနှစ်က စလို့ ကျောင်းသုံး စာအုပ်တွေမှာ စတင် ပါဝင်လာမှာ ဖြစ်ပါတယ်။

ဆာလာ ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက် ဖြစ်လာဖို့ အတွက် မွေးရပ်မြေ နာဂရစ် ဒေသ ကနေ ကိုင်ရို မြို့တော်ဆီ နေ့စဉ် ကား 3 ဆင့် ပြောင်းစီးရင်း ၊ အကယ်ဒမီ ကစားသမား ဘဝကို စတင်ခဲ့ရပါတယ်။ တနေ့တာ အတွက် ကားပေါ်မှာ သူ့ရဲ့ ကုန်ဆုံးချိန်ဟာ 9 နာရီ အထိတောင် ရှိခဲ့ပေမယ့် ၊ လုံး၀ စိတ်ပျက်ခြင်း မရှိပဲ အစောပိုင်း နေ့ရက်တွေကို စတင် တည်ဆောက်ခဲ့ ပါတယ်။

အဲဒီ ကနေ တဆင့် ဘေဆယ် အသင်းဆီ ပြောင်းရွှေ့လာခဲ့ကာ ၊ ချဲဆီး ကနေ ထပ်မံ ခေါ်ယူလိုက်ချိန်မှာတော့ သူ့ရဲ့ နာမည်ကို တကမ္ဘာလုံးက စတင်သတိထားမိလာခဲ့ရင်းကနေ ဥရောပ ဘောလုံး စင်မြင့်ထက်ကို ချဉ်းနင်း ဝင်ရောက်လာခဲ့ပါတယ်။

မို ဆာလာ ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ က လီဗာပူး ကို ရောက်မှ စတင် ပေါ်ထွက်လာခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ လီဗာပူး ကစားသမား ဘ၀ –

ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး
တရာသီ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး
ပွဲအရေအတွက် ဆက်တိုက် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား
ပရီးမီးယားလိဂ် သွင်းဂိုး 100 ကို အမြန်ဆုံး သွင်းပြနိုင်တဲ့ ကစားသမား
ယူနိုက်တက် ဘက်ကို အဝေးကွင်း 3 ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမား
အာဖရိက ဘောလုံးသမားတွေ ထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား

စတဲ့ ဂုဏ်ပုဒ်ပေါင်း များစွာကို မရေတွက်နိုင်အောင် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ် ဘောလုံးရာသီ ရဲ့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား အဖြစ်တောင် အားလုံးက ဝိုင်းဝန်း သတ်မှတ်ပေးလျှက် ရှိနေကြပါတယ်။

ဒါကြောင့်လဲ အီဂျစ် အစိုးရဟာ သူတို့ နိုင်ငံကနေ မွေးထုတ်ပေးလိုက်တဲ့ ကမ္ဘာကျော် ဘောလုံးသမား တယောက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နောက်ထပ် မို ဆာလာ ပေါင်း များစွာ ပေါ်ပေါက်လာဖို့ အတွက် အခုလို အတန်း ပညာရေးတွေမှာ ထည့်သွင်း သင်ကြားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဆာလာ ဟာ ရဲ့ သူ့ရဲ့ ငွေကြေး ချမ်းသာ ကြွယ်ဝမှု နဲ့ ကျော်ဇော်မှုတွေ ကို လုံး၀ အစွန်းထင်ခံလေ့ရှိသူ မဟုတ်ပဲ ၊ လူငယ်တိုင်း အတွက် စံပြ ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။

အပျော်အပါး နဲ့ အသောက်အစား ကင်းတဲ့ အပြင် လူမှု ကူညီရေး လုပ်ငန်းတွေကိုပါ အားတက်သရော် ဆောင်ရွက်လျှက် ရှိသူပါ။ မွေးရပ်မြေ နာဂရစ် ဒေသမှာ ဆိုရင် ဆေးခန်းတွေ ၊ စာသင်ကျောင်းတွေ နဲ့ ကစားကွင်းတွေပါ တည်ဆောက်ပေးတဲ့ အပြင် ၊ အခါ အားလျော်စွာ ဒေသ ဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာလဲ ပါဝင် ကူညီပေးနေသူပါ။

ဒါကြောင့် မကြာခင်က အိမ်ရှေ့မင်းသား ဝီလီလျံ ကိုယ်တိုင် ဦးစီးကျင်းပခဲ့တဲ့ Green Earth ဆုပေးပွဲမှာ ဘောလုံး လောက ရဲ့ တဦးတည်းသော ဧည့်သည် အဖြစ် ဖိတ်ကြားခံခဲ့ရကာ ၊ ပင်လယ် သမုဒ္ဒရာ သန့်ရှင်းရေး ဆိုင်ရာ ဆုတဆုကိုပါ ကိုယ်တိုင် ချီးမြှင့်ပေးသွားခဲ့ ပါတယ်။

2021 ခုနှစ် ဟာ မို ဆာလာ အတွက်တော့ ကွင်းတွင်း ကွင်းပြင်ပ အောင်မြင်မှုတွေ နဲ့ ဝေဆာနေတဲ့ နှစ်တနှစ်လို့ပဲ ဆိုပါရစေဗျာ………

SPORTS MYANMAR