အိုးထရပ်ဖို့ဒ်မှာ လီဗာပူးကို မန်ယူနိုက်တက်တို့ အနိုင်ရသွားနိုင်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက အတ္တလန်တာကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က မန်ချက်စတာယူနိုက်တက်ရဲ့ comeback ဟာ လီဗာပူးနဲ့ ပွဲစဉ်အတွက် ၎င်းတို့ကို ယုံကြည်မှုတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ထောက်ခံသွားပါတယ်။ သရဲနီတို့ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစားသွားရမှာ ဖြစ်ပြီး အတ္တလန်တာနဲ့ ချန်ပီယံလိဂ် ပွဲစဉ်က ဒုတိယပိုင်း ခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ ပထမပိုင်းမှာ အတ္တလန်တာကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ရပ်ဖို့ဒ် မက်ဂွိုင်းယား ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ လူတော်တော်များများကတော့ ယူနိုက်တက်ရဲ့ ပထမပိုင်း ခြေစွမ်းအပေါ် သံသယတွေ ရှိနေကြပေမယ့်လည်း ယူနိုက်တက်ရဲ့ ဒုတိယပိုင်း တိုက်ပွဲဝင်သွားမှုဟာ လီဗာပူး ဂန္တဝင် ကာရေဂါကို ပူပန်မှု တစ်ချို့ ပေးစွမ်းခဲ့ပါတယ်။

ကာရေဂါက “မန်ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ရမယ်လို့ ကျွန်တော် မြင်ကြည့်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဖြစ်အပျက်ကြောင့် ပါပဲ။ လီဗာပူးနဲ့ ပွဲစဉ်မှာ atmosphere က အရမ်းကောင်းနေမှာ ဖြစ်ပြီး အထူးသဖြင့် ပွဲအစပိုင်းမှာပါ။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်အတွင်း လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့အခါ ရလဒ်ကောင်းခဲ့တာ များပါတယ်။

လီဗာပူး ကတော့ အိုးထရပ်ဖို့ဒ်မှာ နိုင်ပွဲရဖို့ အရမ်းကို ခက်ခဲခဲ့တာကို မြင်တွေ့ခဲ့ရမှာပါ။ ဟိုးအရင်က ကြီးကြယ်တဲ့ လီဗာပူး အသင်းတွေတောင် ဒီလို ကြုံခဲ့ရပါတယ်။ အိုးထရပ်ဖို့ဒ်ဟာ လီဗာပူးတို့ အမြဲ ရုန်းကန်ရလေ့ ရှိတဲ့ ကွင်းတစ်ကွင်း ဖြစ်ခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ လက်ထက်မှာတောင် သူတို့ဟာ အဲဒီမှာ တစ်ကြိမ်ပဲ နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မန်ယူနိုက်တက်ရဲ့ အရည်အသွေး ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဒါဟာ လီဗာပူးအတွက် အမြဲတမ်း ခက်ခဲတဲ့ ပွဲစဉ် ပါပဲ။” လို့ ပြောလိုက်ပါတယ်။

လီဗာပူးဟာ ကြားရက်က အက်သလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရထားခဲ့တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အတူ မန်ယူနိုက်တက်ရဲ့ အထက် ၄ မှတ်အသာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ကလော့ရဲ့ အသင်းဟာ အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့ခြင်း မရှိပေမယ့် ကာရေဂါက သူ့ရဲ့ အသင်းဟောင်းဟာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေဆဲလို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “လီဗာပူးဟာ ပိုမို ကောင်းမွန်တဲ့ အသင်း အဖြစ်နဲ့ ဒီပွဲကို သွားရောက် ယှဉ်ပြိုင်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်တယ် ဆိုတာကို ဒီရာသီအစမှာကော ပြီးခဲ့တဲ့နှစ်ပိုင်းတွေကကော သက်သေပြထားခဲ့ပါတယ်။ အကယ်၍ လီဗာပူးတို့ ကောင်းကောင်း ကစားနိုင်ခဲ့မယ်ဆိုရင် ဒီပွဲကို အနိုင်ရဖို့ အတွက် လုံလောက်မှု ရှိပါတယ်။

ဒါပေမယ့် ဒီပွဲမှာ လီဗာပူးတို့ အနိုင်ရခဲ့မယ် ဆိုရင်တောင် ရလဒ်က အရမ်းကို ကျဉ်းမြောင်းနေမှာပါ။ မန်ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ဟာ အိုးထရပ်ဖို့ဒ်မှာ များသောအားဖြင့် ကောင်းကောင်း လုပ်ပြနိုင်လေ့ မရှိတဲ့ အသင်းကို ကွင်းလုံးပြည့် လာရောက် အားပေးမယ့် အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ရင်ဆိုင် ကစားသွားရမှာပါ။”

SM