အာဆင်နယ် အသင်းဟာ သူ့ရဲ့ ထိပ်တန်း လက်စွမ်း နဲ့ ထိုက်တန်တဲ့ အသင်း မဟုတ်ခဲ့ဘူးလို့ ပြောလိုက်ပြန်တဲ့ မာတီနက်ဇ်

အက်စတွန်ဗီလာ အသင်း ဂိုးသမား မာတီနက်ဇ် ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၉) မှာ အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ မာတီနက်ဇ် ဟာ အဲ့ဒီပွဲမတိုင်မှီ အင်တာဗျူးမှာ အာဆင်နယ် အသင်းဟာ သူနဲ့ ထိပ်တန်း လက်စွမ်းနဲ့ ထိုက်တန်မှု မရှိခဲ့တဲ့ အသင်းလို့ ပြောလိုက်ပြန်ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် က ထွက်ခွာပြီး နောက်ပိုင်းမှာ အသင်းဟောင်း အကြောင်းကို မကြာခဏ ထုတ်ဖော် ပြောလေ့ရှိသူပါ ။ဒီတစ်ကြိမ်မှာလည်း မာတီနက်ဇ် က အာဆင်နယ် နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ ” ကျွန်တော် ထိပ်တန်း လက်စွမ်းပြသနေနိုင်ချိန်မှာ အာဆင်နယ် က ကျနော့်ကို ထိုက်တန်တဲ့ အသင်းမဟုတ်ဘူးလို့ ခံစားမိခဲ့ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကျနော့်အပေါ် ပြုမှု ဆက်ဆံပုံကြောင့်ပါ ။ ”

 

 

” ကျွန်တော်လိုအပ်တဲ့ ပွဲကစားခွင့် အာမခံချက် မပေးနိုင်တော့ ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့တာပါ ၊ သူတို့ဘက်က ကျွန်တော် ကစားခွင့် ရမှာ မဟုတ်ဘူးလို့တော့ မပြောပါဘူး ၊ ကျွန်တော် ကစားချင်တဲ့ ပွဲအရေအတွက်ကို ကစားခွင့်ပေးမယ်လို့ အာမခံချက် မပေးနိုင်ခဲ့တာပါ ။ ”

” ဒါကြောင့် ၁၀ နှစ်ကြာ ကစားခဲ့တဲ့ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာပါ ၊ တကယ်ခက်ခဲပါတယ် ၊ အာဆင်နယ်မှာ ပုံစံကောင်းရနေချိန် ဘာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သလဲ ဆိုတာ မိသားစုက နားမလည်ကြပါဘူး ၊ ဒါပေမယ့် ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပါ ၊ ခုလို ဆုံးဖြတ်ချက် ချနိုင်ခဲဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ် ။ ”

” အလောင်းအစား ဆန်ဆန် လုပ်လိုက်ရတာပါပဲ ၊ ကျွန်တော် ခံယူထားတာက comfort zone ထဲမှာပဲ နေနေရင် ဘဝမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုတာပါ ၊ ဒါကြောင့် ကစားသမား ဘဝ တစ်ဆင့် မြင့်စေဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မာတီနက်ဇ် ဟာ ၂၀၁၀ ခုနှစ်မှာ အာဆင်နယ် လူငယ် အသင်းကို ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ်မှာ အသင်း နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့သူပါ ။ မာတီနက်ဇ် ဟာ ကစားသမား ဘဝ တစ်လျှောက် အောက်စ်ဖိုဒ့် ယူနိုက်တက် ၊ ရှက်ဖီးဝက်နက်စဒေး ၊ ရိုသာဟန် ယူနိုက်တက် ၊ ဝုလ်ဗာဟမ်တန် ၊ ဂီတာဖေး ၊ ရီးဒင်း အသင်းတွေမှာသာ အငှား ထွက်ကစားခဲ့ရပါတယ် ။

အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီနက်ဇ် ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကုန်ခါနီးမှာ လီနို ဒဏ်ရာ ရရှိသွားတဲ့ အချိန် အာဆင်နယ် အတွက် ပွဲထွက်ကစားခွင့် ရလာခဲ့ပြီး သူ့ရဲ့ ၁၀ နှစ်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကို အက်ဖ်အေဖလား ကိုင်မြှောက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘ​ဝ ရှေ့ရေးအတွက် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မယ့် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ် ။

မာတီနက်ဇ် ဟာ အာဆင်နယ် အသင်းကနေ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ၊ လေးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနား ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်ပါတယ် ။

 

အက်စတွန်ဗီလာ အသင်းမှာ မာတီနက်ဇ် ဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်တာကြောင့် နိုင်ငံ လက်ရွေးစင် အသင်းထံ ခေါ်ယူ ခံခဲ့ရပါတယ် ။ မာတီနက်ဇ် ဟာ အာဂျင်တီးနား အသင်းအတွက် ပထမဆုံး ပွဲထွက် ကစားခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာတင် ပင်နယ်တီတွေကာကွယ်ပြီး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

SM