အီဂျစ်ကင်းရဲ့ ဟက်ထရစ်နဲ့ အိုးထရပ်ဖို့ဒ်မှာ မဟာပြိုင်ဘက်ကို ချေမှုန်းခဲ့တဲ့..မန်ယူနိုက်တက် ဝ-၅ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက အိုးထရပ်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ၅-၀ နဲ့ ဂိုးပြတ် ချေမှုန်းပစ်ခဲ့ပြီး ပရီးမီးယားလိဂ် title race မှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်ပြေးနေသလို အိုလီဂန်နာဆိုးရှားကိုလည်း ဖိအားတွေ များပြား စေခဲ့ပါတယ်။ လီဗာပူးဟာ ကီတာ ဂျိုတာ ဆာလား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ပထမပိုင်းမှာကတည်းက ၄-၀ နဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်း စပြီး ၅ မိနစ်မှာ ဆာလားက ဟက်ထရစ်မြောက်ဂိုးကို သွင်းယူခဲ့တာကြောင့် ပွဲဟာ စောစောစီးစီး ပြီးသွားခဲ့ပါတယ်။

ရော်နယ်ဒိုက ဂိုးသွင်းပေးခဲ့ပေမယ့်လည်း VAR က လူကျွံဘော အဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့သလို ပေါ့ဘာဟာ ပွဲချိန် မိနစ် ၆၀ မှာ ကီတာကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် အနီကတ် ထိခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးဟာ Training ဆင်းသလို ပွဲကို ကစားသွားခဲ့ပြီး အဖိုးတန် အနိုင် ၃ မှတ် ရယူခဲ့ပါတယ်။

 

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ယူနိုက်တက်တို့ ဘာတွေ မှားယွင်းနေသလဲ?
ဘယ်ကနေ စပြီး ပြောရမှန်း မသိလောက်အောင် ပါပဲ။ မန်ယူနိုက်တက်ရဲ့ အကြီးမားဆုံး ပြသနာဟာ ဘောလုံးမရှိချိန် pressing လုပ်မှု အားနည်းနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ လီဗာပူးရဲ့ လျှင်မြန်တဲ့ တွဲလုံးတွေ အောက်မှာ အကြိမ်ကြိမ် ကျရှုံးခဲ့ပြီး အစွန်ဘက်တွေမှာ overload တွေ ဖြစ်နေခဲ့ကာ အလက်ဇန်းဒါးအာနိုး ဆာလား ဂျိုတာ တို့က ယူနိုက်တက်ကို အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆာလားဟာ ပင်နယ်တီ ဧရိယာထဲမှာ နေရာလွတ်တွေ အချိန်တွေ များစွာ ရခဲ့ပြီး ပထမပိုင်း မပြီးခင် ၎င်းရဲ့ ဂိုးထောင့်ထဲကို သွင်းယူခဲ့တဲ့ ဂိုးက သက်သေပါပဲ။

သရဲနီတို့ဟာ လီဗာပူးကို ဘယ်နေရာမှ အသာစီး မရယူနိုင်ခဲ့ဘဲ ဘရူနိုဖာနန်ဒက်ဟာ ခြေမပေါ်ခဲ့သလို ကာတစ်ဂျုံးကို ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ ရော်နယ်ဒို ကလည်း ကံကောင်းလို့သာ အနီကတ် မထိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ရပ်ဖို့ဒ် ကလည်း poor game ဖြစ်ခဲ့ပြီး ဂရင်းဝုဒ် အစား လူစားဝင်လာခဲ့တဲ့ ပေါ့ဘာ ကနေ အစောကတည်းက အရည်အသွေးနဲ့ အာရုံစူးစိုက်မှုပိုင်း ပျက်ယွင်းနေတဲ့ ကွင်းလယ်ကို အခြေအနေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။

၂~မာတစ်နဲ့ ဂိုးမက်ဇ် တို့ကို ကျော်ကာ ပွဲကြီးပွဲကောင်းမှာ နေရာရခဲ့တဲ့ ကိုနာတေး
ဒီရာသီ ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ မာတစ်ကို ကျော်ကာ ကိုနာတေးကို ဒီလိုပွဲမှာ နေရာပေးမှုဟာ ကလော့အတွက် ကြီးမားတဲ့ စွန့်စားမှုပါပဲ။ ဒါပေမယ့် ကလော့ရဲ့ ဆုံးဖြတ်ချက်ကတော့ အတိုင်းထက်အလွန် မှန်ကန်ခဲ့ပါတယ်။ အိမ်ရှင်အသင်းရဲ့ ကစားပုံ ဆိုးရွားမှုကြောင့် ကလော့အနေနဲ့ သူ့မှာ ရှိတဲ့ ဘယ်ခံစစ်မှုးတွေကိုပဲ သုံးသုံး ပြသနာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဂိုးမက်ဇ်ကို ကျော်ကာ ကိုနာတေးကို နေရာပေးခဲ့မှု ကတော့ စိတ်ဝင်စားစရာ ပါပဲ။

ရပ်ဖို့ဒ်နဲ့ ရင်ဆိုင်နိုင်ဖို့ အတွက် ကိုနာတေးရဲ့ မြန်နှုန်းကို ယုံကြည်ပေးခဲ့တာ ဖြစ်နိုင်ပြီး ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်နဲ့ ရင်ဆိုင်ရာမှာ ကိုနာတေးရဲ့ အကြောက်အလန့် မရှိ ကစားဟန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလော့ရဲ့ စွန့်စားမှုဟာ ထင်ထားတာထက် အများကြီး အကျိုးဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးလောက် ကိုနာတေးကို ယုံကြည်မှု မြင့်မားသွားစေမယ့်ပွဲ မရှိနိုင်ပါဘူး။

၃~သရဲနီတို့ရဲ့ ခြေစွမ်းကို အနှစ်ချုပ် ဖြစ်စေခဲ့တဲ့ ပေါ့ဘာ
ဒီပွဲမှာ လီဗာပူးတို့အတွက် တစ်ခုတည်းသော စိတ်ပျက်စရာကတော့ ပေါ့ဘာကြောင့် နာဘီကီတာ ဒဏ်ရာရခဲ့မှုပဲ ဖြစ်ပါတယ်။ ကီတာဟာ ပုံစံကောင်း ရနေပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒဏ်ရာထပ်မံ ရခဲ့ပြန်ပါတယ်။ ပေါ့ဘာဟာ အစတုန်းက သူ့ရဲ့ challenge ကြောင့် အဝါကတ် ထိခဲ့ပေမယ့်လည်း VAR ကို ပြန်ကြည့်ပြီးနောက် ကွင်းလယ်ဒိုင်က အနီကတ် ပြသခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆုရှင်ဟာ ကွင်းထဲမှာ ၁၅ မိနစ်သာ ခံခဲ့ပြီး လီဗာပူးရဲ့ ၅ ဂိုးမြောက် သွင်းဂိုးကလည်း ပေါ့ဘာရဲ့ ဘောလုံး ဆုံးရှုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

 

အဆိုပါ ပွဲမှာ မီနာကလည်း ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့် လီဗာပူးဟာ ကွင်းလယ်ပိုင်းမှာ အင်အားနည်းမှုတွေ ရှိနေခဲ့ပြီး ကလော့ဟာ ဒီပွဲမှာ တီယာဂို နဲ့ ဖာဘင်ညို တို့ကိုလည်း လက်လွှတ်ထားခဲ့ရပါသေးတယ်။

၄~မာနေး အစား ဂျိုတာကို ပွဲထွက်ခွင့်ပေးခဲ့မှု
ပြီးခဲ့တဲ့ ရာသီက အိုးထရပ်ဖို့ဒ်မှာ အိမ်ရှင်ကို လေးဂိုး သွင်းယူခဲ့တဲ့ လီဗာပူးရဲ့ တိုက်စစ်ဟာ ဒီ Front three (ဂျိုတာ ဖာမီနို ဆာလား) ပဲ ဖြစ်ပါတယ်။ လူတော်တော်များများ မေ့နေလောက်မှာ ဖြစ်ပေမယ့် မာနေးဟာ အဆိုပါပွဲမှာ သူ့ကို ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခဲ့မှုကို ဒေါသထွက်ပြီး ပွဲအပြီးမှာ မန်နေဂျာကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ မဟာပြိုင်ဘက်ကို အနိုင်ယူကာ အနိုင် ၃ မှတ် ရခဲ့တာကြောင့် ဒီကိစ္စဟာ ရေးကြီးခွင်ကျယ် မဖြစ်ခဲ့ဘဲ လျှင်မြန်စွာ မေ့ပျောက်သွားခဲ့ကြပါတယ်။

ဒီပွဲရဲ့ လူစာရင်း ထွက်ပေါ်လာချိန်မှာလည်း ပုံစံကောင်းရနေတဲ့ မာနေးကို ချန်လှပ်ကာ ဂျိုတာကို ပွဲထုတ်ခဲ့တဲ့ အပေါ် အံ့သြမှုတွေ ရှိနေခဲ့ပါတယ်။ မာနေးဟာ နောက်ဆုံး PL 7 ပွဲမှာ ၅ ဂိုး သွင်းထားခဲ့သူ ဖြစ်ပြီး ဂျိုတာဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဖို့ဒ်ကို ၅-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အရန်ခုံမှာပဲ ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီစတားဟာ ကလော့ရဲ့ ပွဲထွက်ခွင့် ပေးမှုကို သူ့ရဲ့ သွင်းဂိုးနဲ့ ပြန်လည် ပေးဆပ်ခဲ့ကာ ဂျိုတာဟာ ယူနိုက်တက်နဲ့ ရင်ဆိုင်တဲ့အခါ ကလော့ရဲ့ Winning formula မှာ အဓိက အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။

၅~ကမ္ဘာ့အကောင်းဆုံး ပုံစံကို ဆက်လက်ပြသနေတဲ့ ဆာလား
လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ယူဆခံထားရတဲ့ ဆာလားဟာ ဒီပွဲမှာ ဟက်ထရစ်နဲ့ ဂိုးဖန်တီးမှုကို လုပ်ခဲ့ပြီး သတင်းခေါင်းကြီးတွေမှာ ထပ်မံ နေရာယူခဲ့ပါတယ်။ ဆာလားဟာ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို ဒီရာသီ လီဗာပူးအတွက် ၁၂ ပွဲမှာ ၁၅ ဂိုးထိ သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှုကလည်း ၅ ကြိမ်ထိ လုပ်ပေးခဲ့ပါသေးတယ်။ အီဂျစ်စတားရဲ့ အကောင်းဆုံး ပုံစံဟာ ဒီရာသီ ချဲလ်ဆီး မန်စီးတီး တို့နဲ့ အပြိုင် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးအတွက် အဓိက လက်နက်တစ်ခု ဖြစ်လာနိုင်တာ သေချာနေပါတယ်။

ဒီပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တဲ့ ဆာလားဟာ နောက်ထပ် စံချိန်ကောင်း တစ်ခု ရခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ချဲလ်ဆီး ဂန္တဝင် ဒရော့ဘာကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

၆~ဖိအား အတော် များသွားခဲ့ပြီဖြစ်တဲ့ ဆိုးရှား
ဒီပွဲမတိုင်မီကတည်းက နည်းပြရာထူးနဲ့ ပက်သက်ပြီး ဖိအားတွေ များနေခဲ့တဲ့ ဆိုးရှားဟာ လီဗာပူးကို ယခုလို ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်သွားခဲ့မှုကြောင့် ၎င်းရဲ့ အနာဂတ်ဟာ လာမည့် ရက်ပိုင်းတွေမှာ အတော့်ကို လှုပ်ခတ်နေတော့မှာ ဖြစ်ပါတယ်။ သရဲနီတို့ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ်တစ်ချို့မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ပြသနာတွေကို သွင်းဂိုးတွေနဲ့ ဖုံးအုပ်ပေးထားခဲ့လို့သာ ဒီလောက် အခြေအနေ မဆိုးခဲ့တာ ဖြစ်ပါတယ်။

မဟာပြိုင်ဘက် လီဗာပူးကို လွန်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက အန်ဖီးမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျိုဆေးမော်ရင်ညို နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး မနေ့ညက အိုးထရပ်ဖို့ဒ်က အရှက်ရဖွယ် ရှုံးပွဲကလည်း ဆိုးရှား အတွက် ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် သွားရတော့မှာ ဖြစ်ပါတယ်။

SPORTS MYNAMAR