အာဖရိကဖလားပြိုင်ပွဲမတိုင်မီ ဆာလား နဲ့ မာနေး တို့ကို အရေးကြီးပွဲစဉ် ၂ ပွဲမှာ ပါဝင်နိုင်အောင် ကြိုးပမ်းသွားတော့မယ် လီဗာပူး

အာဖရိကဖလားပြိုင်ပွဲ အတွက် မိုဟာမက်ဆာလား ၊ ဆာဒီယိုမာနေး နဲ့ နာဘီကီတာ တို့ကို လက်လွှတ်သွားရမယ့် လီဗာပူး အသင်းဟာ ၎င်းတို့ရဲ့ အဓိက ကြယ်ပွင့်တွေကို ကလပ်ရဲ့ ပွဲစဉ်တွေ တက်နိုင်သမျှ အနည်းဆုံး လွဲချော်စေဖို့ အတွက် ကြိုးပမ်းတဲ့ အနေနဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဓိက ကစားသမားတွေ ဒဏ်ရာပြသနာတွေ ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တောင် အသဲအသန် ကြိုးစားခဲ့ရပါတယ်။ ဒီရာသီမှာလည်း အဓိက ဆုဖလားတွေကို ပစ်မှတ်ထားနေတဲ့ လီဗာပူးဟာ အာဖရိကဖလား ကျင်းပသွားမယ့် ဇန်နဝါရီလမှာ သူ့ရဲ့ အဓိက ကစားသမားတွေကို ကာလတစ်ခုထိ လက်လွှတ်သွားရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ ကလော့ အတွက်တော့ အိမ်မက်ဆိုး ဖြစ်ပြီး သူ့ရဲ့ အဓိက တိုက်စစ်မှုး နှစ်ဦး ဖြစ်တဲ့ ဆီနီဂေါရဲ့ မာနေး ၊ အီဂျစ်ရဲ့ ဆာလား တို့အပြင် ကွင်းလယ်ပိုင်းက နာဘီကီတာ ကိုလည်း လက်လွှတ် ပေးသွားရမှာ ဖြစ်ပါတယ်။ အာဖရိကဖလား ပြိုင်ပွဲကို လာမည့်နှစ် ဇန်နဝါရီ ၉ ရက်နေ့ ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပြီး လက်ရှိ FIFA ရဲ့ စည်းမျဉ်းတွေ အရ ခြေစစ်ပွဲအောင်တဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးအပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နိုင်ငံအသင်းနဲ့ ပူးပေါင်းဖို့ စေလွှတ်ပေးရန် ကလပ်အသင်းတွေထံ တောင်းဆိုခွင့် ရှိနေပါတယ်။

လီဗာပူးဟာ ဒီကာလအတွင်း ပရီးမီးယားလိဂ် ၄ ပွဲ ၊ အက်ဖ်အေဖလား ပွဲစဉ် ၂ ပွဲ နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ၂ ပွဲ.. စုစုပေါင်း ၈ ပွဲ ကစားသွားရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဆီနီဂေါ အီဂျစ် ဂီနီယာ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတဲ့ ကလော့ဟာ ကစားသမားတွေကို ဇန်နဝါရီလမှသာ ခေါ်ယူပေးရန် ၎င်းတို့ကို လာမည့် နိုဝင်ဘာ နိုင်ငံတကာပွဲစဉ် ကာလအတွင်း စည်းရုံးသွားဖို့ ပြင်ဆင်နေပါတယ်။

ကလော့ရဲ့ အသင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လက်စတာကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ အရေးကြီး ပွဲစဉ်ကို ဇန်နဝါရီ ၂ ရက်နေ့မှာ ကစားသွားရမှာ ဖြစ်တာကြောင့် လီဗာပူးဟာ အဆိုပါ အရေးကြီး ပွဲစဉ် ၂ ပွဲ အတွက် ဆာလား နဲ့ မာနေး တို့ကို အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ လီဗာပူးဟာ သက်ဆိုင်ရာ နိုင်ငံတွေကို ချဲလ်ဆီးနဲ့ ပွဲစဉ်အပြီး စေလွှတ်နိုင်အောင် စည်းရုံးနိုင်ခဲ့မယ်ဆိုရင်တောင် မာနေး ဆာလား နဲ့ ကီတာ တို့ဟာ အာဖရိကဖလား အဖွင့်ပွဲစဉ် မတိုင်မီ တစ်ပတ် ပြင်ဆင်ခွင့် ရနေပါသေးတယ်။

AFCON ကို လာမည့် ဇန်နဝါရီလ ၉ ရက်နေ့မှာ အိမ်ရှင် ကင်မရွမ်း vs ဘူကီနီဖာဆို တို့ရဲ့ ပွဲစဉ် စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဆီနီဂေါ နဲ့ ဂီနီယာ တို့ကတော့ သူတို့ရဲ့ အဖွင့်ပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကစားသွားရမှာပါ။ အီဂျစ် ကတော့ နောက်ထပ် ၂ ရက် အကြာမှာ နိုင်ဂျီးရီးယား နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဖိုင်နယ် ပွဲစဉ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး အကယ်၍ အီဂျစ် ဆီနီဂေါ ဒါမှမဟုတ် ဂီနီယာ တို့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ် ဆိုရင် အဆိုပါ ဖိုင်နယ်ကို ဝင်ကစားသွားမယ့် လီဗာပူး ကစားသမားဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နဲ့ ၁၂ ရက်နေ့ တို့မှာ ကစားရမယ့် လက်စတာ ဘန်လေ တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ထပ်မံ လွဲချော်သွားဖို့ ရှိနေပါတယ်။ အီဂျစ် နဲ့ ဆီနီဂေါ တို့ဟာ လာမည့် အာဖရိဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်နေတာကြောင့် နည်းပြ ယာဂန်ကလော့ အတွက် ကတော့ မျက်ခုံးလှုပ်စရာ ဖြစ်ပါတယ်။

မာနေး နဲ့ ဆာလား တို့ လွဲချော်သွားဖို့ ရှိနေတဲ့ ပွဲစဉ်များ
ဒီဇင်ဘာ ၂၈ ရက် – ပရီးမီးယားလိဂ် – လက်စတာ (အဝေး)
ဇန်နဝါရီ ၂ ရက် – ပရီးမီးယားလိဂ် – ချဲလ်ဆီး (အဝေး)
ဇန်နဝါရီ ၃ ရက် – ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် (ပကျော့)
ဇန်နဝါရီ ၈ – အက်ဖ်အေ တတိယအဆင့်
ဇန်နဝါရီ ၁၀ ရက် – ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် (ဒုကျော့)
ဇန်နဝါရီ ၁၅ – ပရီးမီးယားလိဂ် – ဘရန့်ဖို့ဒ် (အိမ်)
ဇန်နဝါရီ ၂၂ – ပရီးမီးယားလိဂ် – ခရစ်စတယ်ပဲလေ့စ် (အဝေး)
ဖေဖော်ဝါရီ ၅ – အက်ဖ်အေ စတုတ္ထအဆင့်

SM