အတ္တလန္တာနဲ့ ပွဲမှာ ဘယ်သူတွေ ပါဝင်နိုင်မလဲ ၊ ဘယ်သူတွေ မပါဝင်နိုင်ဘူးလဲဆိုတာနဲ့ ပတ်သက်လို့ သတင်းဆိုး ၊ သတင်းကောင်းတွေကို ပြောပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 1 နာရီခွဲ အချိန်မှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ် 3 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အီတလီ စီးရီးအေ ရဲ့ အသင်းကောင်း တစ်သင်းဖြစ်တဲ့ အတ္တလန္တာ အသင်းကို ဧည့်ခံ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ် ။

ဒါဟာ နိုင်ငံ့ပွဲစဥ်တွေအပြီး ရင်ဆိုင်ကစားခဲ့ရတဲ့ လက်စတာ စီးတီးနဲ့ ပရီးမီးယားလိဂ် ပထမဆုံး ပွဲစဥ်မှာ 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်် နဲ့ ဆိုးလ်ရှား အတွက် မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ််တဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အထုတ်ခံရဖို့ သတင်းတွေ ကျယ်လောင်လာခဲ့ပြီ ဖြစ်သလို ယူနိုက်တက် ကစားသမားတွေလည်း ခြေစွမ်းကောင်း ပြသပြီး ကစားပေးနိုင်စွမ်းမရှိခဲ့မှုတွေကြောင့် ဝေဖန်ခံရမှုတွေအောက် ကျရောက်နေခဲ့ကြပါပြီ ။

အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင် ကစားရမဲ့ ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ်ဟာ အသင်းနဲ့ လေ့ကျင့်နေပြီ ဖြစ်ပေမဲ့ ပွဲစဥ်မှာ ပါဝင်နိုင်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ဒဏ်ရာ ရရှိနေတဲ့ ဗာရန်း ပါဝင်ဦးမှာ မဟုတ်ပေမဲ့ အနှုတ်လက္ခဏာဆောင်တဲ့ တုန့်ပြန်မှု တစ်စုံတရာ မပေးခဲ့တဲ့ မက်ဂွားယား ၊ နားရက်တွေ ပြန်လည် ပိုင်ဆိုင်ခဲ့ကြပြီး အင်အားပြည့်ဝနေပြီ ဖြစ်တဲ့ ဖရက်ဒ် နဲ့ ကာဗာနီ တို့ဟာ အသင်းအတွက် ပါဝင်လာလိမ့်မယ်လို့ ဆိုးလ်ရှားက သတင်းကောင်း ပေးခဲ့လိုက်ပါတယ် ။

” အန်သိုနီ (မာရှယ်) ဟာ ဒီနေ့တော့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပြန်လည် ပူးပေါင်းနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အသင်းအတွက် ပါဝင်ကစားပေးသွားနိုင်ဖို့ အထိတော့ သူဟာ ကြံ့ခိုင်မှု လုံလောက်စွာ ကောင်းမွန်ခြင်း မရှိခဲ့သေးပါဘူး “

” ဟယ်ရီ (မက်ဂွားယား) ကတော့ အနှုတ်လက္ခဏာတွေ ဆောင်ကျဥ်းတဲ့ ဘယ်လို တုန့်ပြန်မှုမှ မပေးခဲ့ပါဘူး ။ အဲ့ဒီတော့ သူလည်း ok ပါတယ် ။ ကျွန်တော်တို့ဟာ စနေ​နေ့က ဒဏ်ရာ ရရှိသူ မရှိခဲ့တဲ့အတွက် ဒီတစ်ပါတ် လူတွေကို ဆုံးရှုံးသွားဖို့ ရှိမနေပါဘူး “

” ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကစားသမား အင်အား အပြည့်အစုံ နီးပါးပဲလို့ ဆိုလို့ ရနိုင်ပါတယ် ။ ရာဖေးလ် (ဗာရန်း) က အခုထိ ကျွန်တော်တို့နဲ့ မပူးပေါင်းနိုင်သေးပါဘူး ။ ဒါပေမဲ့ ဖရက်ဒ် နဲ့ အီဒင်ဆန် (ကာဗာနီ) တို့က အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပါပြီ ။ ဒါဟာ ကျွန်တော်တို့အတွက်် ကောင်းလှပါတယ် ” လို့ ဆိုးလ်ရှားက ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ် အုပ်စုပွဲ နှစ်ပွဲ ကစားပြီးချိန်မှာတော့ ယန်းဘွိုင်းအသင်းကို 2 – 1 နဲ့ရှုံး ၊ ဗီလာ ရီးယဲ အသင်းကို 2 – 1 နဲ့ အနိုင် ကစားခဲ့ကာ အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရမှတ် 3 မှတ်နဲ့ ရပ်တည် နေတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar