အာဆင်နယ်ကို ကယ်တင်ခဲ့တဲ့ လာကာဇက် ၊ အာဆင်နယ် ၂-၂ ခရစ္စတယ်ပဲလေစ့် ပွဲမှ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာများ

ပရီးမီးယားလိဂ် ပွဲစဉ်(၈) ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ယနေ့ နံနက်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာတော့ လာကာဇက် ရဲ့နောက်ကျဂိုးကြောင့် အာဆင်နယ် နဲ့ ခရစ္စတယ်ပဲလေစ့် အသင်းဟာ တစ်ဖက် ၂ ဂိုးစီ နဲ့ သရေ ရလဒ် ထွက်ပေါ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဦးဆောင်ဂိုး စတင် ရရှိ ခဲ့တာ ဖြစ်ပြီး ပွဲအစ ၈ မိနစ်မှာ အသင်း ခေါင်းတိုက်စစ်မှူး အော်ဘာမီယန်း က ပေပေရဲ့ ကန်ချက် ပြန်ထွက်လာတာကို ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ ခရစ္စတယ်ပဲလေစ့် အသင်းရဲ့ဂိုးတွေကတော့ အာဆင်နယ် အသင်းကွင်းလယ်လူ ၂ ဦးရဲ့ အမှားကနေ ခွင့်​ပြု လိုက်ရတာ ဖြစ်ပြီး ဘန်တီကီ ၊ အက်ဒွါပ် တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

ပွဲပြီးခါနီး နောက်ဆုံး နာကျင်အချိန်ပို မိနစ်မှာမှ အာဆင်နယ် အသင်းရဲ့ လူစားဝင် တိုက်စစ်မှူး လာကာဇက် ဟာ ဂန်းနားတို့ အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ သရေပွဲကြောင့် အာဆင်နယ် အသင်းဟာ အဆင့် တစ်ဆင့် တက်လာခဲ့ပြီး ပဲလေစ့် ကတော့ အဆင့် ၁၄ မှာပဲ ဆက်လက် ရပ်တည်နေပါတယ် ။

အာဆင်နယ် ၂-၂ ခရစ္စတယ်ပဲလေစ့် ပွဲမှ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ် ။

၁ ။ ဗီအဲရာ ရဲ့ အိမ်ပြန်ခရီး

အာဆင်နယ် အသင်းမှာ ကိုးနှစ်ကြာ ကစားခဲ့ဖူးတဲ့ ခရစ္စတယ်ပဲလေစ့် အသင်း နည်းပြ ဗီအဲရာ ကွင်းထဲဝင်လာချိန်မှာ ဂန်းနား ပရိသတ်တွေဟာ သောင်းသောင်းဖြဖြ လက်ခုပ်တီး ကြိုဆို ခဲ့ကြပါတယ် ။

 

၂ ။ ပါတေး ရဲ့ အာဆင်နယ် ကစားသမားဘဝ အဆိုးရွားဆုံးပွဲ

နိုင်ငံ အသင်းမှာ ဂိုးတွေ သွင်းပြနေတာကြောင့် ပါ​တေး တစ်ယောက် ဒီတစ်ပတ်တော့ ဂိုးပေါက်တွေ့ပြီလို့ ပရိသတ်တွေက မျှော်လင့် နေကြတာပါ ။ တကယ်တမ်း ကစားရမှာတော့ ပါတေး တစ်ယောက် ကွင်းလယ်မှာ အတော်လေး ရုန်းကန် ခဲ့ရပီး ပဲလေစ့် ရဲ့ချေပဂိုးဟာလည်း သူ့ရဲ့အမှားကနေ ခွင့်ပြု လိုက်ရတာပါ ။

သူ့ရဲ့အဝေးကန်ချက်တွေဟာလည်း ထိရောက်မှု နည်းပါး နေဆဲ ဖြစ်ပြီး ရှာကာ မပါတဲ့ ကွင်းလယ်ဟာ ပါတေး အတွက် ကစားရ ခက်ခဲတာ အမှန်ပါပဲ ။ ဒီနေ့ပွဲမှာ ပါတေး-အိုဒီဂွါဒ်-စမစ်ရို ကွင်းလယ်အတွဲဟာ ပုံစံကောင်းပျောက်နေပီး အိုဒီဂွါဒ်ကလည်း ခြေစွမ်း ဆိုးရွား ခဲ့ပါတယ် ။

အာတီတာ ဟာ ဒုတိယပိုင်းမှာ ဒဏ်ရာ ရသွားတဲ့ ဆာကာ အစား လိုကွန်ဂါ ကို ထည့်သွင်း ခဲ့ပေမယ့် ဘယ်ဂျီယံသားဟာလည်း ပါတေး လိုပဲ အမှားကျူးလွန်မိပြီး ဂိုးထပ်မံ ခွင့်ပြု လိုက်ရပြန်ပါတယ် ။

၃ ။ မက်အာသာ အနီကဒ် မပြခံရမှု

ပထမပိုင်း ပြီးခါနီးမှာ မက်အာသာ ဟာ ဆာကာ ကို အနောက်ကနေ ဖြတ်ကန်ခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ဒင်းကတော့ အံ့အားသင့်ဖွယ် အဝါကဒ်ပဲ ပြသ ခဲ့ပါတယ် ။ မက်အာသာ ရဲ့ကန်ချက်ဟာ ကျိန်းသေပေါက် အနီကဒ်ပြရမယ့် အနေအထားဖြစ်တယ်လို့ပရိသတ်တွေက ယူဆခဲ့ကြပြီး မိုက်ဒင်း ကို အကြီးအကျယ် ဝေဖန် ပြစ်တင် နေကြပါတယ် ။

မိုက်ဒင်းဟာ ပွဲချိန်အတွင်းမှာလည်း ပြစ်ဒဏ်ဘော အချို့ကို လစ်လျူရှု ခဲ့ပြီး ပွဲကို ဆက်လက် ကစားစေခဲ့ပါသေးတယ် ။

၄ ။ အော်ဘာ-လာကာ ကို ချီးကျူးရမယ့်ပွဲ

စာချုပ်သစ် ချုပ်ဆိုပြီးကတည်းက အာဆင်နယ် အတွက် ပေးဆပ် ကစားမှု အားနည်းသွားတယ်လို့ ဝေဖန် ခံနေရတဲ့ အော်ဘာ ဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို ပြေးပြေးလွှားလွှား ကစားခဲ့ပြီး နောက်အထိ ဆင်းကာ ဘောလုံး ရယူ ဖျက်ထုတ်မှုတွေ လုပ်ပေးခဲ့ပါတယ် ။

ဒီရာသီ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားခွင့် သိပ်မရပေမယ့် လာကာဇက် ကတော့ ကစားခွင့်ရတဲ့ အချိန်လေးမှာ အားမာန်အပြည့်နဲ့ ကစားပေးနေဆဲ ဖြစ်ပြီး ဒီကနေ့မှာတော့ အသင်းအတွက် အဖိုးတန် ချေပဂိုးကိုပါ သွင်းယူ ပေးခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းအနေနဲ့ ရာသီကုန်ရင် စာချုပ် သက်တမ်းကုန်မယ့် လာကာဇက်ကို စာချုပ်သစ် ချုပ်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။

SM